မောတောင်ရေဘေးကြောင့် အေးမွန်သာကျေးရွာတွင် စားနပ်ရိက္ခာ ပြတ်လပ်

0
443

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်း နယ်စပ် ကျေးရွာဖြစ်သည့် အေးမွန်သာ (ချောင်ချိ)ကျေးရွာတွင် ဆန်နှင့်ရိက္ခာ ပြတ်လပ်နေပြီး လမ်း၊ တံတားများ ပျက်စီးနေကြောင်း ယင်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေထံမှ သိရသည်။


အေးမွန်သာ(ချောင်ချိ) ကျေးရွာ တွင် ရေဘေးသင့်စာရင်းမှာ လတ်တ လော အတည်မပြုနိုင်သေးဘဲ လူနေအိမ် ခြေ ၇ လုံး ပျက်စီးမှုရှိပြီး လူဦးရေ ၈၀၀ ဝန်းကျင်ခန့် စားနပ်ရိက္ခာများ လိုအပ်မှု ရှိနေကြောင်း မောတောင် အုပ်ချုပ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။
” ဆန်အိတ် ၅၀ လောက် အကူ အညီလိုအပ်နေတယ် ” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။
မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းအထိ စာရင်းအရ မောတောင်ဒေသ အမှတ် ၉ ကျေးရွာတွင် အိမ်ထောင်စု ၂၈ စု လူဦးရေ ၁၀၈ ဦး၊ ချောင်းလုမု ကျေး ရွာတွင် အိမ်ထောင်စု ၁၀၅ စု လူဦးရေ ၇၀၀ ဝန်းကျင်နှင့် တားပလပ်ကျေးရွာတွင် အိမ်ထောင်စု ၂၂ စု လူဦးရေ ၁၀၄ ဦး စုစုပေါင်း အိမ်ထောင်စု ၁၅၅ စု လူဦးရေ ၉၀၀ ကျော်ခန့်မှ ရေဘေးသင့်ခဲ့ရ ကြောင်း ဦးရဲမြင့်ဆွေထံမှ သိရသည်။

 
ယင်းရေဘေးသင့် ပြည်သူများ သည် နီးစပ်ရာ ကုန်းမြင့်များနှင့် ကယ် ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့ နေထိုင်နေကြရပြီး စေတနာရှင် အလှူ ရှင်များနှင့် သက်ဆိုင်ရာဋ္ဌာနများမှ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ယင်းအသိုင်း အဝိုင်းမှ သိရသည်။
ထို့ပြင် မိုးသည်းထန်မှုကြောင့် ဒေသခံများ၏ ဥယျာဉ်စိုက်ခင်းတစ်ချို့ ရေလွှမ်းမိုးမှုခံရခြင်း အမှတ် ၉ ကျေးရွာ ရှိ တံတားချည်းကပ် မြေသားလမ်းများ ရေစီးဖြင့်မျောပါခြင်းနှင့် အသက် ၁ နှစ် ခွဲရှိ ကလေး(ကျား)တစ်ဦး ရေစီးဖြင့်မျော ပါပြီး လက်ရှိအချိန်ထိ ပြန်မတွေ့သေး ကြောင်း တနင်္သာရီ ရဲစခန်းမှ သိရသည်။