ရွှေရတုအလွမ်း

0
704

ကလောင် ကလောင်
ကလောင် ကလောင်
အခမ်းအနားမှူး၏ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာသံ အဆုံးမှာ ခေါင်းလောင်းသံ ထွက်ပေါ်လာပါသည်။

ကနဦး၌ အားလုံး ကြောင်အမ်းအမ်း ဖြစ်နေကြပေမဲ့ ချက်ချင်းဆိုသလို သူတို့ ရောက်ရှိနေကြသော ပတ်ဝန်းကျင် နှင့် လက်ရှိ ကျင်းပနေသော အခမ်းအနား ကို ဆက်စပ်တွေးတောမိပြီး ” ဒါကျောင်း တက် ခေါင်းလောင်းသံပါလား ” ဟု အလိုလို နားလည်သဘောပေါက်သွား ကြပါသည်။

 

ခေါင်းလောင်းသံ။
ဘ၀မှာ ဆယ်စုနှစ်နှင့်ချီပြီး ဝေးကွာ ခဲ့ရသော ကျောင်းတက်ခေါင်းလောင်း သံကို နားနှင့်ဆတ်ဆတ် ပြန်ကြား လိုက်ရသော တဒင်္ဂခန်းမထဲရှိ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် တကွ တက်ရောက် ဂါရ၀ပြုကြသော ကျောင်းသား၊   ကျောင်းသူဟောင်းတွေပါ ငေးငေးငိုင်ငိုင် ဖြစ်ကုန်ကြသည်။ ထိုနောက်မှာတော့ အချင်းချင်း ကြိုတင်တိုင်ပင်ထားကြသလို ဝိုင်းဝန်း တီးခတ်လိုက်ကြသော လက်ခုပ် သံများက ခန်းမထဲ ဝေါခနဲ လျှံတက်၊ ကြက်သီးမွေးညင်းတွေထ၊ တချို့က မျက်ရည်ဝဲ….။

 
ထ(၃)သည် အဖြူအစိမ်းတစ်စုံ၊ လွယ်အိတ်တစ်လုံး၊ ကျောက်သင်ပုန်း တစ်ချပ်နှင့် ကျွန်တော့် ကျောင်းသား ဘ၀ကို အစပြုခဲ့သောကျောင်း၊ ထိုနည်း တူစွာ အဖြူအစိမ်းဝတ် ကျောင်းသားဘ၀ နိဋ္ဌိတံခဲ့ရသောကျောင်း ဖြစ်သလို သက် တူရွယ်တူ သူငယ်ချင်း ပေါင်း များစွာနှင့် တစ်ဖန်ပြန်မရနိုင်သော ကလေးဘ၀ နေ့စွဲလေးတွေ ကုန်လွန်ခဲ့ရသော ကျောင်း လည်း ဖြစ်ပါသည်။

 
ထ(၃) ပညာရတနာ ခန်းမထဲမှာ ကျွန်တော်တို့ ကော်မတီတွေ ဖွဲ့ကြသည်။ အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်းကြသည်။ အသီးသီး တာဝန်တွေ ခွဲဝေ ယူကြသည်။ ကျွန်တော့်ကိုတော့ ဒီနှစ်မှ ကော်မတီထဲ ရောက်လာသော အလုပ်သင်လေးမို့ သက်ညှာသည့် အနေနှင့် ပြန်ကြားရေး တာဝန်ပေးလေသည်။

 
ထိုကြောင့် ရပ်နီးရပ်ဝေးမှ ကျောင်း နေဘက် သူငယ်ချင်းများကို ဖုန်းဖြင့် လည်းကောင်း၊ လူမှုကွန်ရက်ထဲမှ လည်း ကောင်း ဆက်သွယ်အကြောင်းကြား လိုက်၊ သတင်းစာနှင့် ဂျာနယ်တွေမှာ ထည့်ဖို့ ကြော်ငြာလေးတွေ ရေးပေးလိုက်၊ ကျောင်းသား ဟောင်းတွေ မေးမြန်းလာ သမျှ ဖုန်းတစ်လုံးဖြင့် ပြန်လည် ဖြေကြား ပေးလိုက်နှင့် သက်သောင့်သက်သာ ရှိလွန်းလှပေသည်။

