၂၀၁၇ တနင်္သာရီဟောကိန်း

0
425

မျှော်လင့်သလောက်မဖြစ်ခဲ့သည့် ၂၀၁၆ ၏ ရက်စွဲများ နိဂုံးအဆုံး ရောက် ခဲ့ပြီ။
ဆောင်းဟုပင် မခေါ်နိုင်သည့် ဆောင်းသည် နှစ်တစ်နှစ်၏ အေးချမ်း သည့် နိဂုံးရက်များအား မဆောင်ကျဉ်း နိုင်။


၂၀၁၆ ခုနှစ်သည် အားမလို အားမရဖြစ်မှုများ၊ မချိတင်ကဲဖြစ်မှု များဖြင့် ၂၀၁၇ ခုနှစ်အား လက်လွဲလိုက် သည်။
ယခုနှစ်တွင် တနင်္သာရီ ဘိုးဘိုးကြီး သည် မျက်စိကို အဝတ်နီစည်းကာ သံပတ်မြင်းကိုစီးလျက် အနုကြည့် မှန်ပြောင်းတစ်ဖက်၊ ကြာပွတ် တစ်လက် ကိုင်ပြီး ဆင်းအံ့။

နိုင်ငံရေး
လူထု၏ နိုင်ငံရေး ရေချိန် ဆက်မြင့် တက်အံ့။
အိပ်မွေ့ကျနေသည့် မဲဆန္ဒရှင်များ စတင်နိုးထလာမည်။ မှန်းချက်နှင့် နှမ်း ထွက် မကိုက်သည့်အတွက် ပေါက်ကွဲ တေးသံများ စတင် ညံစီအံ့။
အတိုက်အခံ နိုင်ငံရေးပါတီ အများ စု လှုပ်ရှားမှု ငြိမ်သက်မြဲ ငြိမ်သက်အံ့။
ထားဝယ်တိုင်းရင်းသားအရေး လှုပ်ရှားမှုများ အရှိန်မြင့်တက်လတ္တံ။
သယံဇာတခွဲဝေရေးဆိုင်ရာများနှင့် ဆက်စပ်ပြီး အစိုးရများအား လူထု၏ မေးခွန်းထုတ်မှု များလာအံ့။ စွမ်းအင် နိုင်ငံရေးတွင် တနင်္သာရီအစိုးရ ဗျာပါ ပွေအံ့။ ငါးသယံဇာတကိစ္စ ကိုင်တွယ်ရေး အသံသာရှိ အဆံမရှိဖြစ်ဆဲ ဖြစ်မည်။
ဆန္ဒပြပွဲများ ခပ်စိပ်စိပ်ဖြစ်လတ္တံ။
နိုင်ငံရေးသမားနှင့် ဗျူရိုကရက်များ လေးစားသမှုရှိသည့် ဆက်ဆံရေး ထူ ထောင်ရန် ကြိုးစားရဦးမည့် ကာလ ဖြစ်အံ့။
ဟိုပွဲသည်ပွဲတက် အခမ်းအနား နိုင်ငံရေး ထွန်းကားမြဲ ထွန်းကားမည်။

