ကျူရှင်ကို အမြစ်ဖြတ်ပါ

0
694

မည်သူ့ကိုမျှ ထိခိုက်နာကျင်စေလို၍ ရေးသားခြင်းလည်း မဟုတ်။
“ဘုတံ ဘုတာတော၊ အဘုတံ အဘုတာတော” ဆိုတာနဲ့အညီ ” အမှန်ကို အမှန်သည်ဟု ထွက်ဆိုခြင်း၊ မမှန်သည် ကို မမှန်ဟု ထွက်ဆိုခြင်း” မျှသာ ဖြစ် တယ်။

တချို့သော ကျူရှင်ဆရာတွေ ကျောင်းဆရာတွေက ပြောကြတယ်။ ကျူရှင်စနစ်ဆိုတာ ဘယ်တော့မှ ပျောက် ကွယ်သွားမှာ မဟုတ်ဘူးတဲ့။ ကျွန်တော့် အမြင် ပြောရရင်တော့ ဒီလိုပြောခြင်းဟာ ကိုယ်လိုရာ ဆွဲပြောခြင်းသာ ဖြစ်တယ်။ တကယ်တော့ အရေးကြီးတာက ကျူရှင် စနစ်သည် မြန်မာ့ပညာရေးစနစ်ကို ကောင်းမွန်လာအောင် ဘယ်လောက်ထိ အထောက်အကူ ပြုနေသလဲ။ ကျောင်း သားနဲ့ ကျောင်းသားမိဘတွေအနေနဲ့ရော ကျူရှင်စနစ်ကြောင့် ဘာတွေ ခံစားနေရ သလဲ ဆိုတာပါ။ ကျူရှင်စနစ်သာ မြန်မာ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်မည် ဆိုလျှင် မြန်မာပြည်မှာ ပညာရှင်တွေ မှို လိုပေါက်နေမည်မှ မလွဲပါ။

ယိုယွင်းပျက်စီးနေတဲ့ မြန်မာ့ပညာ ရေးမှာ ကျူရှင်စနစ်က ရေသောက်မြစ် ဖြစ်နေပြီး ကျောင်းတွင်းပညာရေးက ပင်စည် သဖွယ်ဖြစ်နေတယ်။ ပညာရေး ဟာ ခေတ်နဲ့ လျော်ကန်သင့်မြတ်စွာ ခေတ်မီလာတာနဲ့အမျှ ကျူရှင်စနစ်ဟာ အလိုလို ပျောက်ဆုံးသွားလိမ့်မယ်လို့ ထင်မြင်ခဲ့မိတယ်။ ကျူရှင်စနစ်တင် မက ပါဘူး ကျောင်းသားတွေရဲ့ ရှေ့မှာရပ်ပြီး သင်ကြားပို့ချနေတဲ့ ဆရာဆရာမ တွေ တောင် ရှားပါးသွားနိုင်ပါတယ်။ တချို့ ကတော့ မဖြစ်နိုင်ဘူးလို့ ထင်ချင် ထင်မှာ ပေါ့လေ။

ယနေ့အချိန်မှာတောင်မှ ကျောင်း သားတွေဟာ ဖန်သားပြင်(Screen)တွေရှေ့မှာ တစ်ယောက်တည်းထိုင်ပြီး ကိုယ်တိုင် မေးခွန်းထုတ် ကိုယ်တိုင်ဖြေ၊ ကိုယ်တိုင်လေ့လာသင်ယူ(Self Study) နေကြပြီဖြစ်တယ်။ ဒါတွေဟာ ဖြစ်နိုင် စွမ်းပါပဲ။ ကျူရှင်စနစ်ကို တိုက်ဖျက် မယ်ဆိုရင် ကျောင်းသားမိဘတွေ ကျောင်းဆရာဆရာမတွေ တိုင်းပြည် အုပ်ချုပ် အစိုးလုပ်သူတွေ ကျောင်းသူ ကျောင်း သားတွေအားလုံး လေးပွင့်ဆိုင် ဟန်ချက်ညီဖို့တော့ လိုမယ်ထင်တယ်။

