မွန်ပြည်နယ် လွှတ်တော်ဂျာနယ် စတင်ထုတ်ဝေ

0
454

မွန်ပြည်နယ်လွှတ်တော်က စီစဉ် ထုတ်ဝေသည့် မွန်ပြည်နယ် လွှတ်တော် ဂျာနယ် စတင် ထုတ်ဝေလိုက်သည်။
ယင်းဂျာနယ် အတွဲ (၁) အမှတ် (၁) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်က စတင်ထုတ်ဝေ ဖြန့်ချိလိုက်သည်ဟု မွန်ပြည်နယ် လွှတ်တော်ရုံးမှ သိရသည်။


ပြည်နယ် လွှတ်တော်ကဏ္ဍများနှင့် ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်များကို ပြည်သူများအကြား သတင်းအချက် အလက်များ ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော် ဂျာနယ်ကို တစ်လတစ်ကြိမ် ထုတ်ဝေခြင်း ဖြစ်သည်ဟု အထက်ပါ ရုံးမှ သိရသည်။
“လွှတ်တော်နဲ့ လူထုအချိတ် ဆက်မိ အောင် ဖန်တီးချက်တစ်ခုလို့ ပြောလို့ ရပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
မွန်လွှတ်တော်ဂျာနယ် အတွဲ (၁) အမှတ် (၁) ကို စောင်ရေ ၁၀၀၀ ထုတ်ဝေထားပြီး၊ တစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် ဂျာနယ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သကဲ့သို့ လွှတ်တော်ရုံးတွင် လည်း ဝယ်ယူနိုင်သည်ဟု သိရသည်။
လွှတ်တော်ဂျာနယ်တွင် လွှတ်တော် လုပ်ငန်းများအပြင် ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်များနှင့် လူထုအသံများ၊ ကာတွန်းများ ဆောင်းပါးကဏ္ဍများ ထည့်သွင်း ဖော်ပြထားသည်။

 
“ဂျာနယ်ကိုတော့ မဖတ်ရသေးဘူး၊ ဝယ်ဖတ်ရမှာပေါ့ ဒါမှလဲ ကိုယ့်လွှတ်တော် က ဘာတွေလုပ်နေလဲ အဲကနေတဆင့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ သူတို့ ဘာတွေလုပ်နေလဲဆိုတာ သိလာရမှာ လေ”ဟု မွန်ပြည်နယ်သား တစ်ဦးဖြစ် သည့် ဦးသောင်းရှင်က ပြောသည်။

 
မွန်ပြည်နယ် လွှတ်တော်အနေဖြင့် လွှတ်တော်ဂျာနယ် ထုတ်ဝေရန်အတွက် မော်လမြိုင် အခြေစိုက် သံလွင်တိုင်း(မ်) ဂျာနယ်မှတဆင့် ပြည်နယ်အတွင်းရှိ လူတန်းစား အလွှာပေါင်းစုံထံမှ  သဘော ထား  စစ်တမ်း ကောက်ယူခဲ့သည်။
မွန်ပြည်နယ်တွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေ နေသည့် သံလွင်တိုင်း(မ်)ဂျာနယ်၊ မြန်မာ ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေနေ သည့် ဟင်္သာဂျာနယ်နှင့် မွန်ဘာသာ ဖြင့် အပတ်စဉ်ထုတ်ဝေနေသည့် စနောင်း တိုင်းဂျာနယ်အပြင် လစဉ်ထုတ်ဝေနေ သည့် အမာတ်ဒိန်းဂျာနယ်နှင့် ယခုထုတ် ဝေသွားမည့် လစဉ် မွန်လွှတ်တော် ဂျာနယ်တို့ ရှိသည်။