တက္ကသိုလ်မျက်နှာကြက် ပြိုကျမည်ကို ကျောင်းသားများ စိုးထိတ်

0
493

ထားဝယ်နည်းပညာတက္ကသိုလ်၏ ဆင်ဝင်မျက်နှာကြက်များ ၂၀၁၃ ခုနှစ် ခန့်မှစကာ ပျက်စီးပြုတ်ကျမှုများရှိလာ ခဲ့ပြီး ယခုထိ ပြုပြင်မှု မရှိသည့်အတွက် နောက်ထပ် ထပ်မံပြုတ်ကျလာမည်ကို စိုးရိမ်နေကြကြောင်း ကျောင်းသားများက ပြောကြသည်။

ယင်းဆင်ဝင်နေရာသည် ကျောင်း သားများ နေ့စဉ် ကျောင်းတက် ကျောင်း ဆင်း ဖြတ်သွားဖြတ်လာမှု အများဆုံး နေရာဖြစ်ကာ ကျောင်းဆင်းချိန် ကျောင်း သူ အများစု ကျောင်းကြိုကားစောင့် သည့် နေရာဖြစ်သောကြောင့် အန္တရာယ် များလှသည်ဟု ယင်းတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇော်မင်း ဖြိုးက ပြောသည်။

” မဖြစ်မနေ အမြန်ဆုံး ပြင်ပေးမှ ရမှာပါ၊ လက်ရှိအစိုးရအဖွဲ့ဝင်တွေတော့ ကျောင်းကို တစ်ခါမှ လာမကြည့်ကြ သေးဘူး၊ လာကြည့်စေချင်ပါတယ်” ဟု ပဉ္စမနှစ် Civil ကျောင်းသားလည်း ဖြစ်သည့် ကိုဇော်မင်းဖြိုးက ပြောသည်။ကျောင်းတွင် ဇန်နဝါရီလ ဒုတိယ အပတ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ဘွဲ့နှင်း သဘင်များ ကျင်းပရန်ရှိသည့် အ တွက် ယင်းပွဲများပြုလုပ်ချိန် လူစည် ကားစဉ် ရုတ်တရက်ပြိုကျမည်ကို စိုးရိမ် သည်ဟု ကျောင်းသားများက ပြောကြသည်။

မျက်နှာကြက်များ ပြိုကျရခြင်းမှာ လေတိုက် ကြမ်းသောကြောင့် ဖြစ်ပြီး အဆောက်အဦမှာ လေလမ်းကြောင်း ကျ သည့် ကုန်းပေါ်တွင် ရှိနေကာ ဆင်ဝင် ကြား လေဝင်နေသောကြောင့်ဟု ယင်း တက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာ အောင်နိုင်မြင့်က ပြောသည်။ကျောင်း၏ ပြင်^ထိန်းရငွေများမှာ ပြတင်းပေါက်၊ အိမ်သာ စသည့်တို့ကို ပြုပြင်နေရပြီး ဆင်ဝင်မျက်နှာကြက်အား သီခြားပြုပြင်ရန် သက်ဆိုင်ရာသို့ တင်ပြ ထားကြောင်းနှင့် ပြင်မည်ဆိုပါက ပညာရှင်များခေါ်ပြီး လေဝင်ခံနိုင်အောင် တွက်ချက် လုပ်ကိုင်ရမည်ဟု ဒေါက်တာ အောင်နိုင်မြင့်ထံမှ သိရသည်။

ယင်းတက္ကသိုလ်တွင် ၂၀၁၁ ခုနှစ် က ဘွဲ့နှင်းသဘင်ခန်းမ မျက်နှာကြက် များ ပြိုကျခဲ့ဖူးပြီး ကျောင်းသားများ ကစဥ့် ကလျား ထွက်ပြေးတိမ်း ရှောင်ကြရကာ ကျောင်းသားနှစ်ဦးထိခိုက် ဒဏ်ရာရဖူး ကြောင်း ကျောင်းသားများထံမှ သိရသည်။