ပညာရှင်တွေ ခေါ်ပါ

0
448

နိုင်ငံရေး သမားကောင်းတို့သည် မိမိလိုအပ်နေချိန်အတွင်း အယူအဆ မတူသည့် အခြားနိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ၏ အကူအညီကို စည်ရုံး ရယူနိုင်ကြစမြဲ ဖြစ်ပါသည်။နိုဝင်ဘာလနှောင်းက သတင်း တစ်ပုဒ် ဖတ်လိုက်ရသည်။

” အင်ဂျင်နီ ယာဝန်ကြီးတစ်ဦး အလိုရှိကြောင်း” တိုင်းဝန်ကြီးချုပ်မှ ပြောသည့်သတင်း..။ တိုင်းအတွင်း တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေးပိုင်း ဆန်းစစ်ချက်များ အားနည်းနေသည့် အတွက် ပညာရှင် အင်ဂျင်နီယာ တစ်ဦး အား ဝန်ကြီးအဖြစ် လိုအပ်နေသည်ဟု ဆိုလာသည်။
ယင်းသတင်းသည် လက်ရှိတိုင်း အစိုးရသည် ပညာရှင်များအား ချစ်မြတ် နိုးကြောင်း ပြသည်။ တတ်သိပညာရှင် များကို သူကောင်းပြုလိုစိတ်ကို မြင်နိုင် သည်။ သို့အတွက် သာဓု ခေါ်ပါသည်။

ပညာရှင်ဟုဆိုလျှင် အစိုးရဌာန ဝန်ထမ်း ပညာရှင်များနှင့် ပြင်ပပညာ ရှင်ဟု နှစ်မျိုး ခွဲနိုင်ပါသည်။ ပြင်ပ ပညာရှင်တွင်လည်း လူငယ် လူလတ် ပညာရှင်များနှင့် အစိုးရ အမှုထမ်းဟောင်း အငြိမ်းစား ပညာရှင်များဟု နှစ်မျိုး ထပ်ခွဲချင်ပါသည်။နိုင်ငံအတော်များများတွင် အငြိမ်း စားပညာရှင်များအား အစိုးရအစီ အစဉ်ဖြင့် သင့်တော်သော နေရာဌာန များတွင် အချိန်ပြည့်၊ အချိန်ပိုင်း နေရာ ချထား တာဝန်ပေးထားတတ်ပါသည်။ ယင်းသို့ စီစဉ်ပေးခြင်းဖြင့် ၎င်းတို့ ဖြတ် သန်းခဲ့သော အတွေ့အကြုံများကို တိုင်းပြည်အတွက် အကျိုးရှိစွာ အသုံးပြု ရာရောက်ပေသည်။ အငြိမ်းစား ကြီးများ ကလည်း မိမိတို့၏ နောက်ဆုံး အချိန် အထိ ဘ၀ကို တန်ဖိုးရှိစွာ အသုံးချခွင့် ရကြသဖြင့် လူဖြစ်ရကျိုး နပ်ကြရ သည်။ တိုင်းပြည်အတွက်ရော ကာယကံရှင် အတွက်ပါ ကြည်နူးရသည်။
ပင်စင်စားကြီးများနှင့် ပတ်သက်၍ ခဏခဏကြည့်ဖြစ်သော အမေရိကန် အက်ရှင် တစ်ကားရှိသည်။ ကမ္ဘာအား အခြား ဂြိုဟ်သားများ လာရောက် တိုက်ခိုက်မှုအား တိုက်သင်္ဘောကြီး များဖြင့် ပြန်ချေမှုန်းသည့် BATTLE SHIP အမည်ရ အက်ရှင်ကား။
လိုရင်း ဇာတ်ဝင်ခန်းကိုသာ ပြောပြ ပါမည်။