မွန်ဂိုလီးယားနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို သွားရောက်လေ့လာ စဉ်က မွန်ဂိုလီးယားနိုင်ငံပညာရေးစနစ် ကနေ ကျူရှင်စနစ်ကို ဘယ်လိုဖယ် ထုတ်ကြသလဲဆိုတာ သိလိုက်ရတယ်။ ပထမဆုံးအနေနဲ့ အစိုးရဟာ ကျူရှင်စနစ် ရဲ့ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ကျောင်း သားမိဘတွေကို စနစ်ကျကျ ချပြခဲ့တယ်။ မွန်ဂိုလီးယားနိုင်ငံပညာရေးမှာ ကျူရှင် စနစ်အတွက် ကျောင်းသားမိဘတွေ အသုံးပြုနေတဲ့ ငွေကြေးပမာဏဟာ တစ်နိုင်ငံလုံးပညာရေးအသုံးစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုတယ်။ အစိုးရဟာ ကျူရှင်တွေကို အခကြေးငွေနဲ့ လုံးဝမသင်ဖို့ ဥပဒေကဲ့သို့သော ထုတ်ပြန် ချက်တွေ ထုတ်ပြန်ကြေညာခဲ့တယ်။ ပြီးတော့ ကျောင်းသားမိဘတွေ အရေး မပါအရာမထင် ကုန်ဆုံးနေတဲ့ ငွေကြေး ထဲက ပမာဏအနည်းငယ်ကို ကျောင်း ပညာရေးထဲ ထည့်သွင်းပေးဖို့ တောင်းဆို ခဲ့တယ်။ ပြီးတော့ ကျောင်းသားတွေကို နေ့လည်စာပါကျွေးပြီး မသင်မနေရ အခမဲ့ပညာရေးကို အကောင်အထည်ဖော် တယ်လို့ဆိုတယ်။

ကျွန်တော်တို့ နိုင်ငံမှာဆိုရင်လည်း အခြေခံပညာ အောက်ဆုံးအဆင့်ကနေ တက္ကသိုလ်ပညာရေးအထိ ကျောင်းသား မိဘတွေ ကုန်ကျခံနေရတဲ့ ငွေကြေး ပမာဏဟာ သိပ်ကိုများ လွန်းလှပါတယ်။ သို့သော် ကျောင်းသားတွေဟာ ပညာပို မတတ်တဲ့အပြင် ကျောင်းသားတွေရဲ့ စဉ်းစားအတွေးအခေါ်အချိန်တွေပါ ပေး ဆပ်ခဲ့ရတယ်။ ကျောင်းသားတွေဟာ ရုပ် ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အားနည်း လာတဲ့အပြင် စိတ်ပိုင်းဆိုင်ဖွံ့ဖြိုးမှုတွေပါ အားနည်းလာခဲ့ရတယ်။ ပညာရေးမှာ စဉ်းစားတွေးခေါ်မှု စွမ်းရည်ဟာ သိပ် အရေးကြီးပါတယ်။ ဒီနေရာမှာ အမေရိကန် သမ္မတဟောင်း အေဗရာဟင် လင်ကွန်း ကနေပြီး သူ့သားရဲ့ ဆရာတစ်ယာက်ဆီ ပေးပို့တဲ့ စာလေးတစ်ဆောင်ကို ဖော်ပြ ချင်တယ်။

” ဆရာခင်ဗျား၊ ဖြစ်နိုင်ရင် သူ့ကို စာအုပ်တွေရဲ့ အံ့ဖွယ်ရာ အဖြာဖြာကို သင်ပေးပါ၊ ပြီးတော့ ကောင်းကင်ပေါ်က ငှက်တွေ၊ နေရောင်ခြည်နဲ့ တောင်တန်း စိမ်းတွေပေါ်က ပန်းပွင့်တွေပေါ့၊ သူ့တို့ ရဲ့ တွေးလို့မဆုံးအောင် လှို့ဝှက်ဆန်း ကျယ်ပုံတွေကို စဉ်းစားဆင်ခြင်ဖို့လည်း အချိန်ပေးပါ၊ နောက်ပြီး လိမ်လည်လှည့် ဖြားခြင်းထက် ကျဆုံးခြင်းက ပိုပြီး ဂုဏ် သိက္ခာ ရှိကြောင်းကိုလည်း သင်ပေးပါ၊ ပြီးတော့ ဂုဏ်သိက္ခာရှိရှိ ကျရှုံးတတ် အောင်လည်း သင်ပေးပါ ဆရာခင်ဗျား ” ၊ လို့ဆိုတယ်။

