မြေနုကျွန်း ဧက တစ်သောင်းကျော် ဒေသခံလယ်မဲ့သူတွေကို လုပ်ပိုင်ခွင့် ချပေးမည်

0
436

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပေါ်ထွန်းလာသည့် မြေနုကျွန်း ဧက ၁၄၀၀၀ ကို လယ်ယာမဲ့ဒေသခံတို့ကို တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးသွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

မြေနုကျွန်းပေါ်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ချပေးနိုင်ရန်အတွက် လယ်ယာမဲ့သူများစာရင်း ကောက်ယူစိစစ်ပြီး မြေနုကျွန်း အနီးရှိ ကျေးရွာများမှ လယ်ယာမဲ့များကို ခွဲဝေချပေးသွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“မြေနုကျွန်းပေါ်မှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ချထားပေးဖို့ လယ်ယာမဲ့တွေရဲ့ စာရင်းကို ကောက်ယူ စိစစ်ထားပါတယ်၊ မြေတိုင်းတာပြီးရင် လယ်မဲ့ယာမဲ့ တန်းစီ ဇယားပြုစု ပြီးရင် မြေနုကျွန်းနဲ့ အနီးကပ်ဆုံး ကျေးရွာတွေကို ခွဲဝေချသွားပေးမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ပေါ်ထွန်းလာသည့် မြေနုကျွန်းများမှာ ဘီးလင်းမြို့နယ် အရက်သည်မကျေးရွာအုပ်စုတွင် ဧက ၁၅၀၀၊ ပေါက်တောကျေးရွာအုပ်စုတွင် ဧက ၈၀၀၊ ၀င်းကကျေးရွာအုပ်စုတွင် ဧက ၁၇၀၀၊ တောင်ကြီးကျေးရွာအုပ်စုတွင် ဧက ၅၀၀၀၊ ဇုက္ကလိကျေးရွာအုပ်စုတွင် ဧက ၅၀၀၀ စုစုပေါင်း ဧက ၁၄၀၀၀ ရှိသည်။

ပထမဦးဆုံးအနေနှင့် အရက်သည်မကျေးရွာအုစု၊ ၀င်းကကျေးရွာအုပ်စု၊ တောင်ကြီးကျေးရွာအုပ်စုရှိ မြေနုကျွန်း ဧက ၅၈၀၀ ကို လယ်ယာမဲ့ ၂၄၁ ဦးအား တန်းစီစနစ်ဖြင့် ချထားပေးနိုင်ရန် သထုံခရိုင် လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း ကျန်ရှိနေသည့် ကျေးရွာအုပ်စုများကိုလည်း လယ်ယာမဲ့ အရေးအတွက် စားရင်ပြုစုတင်ပြရန် သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ အကြောင်းကြားထားကြောင်း ဦးထွန်းဌေးက ဆက်ပြောသည်။

အဆိုပါ မြေနုကျွန်းနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် မည်သို့ စီစဉ်ဆောင်ရွက်သည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးကျင်းပခဲ့စဉ်ကလည်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ဒေါက်တာ ခင်နိုင်ဦးက မေးခွန်းအဖြစ် မေးမြန်းထားမှုရှိခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် ယင်းမြေနုကျွန်းများကို မြေနေရာ စိစစ် သတ်မှတ်ခြင်း၊ လုပ်ပိုင်ခွင့် ချပေးမည့် တောင်သူများအား သတ်မှတ်ထားသော စည်းကမ်းချက်နှင့် အညီ စိစစ်ရွေးချယ်ပြီးစီးပါက လုပ်ပိုင်ခွင့် ချထားပေးမည်ဟု ဖြေကြားထားမှုရှိခဲ့သည်။