အိပ်မက်သည်သာ

0
540

ဆောင်းရောက်ပြီမို့ နေ့ခင်းဘက် တွင်ပင် လေတဖြူးဖြူးဖြင့် အေးမြမြ ရာသီဥတု ရှိလေ၏။ ကျွန်ုပ်သည် နေ့ လယ်စာ စားပြီး၍ ခေတ္တမျှ အနားယူရန် စာကြည့်စားပွဲသို့ ထွက်ခဲ့၏။ စားပွဲပေါ် တွင် ဆရာကြီး ရွှေဥဒေါင်း၏ ” ကာလ ယန္တရား”  ဇာတ်လမ်းစာအုပ် ရှိနေသည်။

အကြိမ်ကြိမ် ဖတ်ပြီးသော်လည်း ဇာတ် လမ်းမှာ စိတ်ဝင်စား ဖွယ်ကောင်း၍ ထပ် ဖတ်ရန် အကြံပေါ်၏။ သို့ဖြစ်ရကား ပက်လက်ကုလားထိုင်၌ ကျကျနန ဇိမ်ယူ ၍ ဖတ်မိပါလေ၏။” ကိုကြာရိုးရေ လိုက်မလား” ဟု ခေါ်သံကြားသဖြင့် ကြည့်လိုက်ရာ ရင်းနှီး သော မိတ်ဆွေတစ်ဦး ဖြစ်နေ၏။ ရွာ တရွာသို့ သွားရောက်ရန် အဖော်စပ်လာ သဖြင့် သူ၏ကားနှင့်ပင် နှစ်ယောက်သား ထွက်ခဲ့၏။ တနေရာအရောက်တွင် ကျွန်ုပ်၏မိတ်ဆွေထံ ဖုန်းဝင်လာ၍ ကား ကိုရပ်လျက် အပြန်အလှန် စကားပြော ကြပြီးနောက် သူက ကျွန်ုပ်အား ” အစ်ကို ရေ ကျွန်တော့် သူငယ်ချင်း တယောက်ကို စောင့်ရဦးမယ်၊ နည်းနည်းတော့ကြာမယ် ဗျာ” ဟု ဆို၏။ ကျွန်ုပ်လည်း ကားပေါ် တွင် ထိုင်နေရခြင်းကို မနှစ်သက်ရကား အနီးအနား လမ်းဆင်းလျှောက်ရန် စိတ် ကူးမိ၏။ သို့နှင့် ဖုန်းဆက်စကားပြော နေသည့် မိတ်ဆွေအား ခေတ္တခဏ လမ်း လျှောက်မည့်အကြောင်း ပြောခဲ့၍ ကား ပေါ်မှ ဆင်းလိုက်သည်။

 
ဆင်းလိုက်သည်နှင့် လမ်းတဖက်၌ လှပသော အဝင်မုခ်ဦး ဂိတ်တံခါးကို မြင်လိုက်ရ၏။ သို့နှင့်စိတ်ဝင်တစားရှိ လှ၍ အနီးသို့ ချဉ်းကပ်သွားမိသည်။ တံခါးဖွင့်ထားသည်မို့ အတွင်းသို့ ဝင် လိုက် မိပေသည်။ မြင်လိုက်ရသည့် မြင် ကွင်းကား မျက်စိပသာဒ ဖြစ်လှသည်။ လှပညီညာသော နှစ်လမ်းသွား နိုင်လွန် ကတ္တရာလမ်းလေး၊ လမ်းအလယ်ကျွန်းကို စနစ်တကျ ပြုလုပ်ထားပြီး အဝင်အထွက် လမ်းခွဲထားပုံရသည်။ လမ်းလယ် ကျွန်း တွင် ကံကော်ပင်များ စီရရီရှိနေပြီး               ပင်ခြေတွင် စိမ်းစိုသော မြက်သားနုနုများ က ကျွန်းခွင်အပြည့် နေရာယူထားသည်။