ကျွန်တော်တို့ဆီက ကလေးတွေအား လုံးနီးပါးဟာ မနက်အစောကြီး ကျူရှင် တက် ပြီးတော့ ကျောင်းသွား ကျောင်းက ပြန်ဆင်းရင် မိုးချုပ်တဲ့ထိ ကျူရှင်တက် နေခဲ့ကြရတယ်။ တချို့ဆိုရင် စာသင် ဝိုင်းတို့ ဂိုက်(ဒ်)(Guide)တို့ပါ ဆက် သင်နေရသေး။ ဒီလိုမနားတမ်း စာတွေ အာဂုံဆောင်နေရမှတော့ ကျောင်းသား တွေဟာ စဉ်းစားတွေးခေါ်မှုတွေနဲ့ ပိုပို ဝေးလာပြီး တီထွင် ဖန်တီးမှု စွမ်းရည် တွေ ပျောက်ဆုံးနေခဲ့ရတယ်။
ကျူရှင်စနစ်ဟာ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာတွေကြား မှာ ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း ကိုပါ တွေ့ရတယ်။ ငွေကြေးလစာကို အခြေခံပြီး ကျူရှင်သင်တဲ့ တချို့ တချို့ သော ဆရာဆရာမတွေဟာ ဆရာ့ အကျင့်ဝတ်နဲ့ပင် ဆန့်ကျင်ဖြစ်လာ ကြတယ်။

အသိတစ်ယောက် ရင်ဖွင့်တာကို ပြောရမယ်ဆိုရင်- ” ပထမတန်းသာ ရှိသေးတဲ့ ကျွန်တော့်သားက မနက် ညနေ ကျူရှင်တက် နေရတယ်၊ သူ့ခမျာ အားတဲ့အချိန်ဆိုလို့ ခပ်ရှားရှားပါပဲ၊ ပြီးရင် လကုန်တာနဲ့ ဆရာမက ကလေး မှာ ကျူရှင်လခ ဇွတ်တောင်းတယ်၊ ပိုခက် တာက ဆရာမ မင်္ဂလာဆောင်တာတောင် ကလေးနာမည်နဲ့ မင်္ဂလာဆောင်ဖိတ်စာ ပေးတယ်” တဲ့။

တချို့ကျောင်းသား မိဘတွေဟာ ကျူရှင်စနစ်ရဲ့ အဆုံးမွေကို သိပေမဲ့ ရုန်းထွက်ဖို့ယုံကြည်မှု မရှိခဲ့ကြပါဘူး။ ပကတိအရှိတရားကိုက ကျူရှင်မထားရင် သားသမီးဖြစ်သူ ကျောင်းမှာ မျက်နှာ ငယ်နေရမယ် စာမေးပွဲမှာ အမှတ်နည်း မယ်ဆိုတော့ မကြိုက်သော်လည်း အောင့် ကာနမ်းဆိုလိုမျိုး လုပ်နေကြရတယ်။ အခြေခံပညာအဆင့်လောက်မှာပဲ ဖြစ်ချင် သလို ဖြစ်နေတာမဟုတ်ပါဘူး။

