2017 ဂျိုးဖြူ ငှက် နှင့် အိပ်မက်များ

0
1295

၂၀၁၆ ခုနှစ်ကို လက်ပြနှုတ်ဆက်ကာ ၂၀၁၇ နှစ်သစ်သို့ ရောက်လေပြီ။
နှစ်သစ်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏       အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ဗဟိုဌာန (NRPC)ဖွင့်ပွဲနှင့် စတင်သည်။


ယင်းကို ကြည့်ပြီး လက်ရှိ အစိုးရ သည် နှစ်သစ်ကစ ငြိမ်းချမ်းရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးထား ဦးစားပေးဆောင်ရွက်ကာ တိုင်းပြည် အနာဂတ်ကို ထုဆစ် အကောင် အထည် ဖော်ချင်ပုံရသည်ဟု ယူဆမိ သည်။
အနှစ် ၇၀ နီးပါး ကြာမြင့်ပြီဖြစ်သော ပြည်တွင်းစစ်မီးကြောင့် တိုင်းပြည်မှာ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ် ဖြစ်ခဲ့ရ သည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်း ဝင်သည်ပင် နှစ်အတော်ကြာပေပြီ။ တိုင်း ပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး အခြေအနေ အစစ အရာရာသည် တိုင်းပြည် ပြည်တွင်းစစ်နှင့် တိုက်ရိုက် တနည်း၊  သွယ်ဝိုက်တဖုံ ဆက်စပ်နေ ပေသည်။

 
ပြည်တွင်းစစ်ဖြစ်နေသော တိုင်းရင်း သား ပြည်နယ်များတွင် နေရပ် စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခတိုးလာပြီး ဆင်းရဲ မွဲတေမှု မြင့်မားလာ၏။  ထို့အတူ သွယ်ဝိုက်သောအားဖြင့် စစ်မဖြစ်သော ဒေသများရှိ ပြည်သူလူထုမှာလည်း…စစ်၏ ဒဏ်ကို ခံနေရပေသည်။
တိုင်းပြည်၏ ဘဏ္ဍာငွေများကို စစ်အသုံးစရိတ်တွင် ပိုသုံးနေရခြင်း ကြောင့် တစ်နိုင်ငံလုံး၏ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များ နည်းပါး သွားရခြင်း စသည်ကြောင့် တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မှုများ အဟောသိကံ ဖြစ်ရခြင်းနှင့် ဆက်စပ်နေ ပေသည်။

 
ပြည်တွင်းစစ် ရှည်ကြာခြင်းက  တရားဥပဒေ စိုးမိုးရေး အဂတိတရား လျော့ပါးရေး စသော ကဏ္ဍများတွင် အားနည်းစေကာ အကျင့်ပျက် စီးပွားရေး သမားများ၊ လက်သင့်ရာ စားတော် ခေါ်ခြင်းများကြောင့် တိုင်းပြည်၏ သယံဇာတများ လုံးပါးပါးရ၏။
နယ်စပ်များတွင် စစ်ဖြစ်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေး (ဥပမာ-၂၀၁၆ နိုဝင်ဘာက ဖြစ်ပွားခဲ့သော မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ် ရေးဇုန် တိုက်ခိုက်ခံရမှု)ကာ နိုင်ငံ၏စီးပွားရေးကို တိုက်ရိုက် ထိခိုက်စေ သည်။

 
ပြည်တွင်းစစ်ကြောင့် တိုင်းပြည်၌ ဖွံ့ဖြိုးမှု နောက်ကျကာ စီးပွားရေး အလုပ် အကိုင်အခွင့်အလမ်း နည်းပါး၍ ပြည်ပ နိုင်ငံများတွင် စီးပွားထွက်ရှာသော လုပ် သားများလည်း များလာစေပါသည်။ သို့နှင့် တိုင်းတပါးတွင် အန္တရာယ်များ သော၊ ညစ်ပတ်နိမ့်ကျသော အလုပ်များ တွင် လုပ်ကိုင်ရသည့် အလုပ်သမား များအဖြစ်  ခရီးဆက်နေရသော ရွှေ့ ပြောင်းလုပ်သား ရွှေမြန်မာများ သန်းချီ ပြီး ရှိနေကြသည်။