 
အမှိုက်များ၊ ကွမ်းတံတွေးများ၊ ဆေးလိပ်တိုများ ထိုနေရာတွင် မတွေ့ရ။ ကျွန်ုပ်ဝင်ရောက် ကြည့်ရှုနေစဉ်ပင် အဝင်လမ်းကလေးကို ပိတ်လိုက်သည်ကို မြင်ရသည်။ များမကြာမီပင် ထိုလမ်းတွင် စကိတ်စီးလာသည့် လူငယ်များကို တွေ့ရ ၏။ ထို့အတွက်ပင်လမ်းပိတ်လိုက်ခြင်းပင်ကိုး။ ကတ္တရာလမ်းလေး၏ တဖက် တချက်စီတွင် အလှဆင်ကျောက်ပြား များဖြင့် သေသပ်စွာ ပြုလုပ်ထားသော လူသွားစင်္ကြံလမ်းလေး ရှိနေပြန်သည်။ လူနှစ်ဦးယှဉ်လျှောက်နိုင် လောက်သည့် ထိုစင်္ကြံလမ်းတွင်လည်း လူငယ်အချို့ လမ်းလျှောက်ရင်း စကား ပြောနေကြ၏။

 
စင်္ကြံလမ်းနံဘေးတွင်ကား ခန့်ခန့် ညားညားရှိလှသော နေရောင်ခြည် စွမ်းအင်သုံး လမ်းမီးတိုင်များကို မျက်စိ တစ်ဆုံး စီရရီတွေ့ရပြန်သည်။ ကျွန်ုပ် လည်း အတွင်းသို့ဆက်၍ ဝင်ကြည့်ချင် စိတ်ဖြစ်ရကား လူသွားစင်္ကြံအတိုင်း လျှောက်သွား၏။ လမ်းကလေးသည် တဖြည်းဖြည်း မြင့်တက်သွားပြီး တောင် ကုန်းလေးသဖွယ်ဖြစ်နေ၍ ထိုနေရာ တဝိုက် စကိတ်စီးနေကြသည့် လူငယ်များ ပိုများနေသည်။ တောင်ကုန်းထိပ်လေးသို့ ရောက်သော် မြင်ရသော မြင်ကွင်းများမှာ ပို၍ပင် မျက်စိပသာဒဖြစ်ဖွယ်၊ နေချင် စဖွယ်၊ လျှောက်ကြည့် ချင်စဖွယ်ကောင်း နေပါတကား။

 
တောင်ကုန်းထပ်လေးမှ ကြည့်လျှင် တောင်ဆင်းလမ်းအဆုံးတွင် အဆောက် အအုံကြီးတခုကို မြင်ရပြီး လမ်းနံဘေး တွင် နှစ်ထပ်၊ သုံးထပ်အစရှိသော အဆောက် အဦးများကို တွေ့ရ၏။ ထိုအဆောင် များအရှေ့တွင် လှပသောရောင်စုံပန်း များ၊ ပုံဖော်ထားသော ရွက်လှပင်များကို စနစ်တကျ စိုက်ပျိုးထားပြီး ထိုအဆောက် အဦများသို့ဝင်သော ကွန်ကရစ်လမ်း လေးများ၏ အချို့နေရာများတွင် ရင် သပ်ရှုမောဖွယ် သရီးဒီပန်းချီများ ခြယ် ထား၏။ လူငယ်အချို့ ထိုနေရာတွင် စု၍ စကားပြောကြလျက်ရှိပြီး ဓာတ်ပုံ ရိုက်နေသည့် မိန်းကလေးအချို့ကိုလည်း တွေ့ရသည်။