တက္ကသိုလ် ကျောင်းသားတွေ တောင်မှ ကျူရှင်မတက်ရင် ဆရာ ဆရာမတွေ စာမေးပွဲအောင်မပေးမှာ ကြောက်နေရတဲ့ ခေတ်ကို ရောက်နေတာ ကြာခဲ့ပါပြီ။
ကျူရှင်စနစ်ကို အကောင်းပြောပြီး အမြတ်ထုတ်နေကြတဲ့ သူတွေကို သိ အောင်ပြောပါရစေ။ ကမ္ဘာ့အဆင့်မြင့် ပညာရေးစနစ်ကို ကျင့်သုံးပြီး ကမ္ဘာ အဆင့် သိပ္ပံပညာမှာ အဆင့်(၅) ဝင်နေ တဲ့ တောင်ကိုးရီးယားနိုင်ငံဆိုရင် ၁၉၈၀ ခုနှစ်လောက်ကတည်းက ကျူရှင် စနစ် ကို အပြတ်အသတ် ချေမှုန်းခဲ့တယ်။
ဒီတော့ ပြောချင်တာက တိုင်းပြည် ကိုချစ်တယ် ပညာရေးကိုတန်ဖိုးထားတယ် ပြုပြင်ပြောင်းလဲမှုကို မြတ်နိုးတယ်ဆိုရင် ပညာရေးကို မျက်နှာစာဖွင့်ပြီး ကိုယ်ကျိုး စီးပွားရှာမှုနဲ့ အမှန်တရားကို အပေးအယူ လုပ်စေချင်တယ်ဆိုတာပါ။

ပညာရေးဝန်ကြီးဌာနနဲ့ ဒေသ ဆိုင်ရာ ပညာရေးမှူးရုံးတွေက ပြုပြင် ပြောင်းလဲမှုတချို့ကို လုပ်လာတာတွေ တွေ့ရတယ်။ သို့သော် စနစ်ကျခြင်း စနစ်မကျခြင်းကတော့ ရလဒ်တွေကိုပဲ ကြည့်ရမှာပဲ ဖြစ်တယ်။ကျူရှင်ဟာ ကျောင်းသားတွေရဲ့ တွေးခေါ်မှုအပြင် ဆရာတွေရဲ့ တွေးမှု ခေါ်မှုအပေါ်လည်း သက်ရောက်မှု ရှိပါ တယ်။ ပြင်ပအရာများကို လေ့လာချိန် နည်းပါးမှု၊ ဆရာဘ၀အပေါ် ခံယူရှုမြင်ပုံ ပြောင်းလဲမှုအပြင် အခြားအချက်အပေါင်း များစွာက ကျူရှင်နဲ့ ဆက်စပ်ပြီး ဆရာ ဘ၀အပေါ် သက်ရောက်နေပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဆရာ အများစုဟာ သင်ရိုးညွှန်းတမ်းတွေထဲက အဖြေတွေကိုပဲ ရှာဖွေနေကြတာ တွေ့ရ တယ်။ ဆရာတစ်ယောက်ဆိုတာ စူးစမ်း လေ့လာလိုစိတ်၊ ပွင့်လင်းရိုးသားသည့် စိတ်၊ စမ်းသပ်စစ်ဆေးကြည့်လိုစိတ်၊ မိမိ အမှားကို ဝန်ခံတတ်သည့်စိတ်၊ အမှန် တရားကို ချစ်မြတ်နိုးသည့်စိတ်၊ မေတ္တာ တရားကို အခြေခံသင်ကြားပေးလိုစိတ်တို့ မဖြစ်မနေ ရှိနေရမှာ ဖြစ်တယ်။

၁၉၉၆ ခုနှစ်လောက်မှာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကိုက တင်သွင်းတဲ့ “၂၁ ရာစု ပညာရေးဆိုင်ရာ နိုင်ငံတကာကော်မရှင် ” ရဲ့ အစီရင်ခံစာတစ်စောင်ထဲက အချက် အလက်တွေကို ” ဆရာတင်ညွန့်” စာအုပ် တစ်အုပ်ကနေ ကောက်နုတ်ဖော်ပြချင် ပါတယ်။ The Treasure Within တဲ့ ကဏ္ဍတစ်ခုမှာ သင်ယူမှုမဏ္ဍိုင် လေးရပ် ( The four Pillars of Learning )နဲ့ အမြင်သစ်နဲ့ ကျောင်းဆရာ( Teacher in Search of New Perspective ) ဆိုတဲ့ အချက်တွေဟာ ယနေ့ခေတ် ဆရာတွေ နိုင်ငံရေး၊ ကမ္ဘာ့အရေးနဲ့ မပတ် သက်မဖြစ် ပတ်သက်နေရလိမ့်မည်ဆိုတာကို မီးမောင်း ထိုးပြထားပါတယ်။

