ကလေးငယ် ရိုက်နှက်မှု ၂ ခု ဖြစ်ပွား

0
377

မြိတ်မြို့တွင် ယခုတစ်ပတ်အတွင်း ကလေးငယ်များအား ရိုက်နှက်မှု ၂ ခုဖြစ်ပွားခဲ့ရကြောင်း ယင်းမြို့နယ်ရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။


ဖေဖော်ဝါရီလ ၁၇ ရက်က ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု မကျည်းကုန်းရွာနေ အသက် ၁၁ နှစ်ရှိ မိန်းကလေးငယ် မစိုးနှင်းဝေကို ဒေါ်စန်းမူဆိုသူက တံမြက်စည်း၊ ပလပ် စတစ်ခုံ တို့ဖြင့် ရိုက်နှက်ခဲ့သဖြင့် နောက်ကျောတွင် အစင်းရာတစ်ချက်၊ ယာဘက် နားထင်ညိုမဲ ဒဏ်ရာ တစ်ချက်နှင့် ဝဲဘက် လမ်းမောင်း အစင်းရာတစ်ချက် ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါရဲစခန်းမှ သိရသည်။
နားကပ်ပျောက်ဆုံးပြီး ခိုးယူထားသည်ကို ပြန်တောင်းရာ မပေးသဖြင့် ဒေါသထွက်ပြီး ရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စန်းမူက ပြောပြသည်။
” ပစ္စည်းခိုးပြီးထွက်ပြေးတာ ပေးမယ်ဆိုတာလဲ မပေးဘူး မြေကြီးမှာတူးလိုက် ခေါင်းရင်းမှာ တူးလိုက်နဲ့ ဒေါသဖြစ်လာတာပေါ့ ” ဟု ဒေါ်စန်းမူက ပြောသည်။အဆိုပါ မိန်းကလေးငယ်အား  နာကျင်အောင်ရိုက်နှက်ခဲ့သည့် ဒေါ်စန်းမူဆိုသူကို မြိတ်မြို့နယ် ရဲ စခန်းက ကလေးသူငယ်များ ဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ ၁၇ ရက်တွင် မြိတ်မြို့ နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

 
ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက် မနက်ပိုင်းအချိန်က ရေပုန်းနယ်မြေ အတွင်းရေပုန်းရပ်ကွက်တွင် အသက် ၈ နှစ်ရှိ ပထမတန်း ကျောင်းသားတစ်ဦးက နေအိမ်အတွင်း ပစ္စည်းများဝင်ရောက် ခိုးယူမိသဖြင့် အိမ်ရှင်၏သားဖြစ်သူ န၀မတန်းကျောင်းသားက အရှည် ၂ ပေခန့်ရှိ သံတုတ်ဖြင့် ဦးခေါင်းအား ပြင်းထန်စွာ ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူး ဦးလှသိန်းထံမှ သိရသည်။

 
ရိုက်နှက်ခံထားရသည့် ပထမတန်းကျောင်းသား၏ ဦးခေါင်းတွင် ချုပ်ချက်များဖြင့် မြိတ်ဆေး ရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ကလေးမိခင်ဖြစ်သူထံမှ သိရသည်။သံတုတ်ဖြင့် ဦးခေါင်းအား ပြင်းထန်စွာ ရိုက်နှက်မှုဖြစ်စဉ်တွင် ရိုက်နှက်သူဘက်မှ ကလေး ငယ်၏ ဆေးကုသမှုစရိတ်ကို တာဝန်ယူမှုဖြင့် နှစ်ဦးနှစ်ဖက် ကြေအေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးလှသိန်းက ပြောပြသည်။