ဘန်းချောင်းဒေသတွင် အာရှဆင်၊ သစ်ကြောင်၊ တောခွေး၊ ကြံ့သူတော်များရှိ

0
491

ထားဝယ်ခရိုင် ဘန်းချောင်းဒေသ တွင် တွေ့ရှိထားသော မျိုးတုန်းရန် နီးစပ် သည့် နို့တိုက်သတ္တဝါများ အပါအဝင် နို့တိုက် သတ္တဝါမျိုးစိတ်အချို့၏ ဓာတ်ပုံ ပိုစတာများအား ယင်းဒေသတွင် ဖြန့်ဝေ နေကြောင်း သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (WCS) တာဝန်ရှိသူများထံမှ သိရသည်။


ယင်းပိုစတာတွင် မျိုးတုန်းရန် နီးစပ်သည့် အာရှဆင်၊ သစ်ကြောင်၊ တောခွေး၊ ကြံ့သူတော် စသည့် ယင်း ဒေသတွင် တွေ့ရှိထားသော နို့တိုက် သတ္တဝါ မျိုးစိတ်များပါဝင်ကာ မကြာမီ ကာလတွင် မျိုးတုန်းရန် နီးစပ်သည့် နို့တိုက်သတ္တဝါ၏ ဓာတ်ပုံများလည်း ပါဝင်သည်။

 
ဒေသခံများအနေဖြင့် မိမိဒေသတွင် ဇီဝမျိုးစုံ မျိုးကွဲများ မည်မျှပေါများ နေထိုင်ကျက်စားသည်ကို သိရှိစေရန်နှင့် ဒေသရင်း မျိုးစိတ်များအား တန်ဖိုးထား ထိန်းသိမ်းတတ်ရန် ရည်ရွယ် ဖြန့်ဝေ ခြင်းဖြစ်ကြောင်း WCS ၏  မြန်မာပြည် တောင်ပိုင်းတာဝန်ခံ ဒေါ်ခင်မျိုးမျိုးက ပြောသည်။
“ဒေသခံတွေ ပိုမိုတန်ဖိုးထား ထိန်း သိမ်းလာရင် သားစဉ်မြေးဆက်လည်း ဒီသတ္တဝါလေးတွေကို တွေ့ရှိနိုင်မှာပေါ့ ”  ဟု ဒေါ်ခင်မျိုးမျိုးက ပြောသည်။

 
ပိုစတာပါ နို့တိုက် သတ္တဝါပုံများ အား ဘန်းချောင်းဒေသရှိ မောင်မထူးနှင့် ကျောက်ထုကျေးရွာ ပတ်ဝန်းကျင်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ဘန်းချောင်းဒေသခံ ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်းမှုဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခု နှစ် မေလ အထိ ကင်မရာထောင်ချောက် နည်းပညာကို အသုံးပြု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ် ကြောင်း ဒေါ်ခင်မျိုးမျိုး ထံမှ သိရသည်။

 
ယင်းသို့ မှတ်တမ်းတင်စဉ်က မျိုး တုန်းရန် နီးစပ်သည့် နို့တိုက်သတ္တဝါ ၆ မျိုး၊ မကြာမီကာလတွင် မျိုးတုန်းရန် နီးစပ်သည့် နို့တိုက်သတ္တဝါ ၁၂ မျိုး အပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ် ၃၈ မျိုးကို ကင်မရာမှ မှတ်တမ်းတင် နိုင်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ယင်းဒေသတွင် တောင် လိပ်၊ လိပ်ကျည်၊ လိပ်ပုတီးနှင့် ဖွတ်များ ကိုပါတွေ့ရပြီး ငှက်မျိုးစိတ် ၅၉ မျိုး ကိုပါ လေ့လာ တွေ့ရှိထားသည်ဟု သိ ထားရကြောင်း  WCS ထားဝယ်ရုံးခွဲမှ တာဝန်ရှိသူများက ပြောသည်။