သိမ်းဆည်းခံနှင့် အငြင်းပွားနေသည့် ဥယျာဉ်ခြံကိစ္စ ဖြေရှင်းပေးရေး တောင်သူများဆန္ဒပြ

0
397

သိမ်းဆည်းခံနှင့် အငြင်းပွားနေ သည့် ဥယျာဉ်ခြံကိစ္စများ ဖြေရှင်းပေး ရန်အတွက် ဇန်နဝါရီ ၂ ရက် နံနက်က ကော့သောင်းမြို့တွင် တောင်သူများက ဆန္ဒပြခဲ့ကြသည်။


တောင်သူများနှင့် မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် ငွေတိုးစံ ကုမ္ပဏီအား ဆန္ဒဖော်ထုတ်သည့်အပြင် ကော့သောင်း မြို့နယ်အတွင်းရှိ သိမ်းဆည်း ခြင်းခံရ သည့် ဥယျာဉ်မြေများအား ပြန်လည် ရရှိစေရန်အတွက် ယခုကဲ့သို့ ဆန္ဒဖော် ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
” ၁၉၉၄လောက်ကတည်းက စိုက်ပျိုးလာတာ အခုသူတို့ ပိုင်တယ် ဆိုပြီး ငွေတိုးစံကုမ္ပဏီက ဖယ်ခိုင်းလို့ အမှန်တရား အတိုင်း ဖြစ်စေချင်တာ ကြောင့် အခုလို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်တယ်” ဟု ဘန်းကချွန်ကျေးရွာ ၁၈ မိုင်မှ တောင်သူတစ်ဦးဖြစ်သူ ဒေါ်မြက ပြောသည်။

 
အဆိုပါ ဆန္ဒဖော်ထုတ်သည့် ကိစ္စနှင့် ပတ်သက်၍ ငွေတိုးစံ ကုမ္ပဏီအား မေးမြန်းရာ ၂၀၀၃ ခုနှစ်က နိုင်ငံပိုင် မြေလွတ် မြေရိုင်းများအား စိုက်ပျိုးရေး နှင့် မွေးမြူရေးအတွက် လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဧက ၁၃၈၅.၅၀ အား နှစ် ၃၀ ဂရမ် ရရှိထား သည်ဟု ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဦးက ပြောသည်။

 
အဆိုပါမြေကိစ္စနှင့်ပတ်သက်၍ ၂၀၀၃ ခုနှစ် ဧပြီလက တောင်သူ ၁၈ ဦး ထောင်ကျခဲ့ဖူးပြီး၊ ထောင်က ပြန်လွတ် လာချိန်တွင် အချို့မှာ ယခင်လိုပင် ပြန်လည် ဝင်ရောက်စိုက်ပျိုးမှုများ ထပ်မံလုပ်၍ နောက်ထပ်တရား စွဲထား ကြောင်း ၎င်းက ထပ်မံပြောသည်။
လူဦးရေ ၂၀ ကျော် ပါဝင်သည့် အဆိုပါ ဆန္ဒပြပွဲတွင် ခမောက်ကြီး၊ ဘန်းကချွန်နှင့် ကော့သောင်းမြို့ပေါ်ရှိ တောင်သူများ ပူးပေါင်းပါဝင်ခဲ့ကြ ကြောင်း သိရသည်။