တိုင်းတွင်း မြိုင်ရာဇာတွတ်ပီ အားလုံး လိုင်စင်မရှိ

0
626

တနင်္သာရီတိုင်းတွင် အမဲလိုက်ခွင့် လိုင်စင်ရမုဆိုး တစ်ဦးမျှမရှိဟု တိုင်း ဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဇေယျထံမှ သိရသည်။

ယခုအချိန်တွင် တောရိုင်းတိရစ္ဆာန် ပေါပေါများများ မရှိတော့သဖြင့် မုဆိုး လိုင်စင် လာရောက်လျှောက်ထားပါကလည်း ခွင့်မပြုရန်များပြီး သုတေသနနှင့် သိပ္ပံ နည်းပညာဆိုင်ရာ လေ့လာနိုင်ရန် မေ့ဆေးများဖြင့် ပစ်ဖမ်းခြင်း စသဖြင့် အမဲလိုက်ခြင်း၏ ရည်ရွယ်ချက်ပေါ် မူတည်ကာခွင့်ပြုမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။” ထိန်းသိမ်းဖို့အတွက် အဓိက လုပ်နေရတဲ့အချိန်ပဲ၊ တရားဝင်ခွင့်ပြုစရာ အကြောင်းတော့ နည်းပါတယ်”ဟု ဦးကျော်ဇေယျက ပြောသည်။

အမဲလိုက်သူများအား စည်းကမ်းချက်များသတ်မှတ်၍ (သဘာဝနယ်မြေ အတွင်း ရှိ တောရိုင်းတိရစ္ဆာန်များနှင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များမှအပ အခြား)တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ခွင့်လိုင်စင် ထုတ်ပေးနိုင်သည်ဟု တောရိုင်း တိရိစ္ဆာနှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းရေးဥပဒေများ၏ အခန်း (၆) အမဲလိုက်ခြင်း အခန်းတွင် ပြဋ္ဌာန်းထားသည်။

တနင်္သာရီတိုင်း ကြိုးဝိုင်းကြိုးပြင် ဧရိယာနှင့် တိုင်းတွင်းသစ်တောဝန်ထမ်း အင်အားအရ ဝန်ထမ်းတစ်ဦးတွင် သစ်တောဧက နှစ်သောင်းနီးပါး ထိန်းသိမ်းနေ ရသော အနေအထားကြောင့် ခိုးဝှက်အမဲလိုက်မှုများ၊ တရားမဝင် အမဲလိုက်မှုများ ရှိကောင်းရှိ နေနိုင်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
“လိုင်စင်မရှိတာတောင်မှ သူတို့နည်း သူတို့ဟန်နဲ့ သိတဲ့အတိုင်းပဲ လုပ်ကိုင် (အမဲလိုက်)နေကြတာ၊ ကျွန်တော်တို့ ဒါကို နောက်ထပ်တရားဝင် သွားခွင့်ပြုပေး လိုက်ရင် ပိုဆိုးသွားမယ်၊ အဲဒီ အတွက်ကြောင့် မူအားဖြင့်တော့ မပေးဖို့များတယ်” ဟု ၎င်းက ပြောသည်။

လိုင်စင်မရှိဘဲ အမဲလိုက်ပါက အထက်ပါ ဥပဒေပုဒ်မ ၃၅(က)အရ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်သောင်း အထိ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊အမဲလိုက်ခြင်း (သို့မဟုတ်) အနာတရ ဖြစ်စေခြင်း ပြုပါက ယင်း ဥပဒေပုဒ်မ ၃၇(က)အရ ထောင်ဒဏ် ၇ နှစ်ထိဖြစ်စေ၊ ငွေဒဏ် ငါးသောင်းကျပ် အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။