ဆုံးဖြတ်ချက်

0
374

” မင်းတို့ ဒီမိုကရေစီလုပ်မှပဲ၊ ရွာ လည်း တောင်ပိုင်းနဲ့မြောက်ပိုင်း ကွဲ တော့မယ်”
ရွာမှတက်လာသော ဘကြီး တစ်ယောက်၏ ညည်းတွားသံကြောင့် ကျွန်တော် လန့်မိပါ၏။


ဤစကားကို အကြောင်းပြု၍ ဘကြီးနှင့်ကျွန်တော်တို့ ရွာကလေး၏ ဖြစ်ပျက်ပုံကို မေးမြန်းဆွေးနွေးဖြစ်ခဲ့ ကြပေသည်။
ယင်းရွာသည် ယခင်ကာလများ ကပင် ရွာသားများအကြား ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိ၊ အေးချမ်း သည့်ရွာပင် ဖြစ်သည်။ ရွာသူကြီး (ကျေးရွာအုပ်ချုပ်ရေးမှူး)သည် သမာ သမတ်ရှိသူဖြစ်ပြီး ရပ်ရေးရွာရေးကိစ္စများ တွင် ရွာသားများနှင့် တိုင်ပင်ကာ မျှမျှ တတ ဆုံးဖြတ် လုပ်ကိုင်လေ့ရှိသည်။

 
ဥပမာ ရွာ၏ဘာသာရေးပွဲတော် ကဲ့သို့သော ကိစ္စများတွင် ရွာသားများ အားလုံးကို ဆွေးနွေးတိုင်ပင် စေသည်။ ပြီးလျှင်ဆွေးနွေးချက်များ အပေါ် ပြန်လည် ဆွေးနွေးကာ သင့်လျော်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လေ့ရှိသည်။အဘယ်ကြောင့် ထိုသို့ လုပ်ဆောင် ရခြင်းဖြစ်ကြောင်းကိုလည်း ရှင်းပြလေ့ ရှိသည်။ အများအားဖြင့် ရွာသားများ သည် သူကြီး၏ ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ် လက်ခံကြလေ့ ရှိပေ သည်။

 
နိုင်ငံရေး အပြောင်းအလဲများဖြစ်၍ ရပ် / ကျေးရွေးကောက်ပွဲများ ကျင်းပ ရာ သူကြီး၏သားဖြစ်သူ အရွေးခံ ရပြီး ရွာအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ သူ့လက်ထက်တွင်လည်း သူ့ဖခင်ကဲ့သို့ စီမံလေ့ရှိသဖြင့် ပြဿနာ မများခဲ့ဟု ဆိုသည်။
ပြဿနာများစခဲ့သည်မှာ  နောက် ဆုံးတက်လာသည့် အုပ်ချုပ်ရေးမှူး လက်ထက်တွင် ဖြစ်သည်။သူသည် ရွာမြောက်ပိုင်းတွင် နေ ထိုင်သည်။ သူ့လက်ထက်တွင်မူ ဒီမို ကရေစီ နည်းကျဟုဆိုကာ ရွာ၏ကိစ္စ ရပ်များတွင် အများဆန္ဒဖြင့် ဆုံးဖြတ် သည့်စနစ်ကို ပြောင်းလဲကျင့်သုံးသည်ဟု ဆိုသည်။ ဤတွင် လူအများစုဖြစ်သော ရွာမြောက်ပိုင်းသားများ၏ သဘောထား ဆုံးဖြတ်ချက်များသည် အမြဲလိုလို အသာ ရ၍ ရွာတောင်ပိုင်းသားများ၏ သဘော ဆန္ဒမှာ ရှုံးနိမ့်နေတော့သည်။

 
ယခင်က ယခုကဲ့သို့ တောင်နှင့် မြောက် သဘောမတူလှသည့် ကိစ္စများ ရှိသော်လည်း ရွာသူကြီးမှ ဖြစ်သင့်ဖြစ် ထိုက်သည်ကို မျှမျှတတ ဆုံးဖြတ်ပေး၍ ပြဿနာ မရှိလှပေ။ ယခုမူ သဘော ကွဲလွဲသည့် အခါတိုင်း မဲခွဲရာ လူပိုများ သော မြောက်ပိုင်းကသာ အနိုင်ရ၏။ အုပ်ချုပ်ရေးမှူးသည်လည်း မြောက်ပိုင်း မှဖြစ်၍ တောင်ပိုင်းသားများ၏ စိတ်တွင် သာ၍ မကျေမနပ်ဖြစ် ကြပြီးလျှင် အချို့ သော ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုတော့သည်အထိ အတိုက်အခံ သဖွယ် ဖြစ်လာသည်။

