မော်လမြိုင်ရှိ ကျူးကျော်ဆိုင်များ ရှင်းလင်း

0
405

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ လမ်းကျူးကျော်ဆိုင်များကို ရှင်းလင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မှု မရှိသည့် ဆိုင် ၂၄ ဆိုင်ကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ စီ ဒဏ်ရိုက် အရေးယူခဲ့ ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။

မေလက စတင်ဆောင်ရွက်ခဲ့သည့် လမ်းကျူးကျော်ဆိုင် ရှင်းလင်းဆောင် ရွက်ရေးတွင် ဆိုင်ပေါင်း ၄၅၇ ဆိုင် ရှင်းလင်းခဲ့ရာ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဆိုင် ၂၄ ဆိုင်ကို ဒဏ်ငွေရိုက် ခြင်းဖြင့် အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ” ကျူးကျော်ဆိုင်ကိစ္စကို အဖွဲ့ရဲ့ စည်းကမ်းထိန်းအဖွဲ့ကနေ နေ့စဉ် စစ် ဆေးနေပါတယ်၊ ကျူးတာတွေ့ရင် ဒဏ်ရိုက်ပါတယ်” ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ခင်သီတာလင်းက ပြောသည်။

၎င်းပြင် ညအိပ်ကျူးကျော်ရောင်း ချနေသော ဈေးသည် ၅ ဦးကိုလည်း အမှုဖွင့်တိုင်ကြားခဲ့ပြီး မော်လမြိုင်မြို့ နယ်တရားရုံးမှ နိုဝင်ဘာ ၂၃ ရက်က မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ (၉၇) အရ အရေးယူခဲ့သည်။ယင်းတို့ကို ဒဏ်ကြေးငွေ တစ်ဦး လျှင် ကျပ် ၁၅၀၀၀၀စီ ဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်နိုင်ပါက အလုပ်နှင့် ထောင်ဒဏ် ၃ လ ကျခံရန် အမိန့်ချ မှတ်ခဲ့ကြောင်း ဒေါ်ခင်သီတာလင်းက ပြောသည်။

မော်လမြိုင်မြို့ပေါ်က လူစည်ကား ရာ လမ်းကျူးကျော်မှုများသည့် အမှတ် (၁) ဈေး၊ အမှတ် (၂) ဈေး၊ သထုံ တံတားလမ်း၊ အောက်လမ်းမကြီး၊ ကမ်း နားလမ်း၊ ဖက်ခင်းလမ်းနှင့် အထက် လမ်းမကြီးတို့ကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၏ စည်းကမ်းထိန်းအဖွဲ့တို့က နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။