ဂြိုလ်သားတို့၏ ကြီးမားလှသည့် စက်ရုပ်ကြီးနှင့် ကမ်းနီးပင်လယ်ပြင်တွင် အပြန်အလှန် ပစ်ခတ်ရင်း မင်းသား ရေ တပ်ဗိုလ်လေး၏ တိုက်သင်္ဘော ပျက် သွားသည်။ စစ်သားများ ရေထဲခုန်ချရ သည်။ အသက်ကယ်လှေဖြင့် နီးရာကမ်း သို့ ဝင်လာကြသည်။ ကမ္ဘာကြီး ဂြိုဟ် သားများလက်ထဲ ကျရှုံးတော့မည်။
မင်းသားစစ်ဗိုလ်က ကမ်းတွင် ကျောက်ချကာ ပြတိုက်လုပ်ထားသည့် တိုက်သင်္ဘော အဟောင်းကြီးတစ်စီးအား မြင်သွားသည်။ တက်ကြည့်ကြသည်။
သင်္ဘောဟောင်းကြီးပေါ် မျှော်လင့် ချက်မဲ့စွာနဲ့ ဟိုကြည့် ဒီကိုင်လုပ်နေချိန် ယူနီဖောင်းအဖြူဝမ်းဆက်ဝတ် အဖိုးကြီး များ ကုန်းပတ်ပေါ် ထွက်လာသည်။ သူတို့သည် သင်္ဘောပြတိုက်စောင့် အဖိုး ကြီးများဖြစ်ပြီး ယင်းတိုက်သင်္ဘော ကြီး၏ ရေတပ်သားဟောင်း ပင်စင် စားကြီးများ ဖြစ်လေသည်။ မင်းသား စစ်ဗိုလ်လေးနှင့်အဖွဲ့ ပြတိုက် သင်္ဘော ပေါ် တက်လာကတည်းက သူတို့အား လိုအပ်နေပြီ ဆိုသည်ကို သိပုံရကြ၏။

ထိုပင်စင်စား ရေတပ်သားဟောင်း အဖိုးကြီးများ လူစုပြီး ကုန်းပတ်ပေါ် တပ်ရင်းသဏ္ဌာန် ချီတက်လာပုံက ကျက် သရေ ရှိလှတော့၏။ ကြက်သီး တဖြန်း ဖြန်းထကာ ကယောင်ကတမ်းဖြင့် လက် ခုပ် ထတီးမိတဲ့အထိ။အဖွဲ့ခေါင်းဆောင် သင်္ဘော ကပ္ပတိန်ဟောင်းကြီးက မင်းသား စစ်ဗိုလ်ရှေ့အရောက်တွင် တစ်ခွန်းတည်း မေးသည်။

“မင်း ဘာဖြစ်ချင်လဲ ကောင်လေး”
ကပ္ပတိန်အိုကြီးနှင့် စစ်ဗိုလ်လေး မျက်လုံးချင်း ဆုံကြသည်။ တစ်ခဏတွင်း နှလုံးသားချင်း ချိတ်ဆက်မိသွားသည်ဟု ဆိုချင်သည်။ လက်အိုကြီးနှင့် လက်နု လေးတို့ အားရပါးရ နှုတ်ဆက်လိုက်သည်။ ပြတိုက်သင်္ဘော ကျောက်ဆူး နုတ် လိုက်သည်။ ၁၀ နှစ်ကျော် မနှိုးဘဲ ထား သည့် တိုက်သင်္ဘောစက်ကြီးအား အသင့် ဖြစ်နေရန် အမြဲမွမ်းမံထားပုံရသည်။ ထို့အတူ ကမ္ဘာမြေ၏ နောက်ဆုံး မျှော်လင့်ချက်အတွက် ပင်စင်စားကြီး ရေတပ်သားအိုကြီးများ အသေခံတိုက်ပွဲ ဝင်ရန် အသင့်။

နောက်မိနစ် အနည်းငယ်တွင် ယင်း သင်္ဘောကြီးနှင့် ထွက်တိုက်သည်။ ပြတိုက်သင်္ဘော အမြောက်ကြီးများက ဟောင်းသော်လည်း ကောင်းနေဆဲ။ ပင်စင်စား ရေတပ်သားဟောင်းကြီးများက ရေတပ်ဗိုလ် မင်းသားလေးရဲ့ အမိန့်ကို တိကျသေဝံ့စွာ လိုက်နာကြသည်။ သူတို့ သိထားသည့် စစ်ဗျူဟာများ၊ သီအိုရီ များနှင့် တိုက်ရိုက် ဆန့်ကျင်နေသည်များ ကိုပင် လုံးဝစောဒက မတက်ခဲ့ကြ။ ကပ္ပတိန်နှင့် သင်္ဘောသားအိုကြီး များ၏ ရေကြောင်းကျွမ်းကျင်မှုနှင့် ယင်း သင်္ဘောကြီးအား ပိုင်နိုင်တိကျစွာမောင်း နှင်နိုင်မှု၊ တက်သစ်စလူငယ်စစ်ဗိုလ်၏ နုပျိုလတ်ဆတ်သည့် စစ်ဗျူဟာဥာဏ် ရည် ဥာဏ်သွေးနှင့် ရဲရင့်ပြတ်သားသော ဦးဆောင်မှုတို့ ပေါင်းစပ်မိသောအခါ..၊ ပွဲအပြီးတွင် လူသားတို့နိုင်သည်။ ကမ္ဘာ ကြီးကို ကယ်လိုက်ကြသည်။
ပင်စင်စား စစ်သားအိုကြီးများ ပျော် နေပုံက လိုချင်တာရလိုက်သည့် ပီဘိ ကလေးငယ်များ ပမာ။

