ဆေးပြောင်းခြင်း

0
437

ပြီးခဲ့သည့် ရက်က လမ်းထိပ် ထွက်တော့ အရင်က အမှိုက်ထုပ်များ မထားရန် အသိပေးစာ ရေးထားသည့် ပလက်ဖောင်းဘေး မြေနေရာက ပန်းအိုး များဖြင့် သပ်သပ်ရပ်ရပ် ဖြစ်နေသည်ကို တွေ့ရသည်။ ထားဝယ်တွင် ပုဂ္ဂလိက အမှိုက်သိမ်း လုပ်ငန်းစပြီးသည့်နောက်ပိုင်းတွင် စာရေး သူတို့ လမ်းကြားမှ အမှိုက်ပစ် သူတချို့ က အမှိုက်ကားမလာမီ အမှိုက်ထုပ်များကို ယင်းလမ်းထိပ်နေရာတွင် ကြိုထားထား လေ့ရှိသည်။

အမှိုက်ကား ရောက်ချိန်နှင့် အမှိုက် ထုပ်ထားချိန် သိပ်မကွာသည့်အခါ ပြဿနာမဟုတ်သော်လည်း အချိန်အရမ်း ကွာ သွားသည့်အခါဖြစ်စေ၊ အမှိုက်ကား မလာသည့်အတွက် အမှိုက်ထုပ်များ လမ်းထိပ်တွင် ညအိပ်ညနေ ထားလိုက်ရ သည့်အခါ၊ ခွေးဆွဲ၊ ကြွက်ဖောက်လေ့ ရှိသည်။
အမှိုက်ထုပ်များတွင် စားကြွင်းများ ပါနေပါက ဆိုဖွယ်ရာ မရှိပေ။ အမှိုက်သိမ်းလုပ်ငန်းစပြီး လအတန် ကြာတွင် ကြွက်ဖောက်နေသည့်အတွက် အမှိုက်ထုပ်များ မထားရန်ဟု အဓိပ္ပာယ်ရ သည့် စာတန်းတစ်ခု ချိတ်ထားသည်ကို သတိထားမိသည်။

သို့သော် ထားမြဲ ထားကြဆဲ။ ယနေ့ မနက်တွင်တော့ အမှိုက် ထုပ်များ ထားလေ့ရှိသည့် ပလက်ဖောင်း ဘေး မြေနေရာတွင် ပန်းအိုးများ ချထား သည်ကို တွေ့ရပြီး သပ်သပ်ရပ်ရပ် ရှိနေ သည်ကို တွေ့ရသည်။လမ်းကြားထဲက သူတွေ အမှိုက်ထုပ် ဆက်ထားမလား၊ နေရာသစ် ထပ်ရှာ မလား၊ ဒါမှမဟုတ် အမှိုက်ကား ခေါင်း လောင်းသံကိုနားထောင်ပြီး တိုက်ရိုက် အမှိုက်ပစ် မလားဟူသည်ကိုမူ စောင့် ကြည့်ရမည်ဖြစ်သည်။
မည်သို့ဆိုစေ စိတ်ကူးကောင်းသည် ဟု ဆိုရပေမည်။

ယင်းကဲ့သို့သော စိတ်ကူးမျိုးကို ပြုပြင်ပြောင်းလဲရေးအတွက် သိမ်မွေ့ သည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြု မည်ဆိုပါက မည်သို့ အကျိုးသက်ရောက် နိုင်သနည်း။ ပြောင်းလဲရခက်သည့် အရာများ ထဲတွင် လူတစ်ဦးချင်းစီတွင် ကျောက်ချ စွဲကပ်နေသည့် အမူအကျင့်များလည်း ပါသည်။ အဆိုပါ အမူအကျင့်များ ပြောင်းလဲရေးအတွက် ကြိုးပမ်းကြရာတွင် နည်းနာများစွာရှိပြီး နည်းနာတစ်ခု ချင်းစီတွင်လည်း အားသာချက် အားနည်း ချက်များ ရှိသည်။
နည်းနာတစ်ခုစီနှင့် ပတ်သက်ပြီး လည်း အလုပ်ဖြစ်ခြင်း မဖြစ်ခြင်း အပေါ် အငြင်းပွားမှုများ ရှိသည်။

