MSPP ကုမ္ပဏီ၏ဆီအုန်းစီမံကိန်း လုပ်ငန်းတိုးချဲ့မှု ရပ်နားထားရန် တောင်းဆို

0
430

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ တွင်း လုပ်ဆောင်နေသည့် MSPP ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း များတိုးချဲ့ခြင်းကို ရပ်တန့်ထားရန်  ” အစိမ်းရောင်ကန္တာရ ” ဟု အမည်ပေး ထားသည့် အစီရင်ခံစာတွင် အကြံပြု ဖော်ပြထားသည်။


” အစိမ်းရောင်ကန္တာရ – တနင်္သာရီ တိုင်းမှ ဒေသခံများ MSPP ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းကို ငြင်းဆန်အံတု မှု” ဟု အမည်ပေးထားသည့် အစီရင်ခံ စာကို တိုင်းအတွင်းရှိ အရပ်ဖက် လူမှု အဖွဲ့အစည်းများ စုပေါင်းပြုစု ခဲ့ကြခြင်း ဖြစ်ပြီး အစီရင်ခံစာရှင်းလင်းပွဲကို ရန်ကုန် မြို့ရှိ  Orchid ဟိုတယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
“လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ တိုးချဲ့နေတဲ့ လုပ်ငန်းတွေရပ်ပေးဖို့ လိုတယ်။ ရပ်ပြီး အရင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အရင်ရှင်းဖို့ လိုတယ်”  ဟု အစီရင်ခံစာ ပြုစုရာတွင်ပါဝင်သည့် တောင်ပိုင်းလူငယ်ကွန်ရက် တာဝန်ခံ စစံငွေက ပြောသည်။
အစီရင်ခံစာတွင် မြေယာပဋိပက္ခ များ ပြီးဆုံးသည်အထိ စီမံကိန်းလုပ် ငန်းများအားလုံး ရပ်ဆိုင်းထားရန်၊ ထိခိုက်ခံစားရသည့် ဒေသခံများအား လျော်ကြေးပေးဆောင်ရန်၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအား ဆန်းစစ်လေ့ လာမှု( EIA) လုပ်ဆောင်ရန် စသဖြင့် အချက်များ အကြံပြုဖော်ပြထားသည်။
၎င်းအပြင် အစိုးရအသစ်၏ မြေယာ ပြန်ပေးခြင်းနှင့် ပက်သက်သည့် လမ်းညွှန် ချက်များကိုလည်း လိုက်နာရန် ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။” မြန်မာအစိုးရရော KNU ပါ ဒေသခံတွေ ခံစားနေရတာတွေကို ခေါင်း ရှောင်နေတာမျိုး မဖြစ်စေချင်ဘူး။ အစိုးရ၊ KNU နဲ့ ဒေသခံတွေ သုံးပွင့် ဆိုင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင် တယ်” ဟု MSPP စီမံကိန်းကြောင့် ဥယျာဉ်ခြံမြေများ အသိမ်းခံခဲ့ရသည့် စောအေးထွန်းက ပြောသည်။
စီမံကိန်းကြောင့် ဒေသခံများ၏ စိုက်ပျိုးရေး လုပ်ငန်းများပျက်စီးခံရခြင်း၊ စီမံကိန်းက သုံးစွဲသည့် ဓာတုဓာတ်မြေဩဇာများနှင့် ပေါင်းသတ်ဆေးများ ကြောင့် ရေအရင်းအမြစ် ဆုံးရှုံးရခြင်း စသည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဒေသခံများ ခံစားနေရ သည်ဟု အစီရင်ခံစာအရ သိရသည်။တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား အစိမ်းရောင်ကန္တာရ အစီရင်ခံစာ တင်ပြ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ထားဝယ်မြို့ရှိ၊ Diamond Crown ဟိုတယ်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
အစိမ်းရောင်ကန္တာရ အစီရင်ခံစာကို အရပ်ဘက်အဖွဲ့အစည်းများက ၁၈ လ ကြာ အချိန်ယူပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကျောထောက် နောက်ခံပြုသည့် MSPP ကုမ္ပဏီသည် ဆီအုန်းစီမံကိန်းအတွက်မြေဧက လေးသောင်းကျော် လုပ်ပိုင်ခွင့်ရရှိထား ကြောင်း အစီရင်ခံစာအရ သိရသည်။
MSPP လုပ်ပိုင်ခွင့်ရထားသည့် မြေနေရာသည်ကရင် တိုင်းရင်းသား ဦး ရေ ခန့်မှန်းခြေ ၄၀၀၀ ကျော် နေထိုင် သည့် နေရာအတွင်းကျရောက်လျက် ရှိပြီး ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို ကျေးရွာပေါင်း ၁၃ ရွာ က တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍ သော်လည်းကောင်း ခံစားနေရ သည်ဟု အစီရင်ခံစာအရ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ စိုက်ပျိုး ရေးစီမံကိန်းများ၏ အမှန်တကယ် မစိုက်ထားသည့် ဧက သိန်းချီရှိသည့် မြေများကို တိုင်းအစိုးရ ပြန်သိမ်းမည် ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြီးခဲ့သည့်နှစ် ဩဂုတ်လ က ပြောကြားခဲ့ဖူးသည်။