သို့သော် ဇာတ်ကားနောက်ဆုံးခန်း တွင် ဒါရိုက်တာအား စိတ်ပျက်မိသည်။ ဆုတံဆိပ် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ယင်း ပင်စင်စားပြတိုက်စောင့် ရေတပ်သားအို ကြီးများကို မတွေ့ရ..။ သို့သော် ယင်းပြတိုက်မှ သင်္ဘော ပညာရှင်ကြီးများ သူတို့ချစ်သော၊ သူတို့ ကျွမ်းကျင်လိမ္မာသော သင်္ဘောကြီးပေါ် တွင် ဆက်လက်တာဝန်ထမ်းခွင့် ရနေ မည်မှာ သေချာသည်။ ယခု ဝန်ကြီးချုပ်က ပညာရှင်များကို တာဝန်ပေး မြှောက်စားရန် ပြောလာ သည်။ အင်ဂျင်နီယာ ပညာရှင်များထဲမှ မည်သည့် ပညာရှင်အမျိုးအစားအား ရည်ရွယ် ပြောဆိုသည်ကို မသိသော် လည်း အားလုံးအတွက် ဝမ်းသာရပါသည်။
သို့သော် မေးခွန်းတစ်ခု ရှိလာသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ဆောက်လုပ်ရေးပညာရှင် အင်ဂျင်နီယာသာ လိုအပ်ပါသလော..။
ယင်းဝန်ကြီးတစ်ပါး ရပါက တိုင်း အစိုးရအဖွဲ့သည် ဘက်စုံကုံလုံလေ ပြီလော။ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ရေလုပ်ငန်း၊ သယံဇာတ ထိန်းသိမ်းရေး၊ ထုတ်ယူရေး..စသဖြင့် ကဏ္ဍအသီးသီးအတွက် ပညာရှင် မလို အပ်တော့ပြီလော..။အထက်ပါ မေးခွန်းသည် လက်ရှိ တိုင်းဝန်ကြီးတို့ တာဝန်ယူထားသည့် နယ်ပယ်အလိုက် ကျွမ်းကျင်မှု မရှိခြင်း ရှိခြင်းအပေါ် စောကြောလိုခြင်း မဟုတ်။ ဝန်ကြီးများသည် တာဝန်ယူကိုင်တွယ် သည့် နယ်ပယ်အားလုံး တစ်ဖက်ကမ်း ခတ်နှံ့စပ်ရန် လိုသည်ဟု မခံယူ။

တိုင်းတွင်းသားများသည် ဘက်စုံ ကျွမ်းကျင်သူများကိုသာ ရွေးချယ်မဲပေးခဲ့ကြခြင်းမဟုတ်သလို ဝန်ကြီးတစ်ပါး ပါးသည် မိမိတာဝန်ယူရသည့် နယ်ပယ် အားလုံးအား နှံ့စပ်ကျွမ်းကျင်ရန်မှာ မလွယ်။ (ဝန်ကြီး တစ်ပါးတည်းကပင် ဌာန ၁၃ ခုခန့် ကိုင်တွယ်နေကြသော တိုင်းဝန်ကြီးများကိုလည်း ချီးကျူးမိပါ သည်)။
အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ တာဝန်များကို ချုံ့ကြည့်သည်။ ပြည်ထောင်စုအစိုးရနှင့် တိုင်း လွှတ်တော်မှ ချမှတ်သော မူဝါဒ၊ လုပ် ငန်းစဉ်များကို အကောင်အထည် ဖော် ရမည်။ တိုင်းလွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်သူများ၏ မေးမြန်းချက်များကို ဆွေးနွေး ဖြေကြားရမည်။ တိုင်းလွှတ် တော်မှ အတည်ပြုလိုက်သော ဥပဒေ များကို နည်းဥပဒေအဖြစ်ရေးဆွဲ အသက် သွင်းရမည်။