သင်ယူမှုမဏ္ဍိုင် လေးရပ်ဆိုတာ ဟာ- အသိပွားဖို့ သင်ယူစို့ ( Learning to know))၊ လုပ်ကိုင်တတ်ဖို့ သင်ယူစို့ ( Learning to do)၊ အစွမ်းကုန်ဖွံ့ဖြိုးဖို့ သင်ယူစို့( Learning to be)၊ အတူနေဖို့ သင်ယူ စို့( Learning live together) တွေပဲဖြစ်တယ်။ ထိုမဏ္ဍိုင်လေးရပ်ဟာ ခေတ်နဲ့ဆရာတွေကို မျက်ခြည် မပြတ်သွားဖို့ သတိပေးထားတဲ့ အချက်အလက်တွေလည်း ဖြစ်တယ်။

အမြင်သစ်နဲ့ ကျောင်းဆရာဆိုတာ ကျောင်းဆရာတွေဟာ ပညာရေးစနစ်ကို လက်တွေ့ အကောင်အထည် ဖော်နေကြသူတွေ ဖြစ်ပါတယ်။ လူငယ်တွေ အနာ ဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်တတ်အောင် ရည်ရွယ်ချက်တွေရှိအောင်၊ တည်ဆောက်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ဆရာဆိုတာ အစဉ်အလာနဲ့ မော်ဒန်ကို မျှမျှတတ ရှိသူတွေဖြစ်ရမယ်။ သင်ရိုးမှာပါတဲ့ အကြောင်းအရာ တွေကို ခေတ်သစ် အယူအဆ သဘောတရားတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ပေါင်းစပ် ညှိနှိုင်းပေး နိုင်ရမယ်။

စာသင်ခန်းပြင်ပမှာ အမှန်တကယ်ဖြစ်နေတာတွေက ဘာတွေလဲ ၊ လက်တွေ့မှာ ဘာတွေဖြစ်နေ သလဲ၊ ဘာသာရပ်အကြောင်းအရာတွေနဲ့ လက်တွေ့နေ့စဉ်ဘ၀ကို ဆက်စပ်သင်နိုင်ခြင်းဟာ ဆရာကောင်း တစ်ဦးရဲ့ အရည် အချင်းလို့ပြောရပါလိမ့်မယ်။ဘာသာရပ်နဲ့ ပြင်ပကို ဆက်စပ်နိုင်အောင် သင်နိုင်စွမ်းရှိတဲ့ ဆရာတွေသာ စာသင်ခန်းနဲ့ ပြင်ပကမ္ဘာရဲ့ ကွဲပြားမှုကို လျော့နည်းအောင် လုပ်နိုင်မှာဖြစ်တယ်။ ငါတော့ တပည့်တွေကို ပုံစံပေးရဦးမှာပဲ လို့ ပြောရမယ့်ခေတ် မဟုတ်တော့ပါဘူး။ သူတို့ကို ပုံသွင်းဖို့ထက် အသိပညာကို ကိုယ်တိုင် ရှာဖွေလေ့လာတတ် အောင် လမ်းညွန်ပေးနိုင်စွမ်းရှိသူတွေ ဖြစ်ရလိမ့်မယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုရင် ဆရာတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတဲ့ နေရာမှာ ရောက်ရှိနေတတ်တယ်။ ကျောင်းဆိုတာ သီးခြားရပ်တည်လို့ရတဲ့ အဖွဲ့အစည်း တစ်ခုမဟုတ် တော့ပါဘူး။ ကျောင်းနဲ့ လူ့အဖွဲ့အစည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြရာမှာ ဆရာတွေရဲ့ နိုးကြား တက်ကြွစွာ အင်တိုက်အားတိုက် ပါဝင်နိုင်မှုဟာလည်း အလွန်အရေးပါတယ်ဆိုတာ သတိပြုရမှာဖြစ်တယ်။