လာမည့်နှစ်တွင် တိုးဂိတ်အသစ် ငါးခုတိုးမည်

0
440

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းအတွင်း တန်ပိုစစ် ဆေးမည့် တိုးဂိတ်အသစ် ၅ ခု ထပ်မံ ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ထံမှ သိရသည်။

ယာဉ်များ တန်ပိုတင်ဆောင်ခြင်း ကြောင့် လမ်း၊ တံတားများ သတ်မှတ် ကာလ မရောက်မီ မပျက်စီးစေရန်အတွက် တန်ပို တင်ဆောင်ခြင်း စစ်ဆေးနိုင်ရန် တိုးဂိတ်အသစ် ၅ ခု ထပ်မံတည်ဆောက် ရန် တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြထား ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။လက်ရှိ တိုင်းအတွင်း တိုးဂိတ် ၄ ခု ရှိသည်။

” ပိုက်ဆံကောက်ဖို့ မဟုတ်ပါဘူး၊ တန်ပိုတင်ပြီး ဖြတ်သန်းသွားလာတာ တွေကို တားချင်လို့ပါ” ဟု အဆိုပါ တာဝန်ရှိသူ ကပြောသည်။
လက်ရှိ စစ်ဆေးနေသည့် တန်ပို ဂိတ်များကြားတွင် လစ်ဟာနေသည့် နေရာများတွင် တန်ပိုစစ်ဆေးရေး တိုး ဂိတ်ဖွင့်လှစ်ခြင်း ဖြစ်သည်။
ရေဖြူမြို့နယ် ပိန်းရှောင်ရွာတွင် တစ်ခု၊ ပုလောမြို့နယ် ပေါင်းကျေးရွာ တွင် တစ်ခု၊ မြိတ်မြို့နယ် အဒွင်း ကျေးရွာ တွင်တစ်ခု၊ မြိတ်မြို့နယ် တက် လက်ငယ်ရွာတွင်တစ်ခုနှင့် ခမောက်ကြီး မြို့တွင် တစ်ခု တည်ဆောက်ရန် လျာ ထားကြောင်း ၎င်းကဆိုသည်။

တိုင်းအတွင်းရှိ နိုင်ငံတကာ အဝေး ပြေးလမ်း(ယခင် ပြည်ထောင်စုလမ်းမ)ပေါ်တွင် ကုန်+ယာဉ် အလေးချိန်ကို တန် ၆၀ သတ်မှတ်ထားကြောင်း ယင်း တာဝန်ရှိသူက ပြောသည်။ဝင်ရိုး ၅ ခုပါ ၁၄ ဘီး ကုန်တင် ယာဉ်များကို ၃၀ တန်၊ ဝင်ရိုး ၄ ခုပါ ၁၄ ဘီးကုန်တင်ယာဉ်များကို ၃၃ တန်၊ ဝင်ရိုး ၅ခုပါ ၁၈ ဘီးကုန်တင် ယာဉ် များကို ၄၁ တန်၊ ဝင်ရိုး ၆ ခုပါ ၂၂ ဘီး ကုန်တင်ယာဉ်များကို ၄၈ တန် အစသဖြင့် သတ်မှတ်ထားကြောင်း လမ်း ဦးစီးဌာနထံမှ သိရသည်။