 
ရွာသားအချင်းချင်း မတည့်ကြတော့ သည့် အခြေအနေထိပင်ဖြစ်လာခဲ့သည် ဟု ဆိုပေသည်။ဤသို့သော ပြဿနာတိုင်းသည် လူ့အဖွဲ့အစည်းတိုင်းတွင် ကြုံတွေ့ရလေ့ ရှိပေသည်။ ဆုံးဖြတ်ချက်များ အပေါ်တွင် လူအများ၏ သဘောထားများမှာ မတူညီ နိုင်ကြချေ။ မတူကွဲပြားသော လူအမျိုး မျိုးတွင် လိုအပ်ချက်အမျိုးမျိုး ရှိနေ တတ်ကြသည့်အလျောက် ထိုသူအား လုံး၏ သဘောဆန္ဒကို အခြေခံ၍ ဆုံး ဖြတ်ကြရသည့်အခါတိုင်းတွင်  သဘော ထားကွဲလွဲမှုနှင့် ပဋိပက္ခများလည်း အမြဲ ရှိနေကြ မည်ဖြစ်သည်။ ဆုံးဖြတ်ချက် တိုင်းတွင် နိုင်သူနှင့်ရှုံးသူ တို့အမြဲလိုလို ရှိနေတတ်ပြီး အချို့သည် အခြားသူများ ထက် အကျိုးခံစားမှု ပိုရလေ့ရှိသည်။ အထက်က ဖြစ်စဉ်ကိုကြည့်လျှင် လူ နည်းစု၏ သဘောထားများ ရှုံးနိမ့်နေ ရပေသည်။  လူနည်းစု၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ ကာကွယ်ရန်မှာလည်း ဒီမိုကရေစီ ကျင့်သုံးရာ၌ အရေးကြီးပေ သည်။

 
ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် ပတ်သက်၍ အတွေ့ရများသည့် နည်း လမ်းလေးခု ရှိပေသည်။
ယင်းတို့မှာ
(၁) အာဏာရှင်ဆန်ဆန် ဆုံးဖြတ် ခြင်း၊
(၂) ပါဝင်ဆွေးနွေးမှု အခြေပြု ဆုံးဖြတ်ခြင်း၊
(၃) အများစုဖြင့်ဆုံးဖြတ်ခြင်း၊
(၄) အားလုံးသဘောတူ ဆုံးဖြတ် ခြင်း တို့ဖြစ်သည်။

 
အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ခြင်း ဆိုသည်မှာ တစ်ဖွဲ့လုံး၊ အားလုံးအတွက် ဆုံးဖြတ်ချက်ကို  လူတစ်ဦးတစ်ယောက် တည်းက ဆုံးဖြတ်ခြင်းမျိုး ဖြစ်သည်။ ဆွေးနွေးခွင့် သဘောကွဲလွဲခွင့်ရမည် မဟုတ်ချေ။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်းမျိုးကို စစ်အစိုးရ ကာလတစ်လျှောက် အများ ဆုံး တွေကြုံခဲ့ရပေမည်။ပါဝင်ဆွေးနွေးမှု အခြေပြု ဆုံး ဖြတ်ခြင်းဆိုသည်မှာ ခေါင်းဆောင်က အဖွဲ့သား အားလုံး၏ သဘောထားနှင့် အကြံပြုချက်များကို အရင်ရယူပြီး တစ်ခုချင်းစီ၏ အားသာချက် အားနည်း ချက်များကို ဆွေးနွေးသည်။ ထို့နောက် ခေါင်းဆောင်ကပင် အဖွဲ့သားအားလုံး ၏ ဆွေးနွေးအကြံပြုချက်များကို အခြေခံပြီး ဆုံးဖြတ်ချက်ချခြင်း ဖြစ် သည်။

