ဈေးတွင်းလမ်း သတ်မှတ်ပေကျော် ရောင်းချက အရေးယူမည်

0
396

ကော့သောင်းမြို့နယ်တွင်းရှိ ဈေး များမှ ဈေးတွင်းလမ်းများတွင် သတ် မှတ် ဧရိယာကျော်လွန် ခင်းကျင်း ရောင်းချပါက ဈေးစည်းကမ်းအရ အရေးယူသွားမည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။


မြို့မဈေး၊ ဘုရင့်နောင်ဈေးနှင့် လေဟာပြင်ဈေးများမှ ဈေးဆိုင်ရှင် များအား ဇန်နဝါရီ ၁၂ နောက်ဆုံး ထားပြီး ပေကျော်နေသည်များကို  စနစ်တကျ ပြန်ခင်းကျင်းရန် ဇန်နဝါရီ ၃ရက်က စာထုတ်ပြီးထပ်မံ အသိပေး ခြင်း ဖြစ်ကြောင်း သိရသည်။ဆိုင်ခန်းနေရာ အခက်ခဲအရ ဆိုင်ခန်း ဧရိယာကျော်လွန်၍ ပေကျော် ၁ ပေ၊ ၁ ပေခွဲ ခွင့်ပြုပေးထားပြီး ယင်းထက် ကျော်လွန် ခင်းကျင်းခွင့်မပြု ဟု ဈေးအကျိုးဆောင် ဥက္ကဋ္ဌ ဦးနိုင်လင်း ထံမှ သိရ သည်။

 
” အဲ့ဒီရက်နောက်ပိုင်း မလိုက်နာတဲ့ ဆိုင်ခန်းတွေကိုတော့ ဈေးအကျိုးဆောင် အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဒဏ်ပေးစနစ်မျိုး လုပ်သင့်ရင်လုပ်သွားမည် ” ဟု မြို့နယ် စည်ပင်သာယာဌာနမှ ဒုဦးစီးမှူး(ဈေး အရာရှိ)ဖြစ်သူ ဦးဝင်းရွှေက ပြောသည်။

 
နောက်ပိုင်း နေ့စဉ်ကွင်းဆင်း စစ်ဆေးရန် စစ်ဆေးရေး အဖွဲ့လည်း ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
” အရင်ထက်စာရင်တော့ လမ်း သွား လမ်းလာဈေးဝယ်သူတွေ အတွက် အဆင် ပြေပြေသွားနိုင်တော့ ခုလို လုပ်တာလည်း ကောင်းပါတယ်၊ ရုတ် တရက်တော့ ဆိုင်က ပစ္စည်းတွေ အတွက်တော့ နေရာ ကြပ်သွား တာ ပေါ့ ” ဟု မြို့မဈေးတွင်းရှိ အထည်ဆိုင် ရောင်းချနေသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
ကော့သောင်းမြို့တွင် စည်ပင် သာယာဈေး ၆ ဈေးရှိပြီး ယခုပေကျော် ထိန်းသိမ်းသည့် ဈေး ၃ ဈေးတွင် ဆိုင်ခန်းပေါင်း ၇၅၈ ခန်း ရှိကြောင်း မြို့နယ် စည်ပင်သာယာဌာနမှ သိရ သည်။