စီးပွားရေး
ထားဝယ်စီမံကိန်း အနည်းငယ် လှုပ်မည်။ မူးယစ်ဆေး ရောင်းဝယ်သူများ ကျီးလန့်စာစား ဖြစ်အံ့။
ရိုးရာ အထည်လုပ်ငန်း၊ မိုဘိုင်းဖုန်း ဆိုင်လုပ်ငန်းများ ပြိုင်ဆိုင်မှု များမည်။ ခရီးသွားလုပ်ငန်း ဆက်လက် ဦးမော့နေ မည်။ သို့သော် ကျွန်းလုပွဲများ တိတ် တဆိတ်ဖြစ်နေဦးမည်။
ထိုင်းကုန်စည်ပြပွဲများ ပိုကျင်း ပကာ ဈေးကွက် ထိုးဖောက်မှု ပိုများအံ့။
ဒေသတွင်း လုပ်ငန်းများ မိရိုးဖလာ ဥခွံထဲတွင်ပင် ပိတ်မိနေဆဲလတ္တံ။
လမ်းပန်းဆက်သွယ်ရေး ပိုကောင်း လာသည်နှင့်အမျှ ယာဉ်လိုင်းကြီးများ ဈေးကွက်ထိုးဖောက်မှုကြောင့် ဒေသခံ ယာဉ်လိုင်းများ အထိနာသထက် နာမည်။
လုံခြုံရေး ကင်မရာ တပ်ဆင်သူများ အိတ်ဖောင်းမည်။
တိုင်းအစိုးရ၏ စီးပွားရေး မူဝါဒ နှင်းကွဲဦးမည်မဟုတ်။ လျှပ်စစ်ဈေး ကြောင့် ကုန်ထုတ်လုပ်မှု ဒုံရင်း ဒုံရင်း ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်းရှင်များ အရင်းမထည့်ရဲသောကာလ ဆက်ဖြစ် နေဦးမည်။
မြေဈေးက အိုင်ပြီး ပြန်ရင်း အိုင် ပြန်ရင်းဖြစ်နေပြီး ထားဝယ်စီမံကိန်း၏ ကကွက်အတိုင်း ဆက်ယိမ်း နေဦးမည်။

လူမှုရေး
ကျေးလက်များ လျှပ်စစ်အပေါ် မီခိုမှု ပိုကြီးလာမည်။ လူငယ်များ ချစ်မှု ရေးရာတွင် ပိုမိုပွင့်လင်းလာမည်။
ယောဂကဲ့သို့သော သင်တန်းများ ခေတ်စားမည်။ ခန္ဓာအလှ အပဆိုင်ရာ များ ပိုခေတ် စားလာမည်။
ပုဂ္ဂလိက ပိုဆန်လာမည်။ လူအဖွဲ့ အစည်းအတွင်း ယုံကြည်မှု ပြိုဆင်းပြီး မလုံခြုံမှုများ ပိုမို ခံစားလာရမည်။
မူးယစ်ဆေး၏ လူအဖွဲ့အစည်း အပေါ် လှိုက်စားနေမှုအား ပိုမိုသတိထား မိလာအံ့။
အပန်းဖြေ ခရီးသွားသူများ လူမှု ကွန်ရက်ပေါ် ဓာတ်ပုံတင်ရန် ဗျာများရင်း အပန်းမဖြေနိုင်ဖြစ်အံ့။
Facebook ကဲ့သို့သော လူမှု ကွန်ရက် စာမျက်နှာ များကြောင့် ဖြစ်ပေါ် သည့် လူမှုရေး အရှုပ်အထွေးများ ပိုပို များလာအံ့။

ပညာရေး
ကျောင်းသမဂ္ဂများ ပိုအားကောင်း လာမည်။
ကျောင်းတွင်း လှုပ်ရှားမှုများ ပိုမို အားကောင်း လာမည်။ တက္ကသိုလ် အဆောင် ယဉ်ကျေးမှု အစပျိုးမည်။ တက္ကသိုလ်များ ပြည်ပနှင့် ချိတ်ဆက်မှု ပိုများလတ္တံ့။
အခြေခံပညာရေးက ထုံးစံအတိုင်း ရှိဦးမည်။ ကျူရှင်လည်း ဆက်လာ ဦးမည်။
သို့သော် ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများ အတွက် သင်တန်းများ တိုးလာနိုင်သည်။ နိုင်ငံခြားဘာသာ စကား အရေးပါမှု ပိုသိလာမည်။


တနင်္သာရီ ဘိုးဘိုးကြီးသည် မျက်စိ ကို အဝတ်နီစည်းကာ သံပတ်မြင်းကို စီးလျက် အနုကြည့်မှန်ပြောင်းတစ်ဖက်၊ ကြာပွတ် တစ်လက်ကိုင်ပြီး ဆင်းအံ့။