 
အချို့သော အဆောင်များရှေ့တွင်မူ ခြင်းလုံးကွင်း၊ ကြက်တောင်ကွင်းများပင် ရှိနေရာ တမျိုးပင်ထူးနေသည်။ ကျွန်ုပ် လျှောက်လာသော ကတ္တရာလမ်းသည် အဆောက်အအုံကြီးတခုအနီး၌ လမ်းဆုံး သွားပြီး ထိုနေရာတွင် ရောင်စုံပန်းပင်များ၊ မြက်ခင်းစိမ်းများဖြင့် အလှဆင်ထားသော အဝိုင်းပတ်လမ်းလယ်ကျွန်း ရှိသည်။ ထိုကျွန်းဝိုင်းအလယ်၌ အမှတ်တံဆိပ် တခုနှင့် အလံတိုင်ကို မြင်ရပေ၏။
ကတ္တရာလမ်း ဆုံးသော်လည်း လမ်းမှာ မဆုံးသေးချေ၊၊ ကွန်ကရစ်လမ်း များသည် အဆောက်အအုံကြီးကို ဘေးတဖက်တချက်မှပတ်၍ ဖောက် ထား၏။ ကျွန်ုပ်သည် အဆောက်အအုံ ကြီးဆီသို့ မသွားသေးဘဲ မိန်းကလေးအချို့သွားသည့်နောက်သို့ လိုက်လျှောက် မိသော် စာကြည့်တိုက်သို့ ရောက်သွား တော့၏။

 
စာကြည့်တိုက်အပြင်တွင်ကား သစ်ပင်များအောက် စနစ်တကျ ခင်းထား သော ခုံတန်းရှည်များဝယ် လူငယ်များ စာဖတ်နေကြသည်။ စာကြည့်တိုက် အတွင်းတွင် လေအေးပေးစက် အစွမ်း ကြောင့် အေးမြနေပြီး လူငယ်အတော် များများ စာအုပ်ရှာနေကြသည်။ အချို့က စာကြည့်တိုက်၏ တင်င မှတဆင့် ဖုန်း များဖြင့် အလုပ်ရှုပ်နေကြသလို အချို့ မှာလည်း စာကြည့်တိုက် ကွန်ပျူတာ အခန်းဝယ် အင်တာနက်မှ စာများ ဖတ်ရှုနေကြပြန်သည်။ အင်တာနက်လိုင်း အတော်ကောင်း မွန်သည်ကိုကား သတိ ပြုမိ၏။ လူငယ်အချို့ စာကြည့်တိုက် မှူးထံ ဘာသာရပ်ဆိုင်ရာ စာအုပ် အကြောင်း မေးမြန်းသည်ကို တစွန်းတစ ကြားရ၏။

 
သို့နှင့် ကျွန်ုပ်လည်းအနီးရှိ လူငယ် တဦးအား စာကြည့်တိုက် အကြောင်း မေးမြန်းရာ ” ဒါက E Library လည်း ဖြစ်တယ်၊ စာအုပ်လည်း အတော်စုံတယ်၊ ဒီက ဝန်ဆောင်မှုတွေအကုန် အခမဲ့ပါပဲ၊ ပြီးတော့ မနက်ခြောက်နာရီကနေ ည ၂ နာရီအထိ ဖွင့်တယ်”  ဟု အဖြေရ၏။
စာကြည့်တိုက်မှ ထွက်ခဲ့၍ သပ် ရပ်လှသော လမ်းကလေးအတိုင်း အတန် ငယ်သွားမိရာ ပွဲကြည့်စင်များ၊ မြက်ခင်း စိမ်းများဖြင့် စနစ်ကျလှသော ဘောလုံး ကွင်းတခုကိုမြင်ရ၏။ ကွင်းနားမရောက် မီ လမ်းကလေး၏ဝဲယာတွင် အလွယ် တကူ ကာယလေ့ကျင့်ခန်း ယူနိုင်သည့် ကိရိယာများ ထားရှိလေသည်။ ကွင်း အတွင်း အသင်းနှစ်သင်း ယှဉ်ပြိုင် ခြေစမ်း နေဟန်တူသည်။ လူငယ်အချို့၏ အား ပါးတရ အော်ဟစ်သံ၊ လက်ခုပ်သံ အချို့ ကိုကြားရသည်။ ကျွန်ုပ်လည်း ဘောလုံး ကွင်း အခြေအနေကို ကြည့်လိုသဖြင့် ပွဲကြည့်စင်ပေါ်တက်ခဲ့ရာ အတန်ပင် ကောင်းသော ကွင်းဖြစ်ကြောင်း သိခဲ့ရ သည်။ ပွဲကြည့်စင်ရှေ့တွင် ဘောလုံးကွင်း ကို ပတ်၍ပြေးနိုင်အောင် ပြေးလမ်း ပြုလုပ်ထားပေသေးသည်။