 
သို့သော် ကျွန်တော့်ထက် အသက် ငယ်ပြီး ကော်မတီကို ဦးစီးဦးဆောင် နေကြသူများ၏ တာဝန်ကား မသေးလှ။
ဒီဇင်ဘာလ ၁၈ ရက် တစ်နေ့တည်း မှာ ကျင်းပမည့် အခမ်းအနားက နှစ်ခု။ အစည်းအဝေး အကြိမ်ရေ များလာသည် နှင့်အမျှ လူက နည်းသထက် နည်းလာ။ ထိုအပြင် ဖိတ်ကြားထားသော ကန်တော့ ခံ ဆရာကြီး၊ ဆရာမကြီး အယောက် ၁၀၀ ကျော်အနက် ၃၀ ကျော်က အဝေး ရောက်များ ဖြစ်ကြလေသည်။ အဆိုပါ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများမှာ အိုမင်းနေပြီမို့ သူတို့ သွားရေးလာရေး၊ ကျန်းမာရေး၊ တည်းခိုနေထိုင်ရေး၊ စားရေးသောက်ရေးကအစ ထောင့်စေ့ အောင် စီစဉ်ပေးရလေသည်။ ဒီကြားထဲ မြတ်ဆရာ ပူဇော်ပွဲ ထုံးတမ်းစဉ်လာအရ ညစာစားပွဲနှင့် တေးဂီတအစီအစဉ်လေး ပါ မဖြစ်မနေ ထည့်သွင်း စီစဉ်ပေးရပြန် သေးသည်။
အကယ်၍ ထိုအစီအစဉ်များသာ ထည့်သွင်းထားခြင်း မရှိပါက ကျောင်း သားဟောင်းများ၏ ရွှေစိတ်တော် ငြိုငြင် မှုကိုခံရဖို့ သေချာသလောက်ပင်။ ထိုအပြင် ကျွန်တော်တို့ အစည်းအဝေး ကျင်းပရာ ပညာရတနာ ခန်းမ၏ ဝဲယာ တစ်လျှောက် အကာအရံ မရှိသောကြောင့် အလူမီနီယံတံခါး တပ်ဆင်ပေးနိုင်ဖို့ ကံစမ်းမဲ ကဏ္ဍတစ်ခု ဖွင့်လှစ်ပြီး ရန်ပုံငွေ ရှာရပြန်လေသည်။ ရှင်နည်းရာ အဂ္ဂ လူထွက် ဆိုသလိုပင်။

 
ထိုအပြင် နှစ်(၅၀)ပြည့်မှ တစ်ကြိမ် ကျင်းပခွင့်ရသော ရွှေရတုပွဲမို့ ကော်မတီ ဝင်တချို့က ကျောင်းဝင်းထဲ ရွှေရတု အထိမ်းအမှတ် အဆောက်အဦးတစ်ခု ဆောက်လုပ်ဖို့ အဆိုတင်သွင်း ကြလေ သည်။ ထိုအဆိုကို အားလုံးက သဘောတူ သောကြောင့် ဆောက်လုပ်ဖို့ နေရာ ရွေး ချယ်ကြပါသည်။ သို့သော် နေရာလွတ် ရှားပါးသောကြောင့် ဆရာကြီး ရုံးခန်း ရှေ့မှာ ဆောက်လုပ်ခွင့်ပေးဖို့ ဝိုင်းဝန်း ခွင့်တောင်းကြရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကြည်ကြည်ဖြူဖြူ ခွင့်ပြု လေသည်။
ထိုနောက် အဆောက်အဦး ဒီဇိုင်းကို ဝိုင်းစဉ်းစားကြသည်။ အဆောက်အဦးမှာ ခြယ်သမည့် အရောင်နှင့် ကမ္ပည်းကြေး ပြားမှာ ရေးဖို့ စာသားတွေကို တိုင်ပင် ညှိနှိုင်းကြသည်။ ကြိုဆိုရေး မုခ်ဦးတွေ ဆောက်လုပ်ကြသည်။ ကျောင်းမျက်နှာ စာအပြည့် ရောင်စုံမီးသီးတွဲတွေ ချိတ်ဆွဲ ပြီး ဆလိုက်မီးမောင်းတွေနှင့် ကျောင်းကို အလှဆင်ကြသည်။ ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့အားလုံး ပျော်ပျော်ကြီး မော ကြရပါသည်။

