တနင်္သာရီတွင် ယဉ်ကျေးမှုပြတိုက်ဆောက်ရေး ခြေလှမ်းစ

0
360

တနင်္သာရီတိုင်းအတွင်းရှိ ရှေးဟောင်းမြို့တစ်ခုဖြစ်သော တနင်္သာရီမြို့နယ်တွင် ယဉ်ကျေးမှုပြတိုက်ဆောက်လုပ်ရန် ခြေလှမ်းစပြင်နေပြီဖြစ်သည်။

တနင်္သာရီမြို့နယ် ချောင်းကြီးရပ်တွင် ပြတိုက်ဆောက်ရန် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြေနေရာစတင်ပြုပြင်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း ကပြောကြားသည်။

ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော တနင်္သာရီမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို လုံးခရမ်းကျောင်းနှင့် ချောင်းငယ်ကျောင်းတို့တွင် ထိန်းသိမ်းပြီး ပြတိုက်ပြီးစီးပါက ယင်းပစ္စည်းများကို ထည့်သွင်းပြသနိုင်ရန် စီစဉ်နေကြောင်း ကော်တီမှ သိရသည်။

အလျား ၆၀ အနံ ၃၀ ပေရှိ တစ်ထပ်တိုက်အမျိုးအစား ပြတိုက်အတွက် ကုန်ကျငွေ သိန်း ၃၅၀ ကျော်ခန့်မှန်းထားပြီး လက်ရှိ မတည်အလှူငွေ သိန်း ၂၀ ရရှိထားကြောင်း ဦးသန်းစိုးက ပြောပြသည်။

အလှူငွေရရှိသည့်အပေါ်မူတည်ပြီး ဆောက်လုပ်သွားမည်ဖြစ်ကာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ပြီးစီးဆောက်လုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင် ပြတိုက်ဆောက်လုပ်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ကြောင်း ကော်မတီက နှိုးဆော်ထားသည်။

တနင်္သာရီမြို့တွင် ရှေးဟောင်းစာပေ အုတ်မြို့ရိုး ကျုံးများ ရှိပြီး ရှေးဟောင်း လူအသုံးဆောင်ပစ္စည်းများ မကြာခဏတွေ့ရှိနေရကြောင့် ယင်းမြို့ခံအချို့ထံမှ သိရသည်။