” အမှိုက်မပစ်ရ” ၊ ” အပေါ့မသွားရ” “သေးမပေါက်ရ” “ကွမ်းတံတွေး မထွေး ရ” စသည့် အလုပ်မဖြစ်သည့် အမိန့် ဆန်သည့် သတိပေး စာတန်းများနှင့်သာ ယဉ်ပါးခဲ့သည့် မြန်မာ့လူအဖွဲ့အစည်းတွင် ယင်းစာသားများအစား အခြားစာသား များ ပြောင်းလဲခြင်း၊ ဆေးမတိုးသည့် သတိပေးစာတန်းများထက် ပိုမိုထိရောက် အခြားနည်းနာများကိုလည်း စဉ်းစားကြရ မည် ဖြစ်သည်။ ဘ၀နေထိုင်မှု အလေ့အထများနှင့် ဆက်နွယ်နေသည့် ကိစ္စများအား ပြုပြင် ပြောင်းလဲရန် ကြိုးစားသည့်အခါ အင်မတန် စိတ်ရှည်ရန်လိုပြီး နက်နက် ရှိုင်းရှိုင်းလည်း ဘက်ပေါင်းစုံက စဉ်းစား ရန် လိုပေသည်။

အမိန့်မဆန်သည့် စာသားများ ပြောင်းခြင်း
သင်တန်း အတော်များများတွင် အခြေခံ စည်းမျဉ်း ချလေ့ရှိသည်။ ယင်း သို့ ချသည့်အခါတွင်လည်း အများစု သဘောတူ ထားသည့် စည်းကမ်းချက် များကို “. . . . . . မည်”ဖင့် အဆုံးသတ်ပြီး ရေးလေ့ရှိသည်။

ဥပမာ –
“အချိန်တိတိကျကျ လာမည်” “ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမည်” “တစ်ဦးနှင့် တစ်ဦး လေးလေးစားစား ဆက်ဆံမည်” စသဖြင့် . . . . . “မည် ” ဖြင့်ဆုံးသည့် သဘောတူညီချက်များကို ရေး ကြသည်။ အများစု သဘောပါသည့် သဘော၊ ဒီမိုကရေစီဆန်သည့် သဘောဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ် သည်ဟု ဆိုနိုင်ပေသည်။သို့ဆိုလျှင် အမိန့်ဆန်ပြီး အလုပ် မဖြစ်ဖြစ်နေသည့် စာသားများကို ပြောင်း လျှင် အလုပ်ဖြစ်နိုင်ပါ၏လော။

“အမှိုက်မပစ်ကြပါ” ၊ “အပေါ့ မသွားကြပါ” “သေးမပေါက်ကြပါ” “ကွမ်းတံတွေး မထွေးကြပါ” စသဖြင့် ပြောင်းကြည့် သင့်ပေသည်။
သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အလိုက် အစည်းအဝေးများ ပြုလုပ်ပြီး သဘောတူညီကာ လုပ်နိုင်ပါက ပိုကောင်း သည်။ မိမိရပ်ကွက်သူ ရပ်ကွက်သား များ သဘောတူပြီး ဖြစ်သည့်အတွက် ယေဘုယျအားဖြင့် အခြားရပ်ကွက်များမှ လာပစ်သည်ကိုသာ စိတ်ပူစရာလိုပေ သည်။
NLD အစိုးရ တက်ခါစက “ဒီမိုကရေစီ အစိုးရတက်ပြီဆိုတော့ အမှိုက်တောင် အရင်လို စည်းမဲ့ ကမ်းမဲ့ မပစ်ရဲတော့ဘူး” ဟုပြောသည့် မိတ်ဆွေ တစ်ဦးနှင့် ကြုံဖူးသည်။