ယင်းတာဝန်အားလုံးကို ဖြေရှင်းရန် ဝန်ကြီးများလက်အောက်တွင် ဌာန အသီးသီးရှိနှင့်ပြီး ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် ညွှန်ကြားချက် ထုတ်ပြန်သူ၊ အမိန့် ပေးခိုင်းစေသူများသာ ဖြစ်သည်။ အမိန့်ပေးခိုင်းစေမှုများကို အကောင် အထည်ဖော်ရန်မှာ သက်ဆိုင်ရာဌာန အသီးသီး၏ တာဝန်ဖြစ်သည်။ သို့ကြောင့် အထက်ပါတာဝန်သည် ဌာန များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကွပ်ကဲ နိုင်က အဆင်ချောပြီး ဖြစ်သည်။

သို့သော် လက်တွေ့ အခင်းအကျင်း တွင်ကား ဗျူရိုကရေစီဌာနယန္တရားနှင့် ပြည်သူ့အရွေးချယ်ခံ ဒီမိုကရေစီ အစိုးရ အဖွဲ့ကြား ဆက်ဆံရေးက အေးစက် လွန်းနေသည်။ ယုံကြည်မှု အတင်း တည်ဆောက်နေရသည် အနေအထားဟု ရှုမြင်သည်။

ယင်းသို့သော အချိန်မျိုးတွင် တိုင်း အစိုးရအဖွဲ့အနေဖြင့် ပညာရှင် တစ်ဦး ဦးအား ဝန်ကြီးတစ်နေရာ ခန့်ထား ခြင်းဖြင့် အဆင်ချောနိုင်မည်မထင်။
ယင်းအစား အတွေ့အကြုံ ရင့်ကျက် သော အငြိမ်းစားပညာရှင်များ၊ အရည် အသွေးနှင့် စိတ်ကူးစိတ်သန်း နုပျို သစ်လွင်သော လူငယ်လူလတ်ပညာရှင် များပါဝင်သော “တိုင်းအစိုးရအကြံပေး အဖွဲ့များ” သဏ္ဌာန်အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းက ပိုမို သင့်လျော်လိမ့်မည်ဟု ယူဆပါသည်။
ယင်းသို့သော တတ်သိပညာရှင် အဖွဲ့များက နိုင်ငံတော်ယန္တရား၏ ဒီမိုနှင့် ဗျူရို စက်သွား နှစ်ခုကြား ချောဆီအသွင် ဆောင်စေပါလိမ့်မည်။
ထို့အတူ တိုင်းပြည်ကို ချစ်သည့် နှလုံးသားကိုယ်စီ၊ သဲ့ယူမကုန်နိုင်သည့် အတွေ့အကြုံကိုယ်စီရှိကြသည့် နိုင်ငံ့ ဝန်ထမ်း ပင်စင်စားကြီးများ၊ တတ်သိ ပညာရှင်များနှင့် အနာဂတ်နိုင်ငံတော်၏အရင်းအမြစ် မျိုးဆက်သစ် ပညာရှင် လူငယ်များကလည်း တိုင်း၏ခေါင်း ဆောင်များနှင့်လက်တွဲကာ ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ယုံပါသည်။

တိုင်းအစိုးရအဖွဲ့ ပညာရှင်များအား လက်ကမ်းရန် လိုပါသည်။ လက်ရှိ အစိုးရအဖွဲ့သည် နိုင်ငံရေးသမားကြီးများ ဖြစ်ပါသည်။
နိုင်ငံရေး သမားကောင်းတို့ မည် သည် မိမိလိုအပ်နေချိန်အတွင်း အယူ အဆမတူသည့် အခြားနိုင်ငံရေးသမား များ၊ တတ်သိပညာရှင်များ၏ အကူအညီ ကို စည်ရုံးရယူနိုင်ကြစမြဲ..။