နေရပ်ပြန် စစ်ဘေးရှောင် ၄ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် ဒဏ်ငွေ ငါးထောင်စီ အမိန့်ချခံရ

0
584

ပိုင်နက်ကျူးလွန်မှုဖြင့် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင် ၄ ဦး ကို ဒဏ်ငွေ ကျပ်ငါးထောင်စီကျခံရန် ရေဖြူမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၂၃ ရက်တွင် အမိန့်ချခဲ့သည်။နေရပ်ပြန်စစ်ဘေးရှောင် ၄ ဦးကို ယင်းကျေးဇူးတော်ကျေးရွာနှင့် အနီး တစ်ဝိုက်တွင်ဧက နှစ်ထောင်နီးပါး လုပ်ကိုင်ခွင့်ရထားသည့် ရွှေပဒုမ္မာ ကုမ္ပဏီက ရာဇသတ်ကြီးပုဒ်မ-၄၄၇ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

” ပြစ်ဒဏ်ကျူးလွန်တယ်လို့ ထင်ရှားတဲ့အတွက် အခုလို အမိန့်ချလိုက်တာပါ ” ဟု ရေဖြူမြို့နယ် တရားရုံးက တရားသူကြီးက ပြောသည်။
၎င်းတို့ ၄ ဦးအပြင် နောက်ထပ် ကျေးဇူးတော်ရွာသား နှစ်ဦးမှာလည်း ရေဖြူမြို့နယ် တရားရုံးတွင် တရားစွဲခံ ထားရပြီး ရာဇသတ်ကြီး ပုဒ်မ-၄၄၇ (ပိုင်နက် ကျူးလွန်မှု)၊ ၄၃၅ (မီးရှို့မှု) ဖြင့် ရွှေပဒုမ္မာ ကုမ္ပဏီကပင် တရားစွဲထားခြင်းဖြစ် သည်။

” (ယခင်)တိုင်းရင်းသားဝန်ကြီးက ပြန်လာပါလို့ ဖိတ်ခေါ်လို့ ပြန်လာတာ။ အခုတော့ တရားစွဲခံရတယ်။ အခုပုံမျိုးဆို ပြန်မလာသေးတဲ့ သူငယ်ချင်းတွေကို ပြန်မလာစေချင်သေးဘူး” ဟု တရားစွဲ ခံရသူတစ်ဦးဖြစ်သည့် ကျေးဇူးတော် ရွာသား စောရိုးလာက ပြောသည်။
ပြန်လာချိန်တွင် ၎င်းတို့ မူလပိုင် ဆိုင်ခဲ့သည့် နေရာတွင် ဥယျာဉ်ခြံ လုပ် ငန်းများ ပြန်လည်လုပ်ကိုင်ရာမှ ယင်းသို့ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း၎င်းက ဆိုသည်။ စစ်ဘေးရှောင်များ နေရပ်ပြန်ချိန်တွင် ၎င်းတို့ မူလပိုင်ဆိုင်သည့် ဥယျာဉ် ခြံမြေများကိုယခင်အစိုးရ လက်ထက်က စိုက်ပျိုးရေးစီမံကိန်းများကို လုပ်ကိုင် ခွင့်ပြုခဲ့ခြင်းကြောင့် မြိတ်မြို့နယ် ဘန်းမဲ့ နှင့်တုံးဗျောကျေးရွာ တို့မှ ဒေသခံများ လည်း တရားစွဲဆို ခံနေရသည်။