ထားဝယ်တွင် အနံ့ဆိုးထွက် စက်ရုံ အလုပ်ရုံများ စည်ပင်နှင့် အုပ်ချုပ်ရေး ပေါင်းစစ်မည်

0
650

အနံ့ဆိုးထွက်သည့် စက်ရုံ၊ အလုပ် ရုံများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း စစ်ဆေးသွား မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။


စက်ရုံ အလုပ်ရုံများကို ပတ်ဝန်း ကျင်ကို အနှောင့်အယှက်မဖြစ်ရန် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း များနှင့် လိုင်စင်ထုတ်ပေးထားပြီး အနံ့ ဆိုးထွက်စက်ရုံ၊ အလုပ်ရုံများကို လုပ် ငန်း ရပ်နားခိုင်းသည်အထိ အရေးယူ နိုင်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ထားဝယ်မြို့ ဝဲကျွန်းထိန်သစ် ရပ်ကွက်၊ ညောင်ရမ်းရပ်ရှိ(ဂေါက်ကွင်း အနောက်ဘက်လမ်း) ငါးအအေးခန်း စက်ရုံနှင့် ရော်ဘာစက်ရုံ စုစုပေါင်း ၄ ခု ခန့်ရှိနေပြီး ရပ်ကွက်နေပြည်သူများက အနံ့အသက်များ ဆိုးရွားစွာ နံနေသည် ဟု ပြောကြောင်း ဝဲကျွန်းထိန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က ပြောသည်။

 
ငါးအအေးခန်းစက်ရုံမှ လွှတ်ချ လိုက်သည့် ငါးရည်များကြောင့် ငါးပုပ် အနံ့နံခြင်းကို အိမ်ခြေ ၂၀ ခန့် ခံစားနေ ရကြောင်း ယင်းနေရာတွင် နေထိုင်သည့် ဦးဝင်းကျော်က ဆိုသည်။ယင်းအပြင် ရာဘာစက်ရုံများက ထွက်လာသည့် ကော်နံ့မှာ ပတ်ဝန်း ကျင်သို့ ၃ ဖာလုံခန့်အထိ ပျံ့နှံ့ သွားပြီး ပတ်ဝန်းကျင်တွင် နေထိုင်သူများ ကျန်း မာရေးအတွက် စိုးရိမ်နေရကြောင်း ဦးဝင်းကျော်က ပြောသည်။
” ရှဥ့်လည်းလျှောက်သာ၊ ပျား လည်းစွဲသာတဲ့ အခြေအနေမျိုးကို လိုချင် တယ်”  ဟု ဦးဝင်းကျော်က ပြောသည်။

 
ယင်းနေရာတစ်ဝိုက်တွင် တရား စခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း များနှင့် လူနေအိမ်များစွာရှိကြောင်း ၎င်းက ဆိုသည်။
” အဖွဲ့တွေနဲ့ကွင်းဆင်းပြီးတော့ အဖြေထုတ်မှာပေါ့” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလင်းသန့်က ပြောသည်။
မြို့နယ်အတွင်းရှိ သတ်မှတ်စည်း ကမ်းချက်နှင့် မညီသည့် စက်ရုံ၊ အလုပ် ရုံများကို သက်ဆိုင်ရာ စည်ပင်သာယာ ရေးအဖွဲ့နှင့် ပူးပေါင်းကာ စိစစ်ကြပ် မတ်သွား မည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

 
ထားဝယ်မြို့ပေါ် ရပ်ကွက် အချို့ တွင် အနံ့ဆိုးထွက်နေသည့် စက်ရုံ၊ အလုပ်ရုံများအပြင် လူနေအိမ်များ အကြားတွင် ဆောက်လုပ် မွေးမြူထား သည့် ကြက်မွေးမြူရေး ခြံများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။