ခံစားခွင့်ပိုရမည့် ကျန်းမာရေး အာမခံပုံစံအသစ် ယခုလအတွင်း အရစ်ကျဝယ်နိုင်မည်

0
393

ခံစားခွင့် ပိုမိုရရှိနိုင်မည့် ကျန်းမာ ရေး အာမခံ ပုံစံအသစ်ကို ဇန်နဝါရီလ အတွင်း အရစ်ကျစနစ်ဖြင့် ဝယ်နိုင်တော့ မည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံးထံမှ သိရသည်။


ဆေးရုံတက်နေစဉ် တစ်ရက်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ရက် ၆၀ အထိ ခံစားခွင့်ရှိသည့် အခြေခံ အာမခံ အကာ အကွယ်ယူနစ် ၂ ခု (၂ စုစာ) အတွက် လစဉ် ကျပ် ၄၀၀၀  ပေးသွင်းကာ ဝယ်ယူနိုင် ကြောင်း အထက်ပါရုံးထံမှ သိရသည်။အခြေခံ အာမခံအကာအကွယ်တွင် ရောဂါကြောင့် ဆေးရုံတက်ခြင်း၊ မတော် တဆမှုကြောင့် ဆေးရုံတက်ခြင်းများ ပါဝင်ပြီး  မတော်တဆမှုကြောင့် သေဆုံး ပါက သိန်းနှစ်ဆယ် အထိ လျှော်ကြေး ငွေရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံးထံမှ သိရသည်။

 
ကျန်းမာရေး အာမခံများကို အသက် ၆ နှစ်မှ ၆၅ နှစ်ကြားရှိသူများ ဝယ်ယူထား ရှိနိုင်သည်။
ကျန်းမာရေး အာမခံအဖြစ် အခြေခံ အာမခံအကာအကွယ် ယူနစ် ၂ ခုကို အရစ် ကျစနစ်ဖြင့် အစုအဖွဲ့လိုက် (၅ဦးနှင့်အထက်) ဝယ်ယူမည်ဆိုပါက ပရီမီယံကို ၁လ၊ ၃လ၊ ၆လ နှင့် တစ်လုံးတစ်ခဲတည်း အစ ရှိသည့် နှစ်သက်သည့်ပုံစံဖြင့် ဝယ်ယူနိုင် ကြောင်း အဆိုပါရုံး တာဝန်ခံကပြောသည်။

 
ယင်း အခြေခံ အာမခံအကာ အကွယ် ကို တစ်ဦး တစ်ယောက်ချင်း ဝယ်ယူမည် ဆိုပါက ပရီမီယံကို ၆ လ နှင့် တစ်လုံး တစ်ခဲတည်း ပေးသွင်းနိုင်ပြီး ကျပ် ၄၄၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။အသက် ၆ နှစ်မှ ၅၀ နှစ်အထိကို ကျပ် ၄၄၀၀၀ ဖြင့် လည်းကောင်း၊ အသက် ၅၁ နှစ်မှ ၆၀ နှစ်အထိကို ကျပ် ၅၅၀၀၀ ဖြင့်လည်းကောင်း၊ အသက် ၆၁နှစ်မှ ၆၅ နှစ်အထိရှိသူများက ကျပ် ၆၆၀၀၀ ဖြင့်လည်းကောင်း အသက် အရွယ်လိုက် ကွာခြားကြောင်း ယင်းရုံး တာဝန်ခံက ဆိုသည်။

 
” အရင်က ကျန်းမာရေးအာမခံက တစ်ခုတည်းပဲ၊ အခုက အုပ်စုလေးတွေ ခွဲလိုက်တယ်” ဟု မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံး တာဝန်ခံက ပြောသည်။အခြေခံ အာမခံ အကာအကွယ် အပြင် ၎င်းနှင့် တွဲဖက်၍ အကာအကွယ် ၁ (ရောဂါကြောင့်သေဆုံးခြင်း၊ ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း)၊ အာမခံ အကာ အကွယ် ၂ (ခွဲစိတ်ကုသခြင်း) နှင့် အာမခံ အကာအကွယ် ၃ (ပြင်းထန်သော ရောဂါကုသမှု)တို့ကို လည်း တွဲဖက် ဝယ်ယူနိုင်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းရုံးထံမှ သိရသည်။