 
ဒီလိုနှင့် အခမ်းအနား ကျင်းပမည့် ရက် တဖြည်းဖြည်း နီးကပ်လာသော အခါ ရပ်ဝေးမှ သူငယ်ချင်းတချို့ တဖွဲဖွဲ ရောက်ရှိလာလေသည်။ မိုးညှင်းမှ ဒေါက်တာသန်းဦး၊ ကော့သောင်းမှ မျိုးအောင် (သံပါးစပ်)၊ သိန်းလွင်(ဝါဝါး)၊ ရန်ကုန်မှ မျိုးသွယ်(ခေါင်းချော) စသည်ဖြင့်….စသည်ဖြင့်။
အဆိုပါ ပုဂ္ဂိုလ်များမှာ ဘိတ်ရောက် ရောက်ချင်း အဝတ်အိတ်ကို အိမ်မှာ ထား ရစ်ခဲ့ကြပြီး အမိ ကျောင်းတော်ကြီးဆီ ရောက်ချလာပါသည်။ ထိုနောက် ကျောင်းဝင်းထဲ၌ သူတို့၏အတိတ် ကာလကို ဖုန်းကင်မရာလေး ကိုယ်စီဖြင့် တူးဆွ ရှာဖွေကြပါသည်။ သူတို့ တက်ခဲ့ ဖူးသော စာသင်ခန်းရှေ့မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသည်။ သူတို့ ဆရာ တွေနှင့်လည်း ဓာတ်ပုံတွဲရိုက်ကြပါ သည်။ သို့သော် ကျွန်တော်တို့လို ငါးထိပ် စီးနားကပ်နေသော မျိုးဆက်များကို စာသင်ပေးခဲ့ကြသော ဆရာများက ကျောင်းမှာ ရှားရှားပါးပါး တစ်ယောက် နှစ်ယောက်လောက်သာ ကျန်ပါတော့ သည်။
ထိုနောက် တချို့က ကျောင်းစောင့် ကြီး ဦးထွန်းကြည်၏ ထင်းနံ့တသင်းသင်း နှင့် သောက်ရလေးလေးပင်ပင် ရှိလှသော ရေနွေးကြမ်းကို ပြန်လည် တမ်းတကြ သည်။ ဦးထွန်းကြည် ရေနွေးကျိုချက် သော အခန်းထဲမှ ရေတွင်းပျက်ကြီးကို တွေ့လို တွေ့ငြား သွားရောက်ရှာဖွေကြ သည်။ ကျွန်တော်တို့ ထ(၃) ရာဇဝင် တွင် ချန်လှပ်ထား၍ မရနိုင်ကောင်းသော ကျောင်းအုပ် ဆရာကြီး ဦးသန်းကြွယ်၏ ပုံရိပ်ကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ကြသည်။

 
၈၀-၉၀ မျိုးဆက်များကတော့ ကျောင်းဝင်းထဲ ဒေါ်တရုတ်မ၏ မုန့်ဆိုင် ကို လိုက်လံ ရှာဖွေနေကြသည်။ လက်ရှိ မြိတ်စည်ပင် ဥက္ကဋ္ဌကြီးကတော့ ဖြိုဖျက် သည့်အထဲ ကျောင်းအိမ်သာဟောင်း ပါသွားသောကြောင့် နှမြောတသ မဆုံး။ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ကြီး ကတော့ ၅တန်း ကျောင်းသား ဘ၀တွင် ဘရိတ်ဒန့် အကကောင်းသော ကြောင့် ဆရာဦးအောင်သန်း၏ အကြိမ်းအမောင်း ခံခဲ့ရပုံကို တမ်းတမ်းတတ။ ထိုရက်ပိုင်း အတွင်း ကျောင်းပရဝုဏ်ထဲ ခြေချမိသူ တိုင်း သူတို့ အမည်ရှေ့က နာမဝိသေသန များကို ကျောင်းဝင်းအပြင်ဘက်၌ ကိုယ့် အသိနှင့်ကိုယ် ထားရစ်ခဲ့ကြသည်။ တစ် ယောက်နှင့် တစ်ယောက် မင်းတွေ ငါတွေ သုံးနှုန်းပြီး အားရပါးရ ပြောဆိုကြသည်။