 
ပြည်တွင်းစစ် ရှည်ကြာခြင်း၏ နောက်ခံသမိုင်းကို ပြန်ကြည့်သော် လက်နက်ကိုင် အဖွဲ့များ၏ လူမျိုးရေး၊ တန်းတူအခွင့်အရေး၊ နိုင်ငံရေး ဦးတည် ချက်များ ရည်မှန်းချက်များ မတူညီခြင်း က စသည်ဟု ဆိုရပေမည်။မည်သို့ဆိုစေ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်၏ အတိတ်၌ မွကြေခဲ့ပြီးပြီ။ ပစ္စက္ခကာလသည်လည်း ဖွံ့ဖြိုးမှု နောက် ကျနေလေသည်။ထို့ကြောင့် ၂၀၁၆ တွင် အစိုးရသစ် တာဝန်ယူပြီးနောက် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်၏  ပထမဦးစားပေး လုပ် ဆောင်ချက်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များကို ဦးစားပေးတာ တွေ့ရ၏။

 
အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း ဗဟိုဌာန (NRPC)ကို ၂၀၁၆ ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ကာ ငြိမ်းချမ်းရေး ခရီးကို စိုင်းပြင်းခဲ့တာ မြင်ရပေသည်။
၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး ပထမခြေလှမ်းအဖြစ် အစ ပျိုးခဲ့သည်။ယခု ၂၀၁၇ ဇန်နဝါရီလ ၁ တွင်လည်း NRPC ဖွင့်ပွဲ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ အောင်မြင် မည်ဆိုသည်ကို ယုံကြည်ပြီးသား ဖြစ် ကြောင်း၊ မည်မျှအချိန်ယူ ရမည်ကိုသာ မသိခြင်းဖြစ်ကြောင်း၊ မချိန် မဆွဲသင့် တော့ဟု ထင်ကြောင်းပြောသည်။
ယခင်နှစ် ပင်လုံညီလာခံကို စ လုပ်စဉ်ကလည်း အချို့က စောသေး သည်၊ အချိန်နည်းနည်းပေးပါဟု ပြောကြကြောင်း၊ သူ့အနေဖြင့် မစော တော့၊ နောက်တောင်ကျနေပြီဖြစ်၍ တစ် ရက် နောက်ကျလျှင်တောင် နောက် ကျလွန်းနေပြီဟုပြောပြီး ဖြစ်မြောက်  အောင်လုပ်ခဲ့ကြောင်း ဆိုသွားပါသည်။

 
ငြိမ်းချမ်းရေးကို အခက်အခဲတွေ့ စေနိုင်သည့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင်း ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ( KIA , TNLA , MNDAA , AA  )၏ တပ်မတော်ကို ထိုးစစ်ဆင်မှုများ၊ တပ်မတော်မှ KIA ၏ ဂီဒွန် စခန်းနှင့်လိုင်ဖောင်စခန်းသိမ်း တိုက်ပွဲများက ၂၀၁၇ကို ဆီးကြိုနေသည်။

 
တစ်ဆက်တည်းမှာပင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြန်မာပြည်အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သော ” ၀ ” အဖွဲ့များနှင့် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။
မည်သို့ဆိုစေ ပဋိပက္ခများသည် လက်နက်ကိုင် ဖြေရှင်းနည်းဖြင့် မပြီး၊ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး အဖြေ ရှာခြင်းဖြင့်သာ ပြီးမြောက်နိုင်မည်ဖြစ် သည်။