ကိုယ်စီနှင့် သက်ဆိုင်သည်ဟူသည့် စိတ်၊ ယုံကြည်မှု လူတစ်ဦးချင်းစီ၏ ရင်ထဲ ကိန်းသွားလျှင် အပြောင်းအလဲ အတွက် မခက်တော့ဟု ဆိုရပေမည်။
မလုပ်ရက်စရာ ဖြစ်အောင် လုပ်ခြင်း နောက်ထပ် တစ်နည်းမှာ မလုပ်ရက် စရာ ဖြစ်အောင် လုပ်ခြင်း ဖြစ်သည်။
ငယ်ငယ်က နားထောင်ဖူးသည့် ရေဒီယို ဆွေးနွေးခန်းတစ်ခုတွင် အမှိုက် ပစ်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များစွာအနက် ယနေ့အချိန်အထိ နားထဲက စွဲနေပြီး ကိုယ်တိုင် ကျင့်သုံးဖြစ်သည့် အကြံပြု ချက်တစ်ခုမှာ “အမှိုက်မပစ်ရက်စရာ၊ ကွမ်းတံတွေး မထွေးရက်စရာ ဖြစ်အောင် လုပ်ပါ” ဟူသည့် အချက် ဖြစ်သည်။

နောက်ထပ် မမေ့သေးသည့် အဖြစ် အပျက်တစ်ခုမှာ သီလရှင်ကျောင်းတစ်ခုရှိ အိမ်သာမှ ထွက်လာသည့် ဧည့်သည် အမျိုးသမီးတစ်ဦးက “ဆရာလေးတို့ အိမ်သာကလည်း အိပ်လို့တောင် ရတယ်” ဟူသည့် မှတ်ချက် စကားဖြစ်သည်။ထို့ကြောင့် အမှိုက်မပစ်ရက်အောင်၊ ကွမ်းတံတွေး မထွေးရက်အောင် လုပ် သည့် နည်းနာများကိုလည်း ထည့်သွင်း စဉ်းစားသင့်ပေသည်။အထက်တွင် ဖော်ပြခဲ့သည့် အမှိုက် ထုပ်များ မထားရန် စာရေးထားသော် လည်း အထမမြောက်သည့် နေရာတွင် ပန်းအိုးများ ချထားပြီး သပ်သပ်ရပ်ရပ် လုပ်ခြင်းသည်လည်း မထားရဲအောင် လုပ်ခြင်း ဖြစ်သည်ဟု ယူဆမိသည်။

ရန်ကုန်တွင် ဂုံးကျော် တံတားများ အောက်၌ အပန်းဖြေရန် နေရာများ ပြုလုပ် ပေးပြီးပြီးချင်း အမှိုက်များ ကွမ်းတံတွေး များဖြင့် ပေပွနေသည့် အခြေအနေမျိုး သာ ရှိသေးသည့် အခြေအနေ၊ လမ်းသွား လမ်းလာများ အပေါ့စားအမှိုက်များ ပစ်ရန် ချထားပေးသည့် လှတပတ အမှိုက် ပုံးများတွင် အလှဆင်ထားသည့် ဘေးတား များ ကျိုးပဲ့သည်အထိ စားကြွင်းအမှိုက် များ လာပစ်နေသူများ ဖောချင်းသောချင်း ရှိနေသေးသည့် လူအဖွဲ့အစည်းတွင် ယခုကဲ့သို့ နည်းနာများအား အကြံပြုခြင်း မှာ မိုက်မဲရာကျသည်ဟု ထင်ကောင်း ထင်ပေမည်။ စိတ်ရှည်စွာ လုပ်စေချင် ပါသည်။

လူမှုရေးအရ ဖိအားသည် လူတစ်ဦး ချင်းစီအပေါ် သက်ရောက်နေသည့် ပြင်း ထန် သိမ်မွေ့သည့် ဖိအားများအနက် တစ်ခုဖြစ်သည်။
“ဒီနေရာမျိုးမှာတောင် အမှိုက် လာပစ်သွားတာ အံ့ဩလို့ မဆုံးဘူး” ဟူသည့် စကားကို နှုတ်ထွက် ပြောလာသူ များလာခြင်းသည် အပြောင်းအလဲအတွက် အစဟုပင် ဆိုရမည်ဖြစ်သည်။

သက်ဆိုင်ရာ မြို့ပြ ကျေးရွာ စီမံခန့် ခွဲသူများအနေဖြင့် ရပ်ကွက်ကျေးရွာ စည်ပင် သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အပြောင်းအလဲတစ်ခုခု လုပ်ရှားမှု တစ်ခုခု လုပ်တော့မည်ဆိုလျှင် အထက်ပါ စိတ်ကူး များကို အခြေခံထည့်သွင်း စဉ်းစားသင့် ပေသည်။