ယာဉ်တိုက်မှုကြောင့် သူတစ်ပါးထိခိုက်မှု အာမခံကြေး ထုတ်သူမရှိသလောက်နည်း

0
410

တနင်္သာရီတိုင်းအတွင်း ယာဉ်မတော် တဆမှုများကြောင့် ထိခိုက်သေဆုံးမှု များအတွက် သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေး ထုတ်သူမရှိ သလောက် နီးပါး နည်းပါးကြောင်း မြန်မာ့အာမခံလုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရ သည်။


ယာဉ်တိုက်မှုများ နေ့စဉ်အမျှ ဖြစ်ပွား နေသော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း ယာဉ်(စက်တပ်ယာဉ်) မတော် တဆမှုများကြောင့် ထိခိုက်သေဆုံးမှု အတွက် သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးထုတ်ယူသူ ၄ ဦးသာရှိသည် ဟု အထက်ပါရုံးမှ တာဝန်ရှိသူက ပြော သည်။

 
“ပြည်သူတွေက ဒီလိုထိခိုက်မှု လျော်ကြေးလျှောက်လို့ရကြောင်း သိသူ နည်းနေသေးတယ် ” ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။
ပြည်သူများ နစ်နာကြေး လျှောက် ထားနိုင်ကြောင်း သိရှိစေရန် ယာဉ်တိုက် မှုများကို ကိုင်တွယ်နေရသည့် သက်ဆိုင် ရာ ဌာနနှင့် ချိတ်ဆက်ဆောင် ရွက်နေ ကြောင်း ၎င်းက ဆိုသည်။

 
သက်တမ်းရှိလိုင်စင်ရှိသည့် စက်တပ်ယာဉ်မတော်တဆမှုကြောင့် သေဆုံးပါက ၁ နှစ်အတွင်းနှင့် ဒဏ်ရာ ရရှိပါက ၂ နှစ်အတွင်း နစ်နာကြေး လျှောက်ထားနိုင်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံး တာဝန်ခံ က ရှင်းပြသည်။
သူတစ်ပါးထိခိုက်မှု အာမခံကြေး သွင်းထားသည့် ယာဉ်ကြောင့် သေဆုံး ပါက ကျပ် ၁၀ သိန်း၊ ဒဏ်ရာရသည့် ဖြစ်စဉ်များတွင် ဒဏ်ရာအလိုက် ၂ သောင်း မှ ၈ သိန်းကျပ်အထိ လျော်ကြေးငွေများ ပေးအပ်နေကြောင်း အဆိုပါရုံးမှ သိရ သည်။
” ယာဉ်တိုက်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရရင် နစ်နာကြေး လျှောက်ရမယ် ဆိုတာ သိတောင်မသိကြဘူး ” ဟု ထားဝယ် မြို့ခံတစ်ဦးဖြစ်သူ ဦးသိုက်ထွန်းက ပြော သည်။

 
သူတစ်ပါးထိခိုက်မှု အာမခံနှင့် ပတ်သက်၍ နစ်နာကြေး လျှောက်ထား နိုင်သည်ကို ပြည်သူလူထု သိရှိလာစေ ရန် ဗီနိုင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်ကြောင်း ၎င်းကဆိုသည်။ယာဉ်မောင်းလိုင်စင်များပြုလုပ် ရာတွင် သူတစ်ပါးထိခိုက်မှု အာမခံ ကြေးအဖြစ် ငွေ ၅၀၀၀ ကျပ်၊ ဆိုင်ကယ် သက်တမ်း တိုးရာတွင် ၄၀၀၀ ကျပ်၊ ကားများ သက်တမ်းတိုးရာတွင်  တန်ချိန် အလိုက် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် ပေးဆောင်ရကြောင်း တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။