 
ဘောလုံးကွင်းမှ ပြန်လာခဲ့သော် ပတ်ဝန်းကျင်ကို ရှုကြည့်မိ၏။ အဆောက် အအုံမရှိသည့်နေရာများတွင် ခရေ၊ ကန့်ကော်၊ ပိတောက်ပင်များ တောအုပ် ငယ်သဖွယ်ရှိနေပြီး အချို့အပင်များ အောက်တွင် ခုံတန်းရှည်များ ရှိနေပြန် သည်။
ယခုမှပင် သေချာကြည့်မိတော့ သည်။ ကျွန်ုပ်လျှောက်ခဲ့သည့် လမ်းတိုင်း တွင် အမှိုက်မရှိသလို အမှိုက်ပစ်ရက် စရာပင်မရှိအောင် သန့်ရှင်းလှပနေ၏။ အမှိုက်ပုံးများသည်လည်း နေရာအနှံ့ ဆိုသလို စနစ်တကျထားပေး ထားလေ ၏။ လျှောက်ရင်းပင် မဝင်ဖြစ်သေးသည့် အဆောက်အအုံကြီးထံ ပြန်ရောက်လာ၏။ သို့နှင့် ထိုနေရာသို့ ဝင်ကြည့်ရန်ဆုံးဖြတ် လျက် လာခဲ့ရာ အဆောက်အအုံထိပ်တွင် ရေးထားသော စာကို သတိပြုမိ၏။

 
ထိုစာကို ဖတ်မိမှပင် မိမိမျက်လုံး ကိုပင် မယုံနိုင်အောင်ဖြစ်ရသည်။ ရေး ထားသည်ကား ” ထားဝယ်တက္ကသိုလ်” ဟူ၍ပင် ဖြစ်သတည်း။ ကျွန်ုပ်သည် အံ့ဩမင်သက်သဖြင့် အတန်ကြာအောင် အဆိုပါ ပတ်ဝန်းကျင်အား ကြည့်နေမိစဉ် တစုံတ ယောက်သည် ကျွန်ုပ်၏ ပခုံးကို ကိုင်လှုပ်၍” သား… သား…ထတော့လေ ညနေစောင်းပြီ”  ဟုဆိုသဖြင့် ကျွန်ုပ် အိပ်ရာမှနိုးလေသည်။
စာအုပ်ဖတ်ရင်း အိပ်ပျော်သွား သည်။ ကာလယန္တရားအကြောင်း ဖတ် ရင်း စိတ်စွဲ၍ အနာဂတ်တက္ကသိုလ်ဝင်း ကြီးထဲ အိပ်မက်ခရီးနှင်ခဲ့လေသလော မပြောတတ်ပေ။

 
ညနေစောင်းပြီ မို့လေအေးအေးက ပိုတိုက်နေသလို အအေးဓာတ်က ပိုကဲ နေသည်။ ဆောင်းတွင်းအိပ်မက်မို့ပင် ဂယောင်ခြောက်ခြားမက်သည်ဟုပဲ ဆိုကြပါစို့။
ဘယ်လိုကောင်းတဲ့ အိပ်မက်ပဲ ဖြစ်ဖြစ် အိပ်မက်က အိပ်မက်ပါပဲလေ။
တကယ်မှ မဟုတ်ဘဲ။
ဒါပေမဲ့ ဒီလိုအိပ်မက်ကောင်း လေးမျိုးကို လူတိုင်းမက်စေချင်စမ်းပါဘိ။ အထူးသဖြင့် အိပ်မက်ကို တကယ်ဖြစ် အောင်ဖန်တီးနိုင်တဲ့ အုပ်ချုပ်သူများကို ပိုမက်စေချင်လှသပေါ့။