ထိုင်းနာမည်ကျော် တရားခံပြေး မော်လမြိုင်တွင် ဖမ်းမိ

0
425

မြန်မာအလုပ်သမားများ အပါအ၀င် ထိုင်းနိုင်ငံတွင် လူသတ်မှုနှင့် ထွက်ပြေးတိမ်းရှောင်နေသော ထိုင်း တရားခံပြေးတစ်ဦးကို မော်လမြိုင်မြို့ ဖက်ခင်းရပ်ကွက်ရှိ ရာမညဟိုတယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၂ ခုနှစ် အတွင်း ထိုင်းနိုင်ငံတွင် နာမည်ကျော် အမှုတစ်ခုဖြစ်ခဲ့သော ညှင်းပန်း လူသတ်မှုမှ တရားခံမှာ အာမခံဖြင့် လွတ်ပေးထားစဉ် ထွက်ပြေးသွားပြီးနောက် နှစ်ချိန်အကြာ ထိုသို့ ဖမ်းမိသွားခြင်း ဖြစ်သည်။

ထိုင်း ရဲတပ်ဖွဲ့ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်ခဲ့သူ အသက် ၆၂ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား တရားခံပြေးသည် မော်လမြိုင်မြို့ ဖက်ခင်းရပ်ကွက်ရှိ ရာမညဟိုတယ်တွင် တည်းခိုနေသည်ဟု သတင်းအရ ဒီဇင်ဘာ ၁၈ ရက်နေ့က ၀င်ရောက် ရှာဖွေစဉ် ထိုသို့ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်း အရသိရသည်။

ဒေါက်တာ ဆိုဖာ့ အမည်ရ အဆိုပါ ဆရာဝန်သည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသား ခြံအလုပ်သမား ၅ ဦးကို လုပ်အားခမပေးဘဲ တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ခုတ်၍ သတ်ဖြတ် မီးရှို့ခဲ့သည့်အမှုဖြင့် ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင် ဖက်ဘူရီရဲစခန်းတွင် ဖမ်းဆီးထားရှိပြီး အာမခံဖြင့် ခံဝန်ပေးထားရှိရာမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး ဖြစ်ကြောင်း ယင်းမှတ်တမ်း အရသိရသည်။

ယင်းနောက် ၂၀၁၅ ခုနှစ်တွင် ထိုင်းတရားရုံးမှ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားသည့် တရားခံပြေးဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

ဒေါက်တာ ဆိုဖာ့ မော်လမြိုင်မြို့သို့ ၄င်း၏ ဇနီး တော်စပ်သူနှင့်အတူ ရာမညဟိုတယ်တွင် တည်းခိုရောက်ရှိနေသဖြင့် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ တရားခံပြေး၏ မယားငယ်ဖြစ်သူ၏နောက် နောက်ယောင်ခံလိုက်ရင်း မယားငယ်ဖြစ်သူမှာ မော်လမြိုင်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယင်းနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

တရားခံပြေးအား တွေ့ရှိပြီး စစ်ဆေးစဉ် ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သမ်မာဝတ်၊ ရဲအုပ် မစ္စတာ ယပ်ဆက်တို့လည်း စကားပြန်နှင့် အတူ ရောက်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲမှတ်တမ်းတွင် ဒေါက်တာ ဆိုဖာ့ အမည်ဘေးတွင် (ခ) ဖြင့် ဖော်ပြထားသည့် နိုင်အောင်မင်း ဟု ခေါ်သော အမည်တစ်ခုလည်း ရှိပြီး မည်သည့် အတွက်ကြောင့် ထိုအမည်ရှိနေရကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲစီစဉ်နေချက်များအရ တရားခံပြေးမှာ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ အမြဲတစေ ၀င်ထွက်သွားလာလေ့ရှိကြောင်း သိရသည်။

ဒေါက်တာ ဆိုဖာ့မှာ အိမ်နီးချင်း ထိုင်းလင်မယားနှစ်ဦး အပါအ၀င် မြန်မာ အလုပ်သမားများကို လည်း နှစ်ပေါင်းများစွာ ညှင်းပန်းသတ်ဖြတ်ခဲ့သူဖြစ်ပြီး ၎င်းခြံတွင် အလုပ်လုပ်နေသော ကိုကုလား အမည်ရ မြန်မာအလုပ်သမားတစ်ဦး၏ ဖော်ထုတ်မှု ဖြင့် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

“နှစ် ၂၀ ကျော် ထိုင်းကျွန်စခန်းမှ မြန်မာခရောင်လမ်းဆီ” ဆောင်းပါးဖြင့် ကိုကုလား၏ အကြောင်းကို The Voice Weekly Vol-12, No. 42 တွင် ပုံနှိပ်ဖော်ပြခဲ့ဖူးသည်။

ထိုင်းနိုင်ငံမှ တရားခံပြေး ဒေါက်တာ ဆိုဖာ့ ထိုင်းနိုင်ငံသို့ ဥပဒေနှင့်အညီ လွှဲပြောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။