 
ဘ၀မှာ အခေါ်မခံရတာ ကြာပြီ ဖြစ်သော နာမည်ပြောင်တွေ ပြန်လည် ဖော်ထုတ် သုံးနှုန်းကြသည်။ တစ်ယောက် နှင့်တစ်ယောက် ခင်မင်ရင်းနှီးမှု ဒီဂရီ မြင့်မားကြောင်း အဆဲအဆို လေးတွေနှင့် သက်သေ ပြကြသည်။ ငယ်ကျိုးငယ်နာ တွေ ပြန်ဖော်ကြသည်။ တူရာတူရာ အစုအဖွဲ့လေးတွေဖွဲ့ပြီး လက်ဖက်ရည် ဆိုင် ထိုင်ကြသည်။ ကျောင်းသား ဘ၀ တုန်းက ကျောင်းအလွန် ပြေးခဲ့ကြသော ပုဂ္ဂိုလ်တချို့လည်း ယခုအချိန်မှာ ကျောင်းကို ခင်တွယ်လာကြပုံများ ယုံနိုင် စရာ မရှိ။

 
ကျောင်းသားဘ၀တုန်းက တကျက် ကျက် ရန်ဖြစ်ခဲ့ဖူးသူတွေလည်း ယခု တော့စားပွဲအတူတူသယ်ကြ၊ တစ်ယောက် ပခုံး တစ်ယောက်ဖက်ပြီး ရှေးဟောင်း နှောင်းဖြစ်တွေ စမြုံ့ပြန်ကြနှင့် ကျောင်း ပရဝုဏ်ထဲမှာ စစ်ပြေငြိမ်း စာချုပ် ချုပ်ဆို ကုန်ကြလေသည်။
တစ်ချိန်က မိဘလက်ကို ဆွဲပြီး ကျောင်းဝင်းထဲ ဝင်ရောက်ခဲ့ကြသူ တချို့ လည်း ယခုတော့ သူတို့ သားသမီး လက် ကိုဆွဲကာ ကျောင်းဝင်းထဲ ပြန်လည်ခြေချမိတိုင်း အချိန်တွေ ကုန်လွယ် လွန်းလိုက်တာဟု တွေးကောင်း တွေးနေပေလိမ့်မည်။ သို့သော် ထိုနေ့ ရက်များမှာတော့ ကျွန်တော်တို့အားလုံး ဘ၀အမောတွေကို ခေတ္တမေ့ ထားပြီး အတိတ်ကာလတစ်ခုဆီသို့ စိတ်တူကိုယ်တူ ခရီးနှင်ခဲ့ကြပါသည်။

 

ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၆ခုနှစ်
ရွှေရတုနှင့် မြတ်ဆရာ ပူဇော်ပွဲ ကျင်းပသည့် ထိုနေ့တွင် တက်ရောက် လာကြသော ပရိသတ်က ကျွန်တော်တို့ ထင်ထားတာထက် ပိုများနေပါသည်။ ထိုကြောင့် ကျောင်းဝင်းထဲ ပွဲဈေးကြီးတစ်ခုလို စည်ကားလျက် ရှိလေသည်။ ယခုလို လူသူရှုပ်ထွေး နေသည့်ကြားထဲ သံပါးစပ် မျိုးအောင်က ကျွန်တော့်လက်ထဲ ရွှေရတုအမှတ်တရ မှတ်တမ်းစာအုပ် ထိုးပေးကာ အမှတ်တရတစ်ခုခု ရေးပေးပါဟု တောင်းဆိုသောကြောင့် ယခုလို မဆိုင်းမတွ ရေးလိုက်မိပါသည်။
” ပြန်ကြားချင်တယ်
ကျောင်းတက်ကျောင်းဆင်း ခေါင်းလောင်းသံ။
ပြန်ဆိုချင်တယ်
သစ္စာအဓိဋ္ဌာန်ငါးချက်နဲ့ ကမ္ဘာမကြေသီချင်း။
ပြန်လိုချင်တယ်
အဖြူအစိမ်းဝတ် ထ(၃)ကျောင်းသားဘ၀။”
ဒီအချိန်မှာ ဆန္ဒကို ဖြစ်တန်ရာ ရှိ၊ မရှိဆိုတဲ့ ယုတ္တိဗေဒ စံနှုန်း တွေနှင့် တိုင်းတာမနေချင်တော့။ မြစ်တစ်ခုမှာ ရေနှစ်ခါချိုးချင်တဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ ဒိုင်အိုဂျီးနပ်စ်ခင်ဗျား။

