ကျွန်း လုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များကို ၀န်ကြီးချုပ် သတိပေး

0
379

ကျွန်းများတွင် ယခင်က ဧကပေါင်း ရာထောင်ချီ လုပ်ကိုင်ခွင့်ရထားသည့် လုပ်ငန်းရှင်များအနေနှင့် စာချုပ်ပါ အချက်အလက်အတိုင်း မလုပ်ဆောင်ပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် က သတိပေး ပြောကြားလိုက်သည်။

ကုမ္ပဏီအချို့က သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေကို ကျော်လွန်ဆောက်လုပ်မှုများ လုပ်ဆောင်မှုများ၊ စာချုပ်ပါ ကုမ္ပဏီဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အခြားကုမ္ပဏီဖြင့် လုပ်ဆောင်နေမှုများကို စာချုပ်ပါ အခွင့်အရေးများနှင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ကဆိုသည်။

“တစ်ကယ်တမ်း စာချုပ်ပါ အခွင့်အရေးတွေကို ဖောက်ဖျက်မယ်ဆိုရင်တော့ အရေးယူရပါလိမ့်မယ်။ အဲတော့ တတ်နိုင်သလောက် စာချုပ် ချုပ်ထားတဲ့သူတွေက စာချုပ်ပါ အချက်အလက်တွေကို လိုက်နာ ဆောင်ရွက်စေချင်ပါတယ်”ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကပြောသည်။

ယင်းအပြင် ကျွန်းများပေါ်တွင် ယခင်က လုပ်ငန်းရှင်တစ်ဦးထဲက ဧကပေါင်းထောင်ချီ လုပ်ကိုင်ခွင့်ရထားပြီး ရေလုပ်သားများ ရေချိုခပ်ရန်၊ ထင်းခွေရန် အစသဖြင့် ဆောင်ရွက်ရာတွင် ကျွန်းပေါ်တက်ရောက်ခွင့်မပေး သည့်အပေါ် တိုင်းအစိုးရထံ တိုင်ကြားလာမှုများရှိသည်။

လက်ရှိအစိုးရလက်ထက်တွင် လုပ်ငန်းရှင်တစ်ဦးလျှင် ၁၅ ဧကခန့်အထိသာ လုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ကဆိုသည်။

လက်ရှိတွင် ပင်လယ်အတွင်းရှိ ကျွန်းများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မတ်လ မတိုင်ခင်က ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် လျှောက်ထားလာမှုများအပေါ် စိစစ်နေဆဲသာ ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် ကပြောသည်။

ကျွန်းများငှားရမ်းလုပ်ကိုင်ခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်(MIC) ကခွင့်ပြုခြင်းဖြစ်ပြီး ငှားရမ်းခွင့်မှာ နှစ် ၃၀ သက်တမ်းရှိကာ ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ကျွန်းများပေါ်တွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် လျှောက်ထားသော လုပ်ငန်းပေါင်း ၂၂ ခုရှိသည်။

ယခင် အစိုးရ လက်ထက် လုပ်ကိုင်ခွင့်ပြုခဲ့သော ကျွန်းပေါင်း ၁၂ ကျွန်းရှိသည်။