 
လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပရမည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီ ချက် ဃြဗ စာချုပ်တွင် လက်မှတ် မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အများစုပါဝင်သော တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတစ်ခု ဖြစ်သည့် UNFC နှင့်ဆက်ဆံရေး တိုးတက်ဖို့ရာသည် အစိုးရအနေဖြင့် ကြိုးပမ်းရမည်ပင်။
ထို့အတူ ပါဝင်ပတ်သက်သူ ခေါင်း ဆောင်များအနေဖြင့်လည်း တိုင်းရင်း သား ပြည်သူအများ လိုလားတောင့်တ သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ဖို့ကိုသာ မျက်နှာမူပြီး ပူးပေါင်းဆွေးနွေး အဖြေရှာကြရန် မျှော် လင့်ရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကလည်း ၂၀၁၇ ဇန်နဝါရီ ၄ ၌ တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်း အနားတွင် ဤသို့ဆိုခဲ့၏။

 
” တပ်မတော်အနေဖြင့် တိုင်းရင်း သား အချင်းချင်း ထိခိုက်သေကြေပျက် စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် ပြည် တွင်း လက်နက်ကိုင်များကို ဖြေရှင်းရာ တွင် စစ်ရေးနည်းလမ်းထက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ခေတ်အဆက်ဆက် တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ရေးဆိုသည်မှာ မိမိ အသက်ခန္ဓာနှင့် ရင်းပြီး တိုက်ခိုက်ရခြင်းဖြစ်သည့်အတွက် မိမိတို့ တပ်မတော်သားများအနေဖြင့် ငြိမ်းချမ်းရေးကို အလိုလား ဆုံးဖြစ် ကြောင်းကို ရိုးသားစွာ ထုတ်ဖော် ပြော ကြားခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် လည်း တပ်မတော်သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း စဉ်များတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း”  ပြောကြား သွားပါသည်။

 
ဆက်လက်ပြီး NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU (ကရင် အမျိုးသား အစည်းအရုံး)မှ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ” ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ အတူတကွ ပူးပေါင်းဆောင်ရွက် ဆွေးနွေးပြီး အများက လက်ခံတဲ့ အဖြေ တစ်ခုကို ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လာမည့် ၂၀၁၇ ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ အကောင်အထည် ဖော်နိုင်တဲ့နှစ်၊ ငြိမ်းချမ်းရေးအတွက် ထပ်မံရောက်ရှိမယ့်နှစ်လို့ ကျွန်တော် မျှော်မှန်းရင်းနဲ့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်” ဟု ဆိုထားပါသည်။

 
ဆိုရလျှင် လက်ရှိအစိုးရ၏ ဦး ဆောင်သူ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ၊ တပ်မတော် မှ  ဦးဆောင်သူ၊ တိုင်းရင်းသားများမှ ခေါင်းဆောင်သူတို့သည် ငြိမ်းချမ်းရေး ဆိုသော တူညီသည့် ဆုံမှတ်တစ်ခုတွင် ရောက်နေပြီဟု ဆိုရပေမည်။
ပဋိပက္ခ၏ အကြောင်းတည်းဟူ သော ပင်မသဏ္ဌာန်ကို ကိုယ်စီကိုယ်စီ ရှာဖွေနိုင်ကာ အမြန်ဆုံး  အဖြေထုတ် နိုင်ဖို့ရာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက လိုလားနေကြသည်ဟု ယုံကြည်ပါသည်။သန်း ၅၀သော ပြည်သူတို့၏ အိပ်မက်သည် ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေးပင်။

 
ထိုငြိမ်းချမ်းရေးသည် တိုင်းပြည် အနာဂတ် တိုးတက်မှုနှင့်လည်း တိုက် ရိုက် အချိုးကျနေပါသည်။ ထိုငြိမ်းချမ်း ရေး သည်ပင်လျှင် ပြည်သူ သန်းပေါင်း ၅၀ ကျော်ဘ၀များ၏ လှပသော မနက် ဖြန်များ ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်း ရေး ချိုးဖြူ ငှက် သံလွင်ခက်ကို ကိုက်ချီ၍ မြန်မာ ပြည်တစ်ဝှမ်း ပျံသန်းနိုင်စေရန် ပြည်သူ ပြည်သားများကလည်း မိမိတို့ တတ်စွမ်း သမျှ ဝိုင်းဝန်းကူညီပံ့ပိုးကြပါစို့ ဟူ၍ သာ။  ။