 
ဆက်လက်ပြီး မနက် ၉ နာရီမှာ ဆွမ်းကျွေးတရားနာနှင့် နေ့လယ် ၁ နာရီ မှာ ဆရာကန်တော့ပွဲတွေကို မူလအစီ အစဉ်အတိုင်း အတိမ်း အစောင်းမရှိ ကျင်းပနိုင်ခဲ့ပါသည်။ ထိုနောက် ည ၆ နာရီမှာတော့ အားလုံး မျှော်လင့်စောင့်စားနေကြသော ညစာစားပွဲ၊ စတိတ်ရှိုးနှင့် ကံစမ်းမဲဖွင့်ပွဲကို ကျောင်းဘတ်စကက်ဘောကွင်းထဲ ဆက်လက် ကျင်းပကြပါသည်။ ကံစမ်းမဲ ပထမဆုက HIJET ကားတစ်စီး၊ ဒုတိယဆုက CLICK I ဆိုင်ကယ်တစ်စီးမို့ အားလုံးက စိတ်ဝင်စား ကြလေသည်။ စတိတ်ရှိုး အစီအစဉ်မှာ သွင်နောင်စိုး(မဲလုံး)နှင့် မြတ်မြတ်အိ (တရုတ်ဖွားရှင်မ)တို့ကြောင့် မြူးမြူးကြွကြွ ဖြစ်ခဲ့ရသည်။ ကံစမ်းမဲအစီအစဉ်မှာ ကျွန်တော်တို့ ထ(၃)၌ ၅တန်းမှ ၁၀တန်းအထိ ကျောင်း ၁၀ နှစ်တိတိ တက်ခဲ့ဖူးသော ရှေ့မီနောက်မီကြီး ကိုကျော်သန်း က ဂျိုကာ အဝတ်အစားဖြင့် ပေါက်မဲကြေညာပေးသောကြောင့် တစ်မူထူးခြားခဲ့ရပါသည်။

 
ထိုအပြင် ဂိမ်းအစီအစဉ်မှာ ဂျပန် ဆူမို နပမ်း သမားတစ်ယောက်နှင့် နင်လားငါလား ခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ထားသော ကိုမျိုးကျော်၏ ကိုးရိုးကားယားအမူအရာကြောင့် ပရိသတ်တွေ တဝါးဝါး ပွဲကျခဲ့ရလေသည်။ ထိုအပြင် ကိုယ့်အစုအဖွဲ့လေးနှင့်ကိုယ် ကိုယ့်မျိုးဆက်နှင့်ကိုယ် သီချင်းတက်ဆို ကြသည်။ ကျောင်းတုန်းက အလွန် ပဲများခဲ့ကြသော ဣနြေ္ဒရှင် မမတွေလည်း ဒီညတော့ စင်ပေါ်မှာ ကွေးနေအောင်က ကြသည်။ ယခုလို ငယ်မူပြန်နေကြသော တပည့် တွေကိုကြည့်ပြီး ဆရာကြီး၊ ဆရာမကြီးတွေ တပြုံးပြုံးနှင့် ပီတိဖြစ် မဆုံးတော့။

 
ညက တဖြည်းဖြည်း အိုမင်းရင့်ရော် လာပါသည်။ အမှောင်ထုကို အစွမ်းကုန် အံတုနေသော ဆလိုက်မီးရောင်များကြောင့် ပတ်ဝန်းကျင်မှာ နေ့ခင်းနှင့်မခြား လင်းထိန်နေပေမယ့် ညသည် ဇရာထောင်းနေပြီဖြစ် ကြောင်း နာရီလက်တံတွေက သက်သေခံနေပါသည်။များမကြာမီ ကျွန်တော်တို့သည် တစ်ဦးကိုတစ်ဦး ကျောင်းတုန်း ကလို ခင်မင်နေကြဆဲဖြစ်ကြောင်း ပြောဆိုကာ ပွေ့ဖက်နှုတ်ဆက်ပြီး လမ်းခွဲကြရတော့မည်။

 
ကျောင်းပရဝုဏ် ပြင်ပသို့ ခြေတစ်လှမ်း ချလိုက်မိသည်နှင့် ကျွန်တော်တို့သည် ဒေါင်လိုက် ဆက်ဆံရေးစနစ်ထွန်းကားသော အစစ်အမှန်လောကကြီးထဲသို့ ပြန်လည် ရောက်ရှိသွားပေလိမ့်မည်။သို့သော် ထိုသို့ အကြည်ဓာတ်လေးများဖြင့် စွတ်စိုခဲ့ရသော ညလေး တစ်ညကိုတော့ နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည် အထိ ကျွန်တော်တို့ မှတ်မှတ်ရရ ဖြစ်နေကြပါလိမ့်မည်။