 
ဤသို့ ဆုံးဖြတ်ချက်ချခြင်းမျိုးသည် အထက်က ဖော်ပြခဲ့သော ရွာသူကြီး၏ ဆုံးဖြတ်ချက်ချခြင်းမျိုးနှင့် ဆင်တူသည်။
အများစုမဲဖြင့် ဆုံးဖြတ်ခြင်း ဆို သည်မှာ အကြောင်းကိစ္စနှင့်ပတ်သက်၍ လူတိုင်း မိမိတို့အမြင်သဘောထားများကို ထုတ်ဖော်တင်ပြခွင့် ရှိကြသည်။ ထို့ နောက်အားလုံး မဲပေးကြပြီး အများဆုံး ရသော သဘောထားက အနိုင်ရသွား သည်။ ဤသို့ ဆုံးဖြတ်ချက်ချခြင်းမျိုး ကိုကား အများစုကြုံတွေ့ သိရှိပြီး ဖြစ် ပေမည်။

 
အားလုံး သဘောတူဆုံးဖြတ်ခြင်း ဆိုသည်မှာ အဖွဲ့သည် အားလုံး လက်ခံ နိုင်မည့် ဆုံးဖြတ်ချက် တစ်ခုကို ရှာဖွေဖို့ ကြိုးစားသည်။
ဆုံးဖြတ်ချက် မချမီ လူတိုင်းမိမိတို့ အမြင်သဘောထားများ၊ အယူအဆ များကို ထုတ်ဖော်တင်ပြခွင့် ရှိကြသည်။ အဖွဲ့ဝင်အားလုံး လက်ခံသဘောတူညီ မှသာ ၎င်းဆုံးဖြတ်ချက်ကို အတည်ပြု သည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်ချခြင်း မျိုးသည် ဥပမာအားဖြင့် အဖွဲ့ဝင် လူ ၅၀ ရှိလျှင် ထိုလူ ၅၀ စလုံး၏ သဘော တူညီချက်ရမှာသာ ဆုံးဖြတ်ခြင်းမျိုး ဖြစ်သည်။

 
အထက်ပါ ဆုံးဖြတ်ချက်ချခြင်း နည်းလမ်းများ၌ အားနည်းချက် အားသာ ချက် အသီးသီးရှိပေသည်။နိုင်ငံ၊ အဖွဲ့အစည်း အသီးသီးတွင် ထိုနည်းလမ်း ၄ သွယ်စလုံးကို သုံးလေ့ ရှိကြပါသည်။ဥပမာဆိုရသော် ဒီမိုကရေစီ ကျင့် သုံးသော နိုင်ငံဖြစ်လင့်ကစား အရေး ပေါ်အခြေအနေများတွင် လူတစ်ဦး တစ်ယောက်ကို လုပ်ပိုင်ခွင့်ပေး၍ ထိုသူ တစ်ဦးတည်းကပင် ဆုံးဖြတ်ချက်ချ သော အခြေအနေမျိုး ရှိနိုင်ပေသည်။

 
အချုပ်ဆိုရသော် ဒီမိုကရေစီသည် အဖွဲ့အစည်း ၊ အသိုင်းအဝိုင်းတစ်ခုအတွင်း အားပြိုင်နေသော အကျိုးစီးပွားများ၊ အယူအဆများ၊ အမြင်သဘောထားများကို အာဏာသုံးခြင်း အကြမ်းဖက်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းပေးသည့် နည်း လမ်းတစ်ခု ဖြစ်သင့်ပေသည်။
ထို့ကြောင့်ပင် တာဝန်ရှိသူများ အနေဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တရားသေ နည်းလမ်းတစ်ခုကို သတ်မှတ် ထားခြင်မျိုး မဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား၊ အခြေအနေအချိန်အခါ တို့ကိုရှေ့ရှု၍ ပဋိပက္ခ နည်းနိုင်သမျှ နည်းအောင် အမြော်အမြင်ရှိရှိဖြင့် လုပ် ဆောင်နိုင်ကြပါစေကြောင်း အကြံပြု တိုက်တွန်း လိုက်ရပါပေသည်။

 

Ref : Democracy, a civic education course for Myanmar, student’s book by RORY MCLAUGHLIN