စီမံကိန်းများ ကနဦးပတ်ဝန်းကျင် မစိစစ်ဘဲ ဆောင်ရွက်ဟု မွန်ဝန်ကြီးပြော

0
456

မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် စီမံကိန်းလုပ်ငန်းများ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာများ မလုပ်ဆောင်ဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် စီမံကိန်းလုပ်ငန်း ၂၆ ခုရှိပြီး ထိုလုပ်ငန်းအားလုံး ထိုသို့သော ဆန်းစစ်ချက် (Initial Environmental Examination – IEE) ဆောင်ရွက်ထားခြင်း မရှိဘဲ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
“ပြည်နယ်ထဲမှာရှိတဲ့ စီမံကိန်းလုပ်ငန်းအားလုံး IEE တစ်ခုမှ မလုပ်ရသေးပါဘူး။ IEE လုပ်ဖို့ ဆောင်ရွက်နေတုန်းပါပဲ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါစီမံကိန်းလုပ်ငန်း ၂၆ ခုအနက် MCL ဘိလပ်မြေစက်ရုံနှင့် Long Life Aggregate Mining Co., Ltd. လုပ်ငန်း၂ ခုသာ EIA ရေးဆွဲပြီးစီး၍ စိစစ်သုံးသပ်မှုခံယူရန် သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထားသည်။

ကျန်စီမံကိန်း ၂၄ ခုမှာ ဆောင်ရွက်ဆဲအဆင့်တွင်ရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အမြန်ဆုံးရေးဆွဲတင်ပြရန် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကုမ္ပဏီများအားညွှန်ကြားထားသည်ဟု ၄င်းက ဆက်ပြောသည်။

“အမှန်တကယ်ဆို ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု မစခင် စီမံကိန်းလုပ်ငန်းကို အစိုးရက အရင်ဆုံး IEE ကိစ္စကို လုပ်ရမယ်၊ စီမံကိန်းလုပ်ငန်း တစ်ခုကြောင့် ဒေသထဲမှာ ရှိတဲ့ ဒေသခံတွေ ပတ်ဝန်းကျင်မှာ နစ်နာမှု ရှိ မရှိ လုပ်ထားသင့်တယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“အခုက အစိုးရဘက်က IEE တစ်ခုမှ မလုပ်ရသေးဘူးဆိုတော့ ပဋိပက္ခကိစ္စတွေ ထပ်ဖြစ်လာဦး မှာပဲလို့ ကျွန်မမြင်တယ်”

IEE လုပ်ဆောင်ရန် ဆောင်ရွက်ဆဲအဆင့်ရှိ စီမံကိန်းလုပ်ငန်း ၂၄ ခုတွင် ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ရာဘာထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်များ တူးဖော်ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် အတ္တရံမြစ်ရေကို သန့်စင်၍ ဖြန့်ဝေခြင်းလုပ်ငန်း၊ ရော်ဘာသစ်ခွဲခြင်းလုပ်ငန်း၊ BOT စနစ်ဖြင့် ပြည်တွင်းဖြစ် အရက်ဖြန့်ဖြူးခြင်းလုပ်ငန်း၊ Cable Car ဖြင့် ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ရော်ဘာပင်အိုသစ်များအား လေးဘက်ချောသစ်အဖြစ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့် ရော်ဘာစက်ရုံ၊ တာယာ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြဌာန်းချက်အရ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း သို့မဟုတ် ပတ်ဝန်းကျင်ထိခိုင်မှု ဆန်းစစ်ခြင်း ဆောင်ရွက်ရန် လိုအပ်သည့် အထူးရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းများတွင် စွမ်းအင်ကဏ္ဍဖွံဖြိုးရေး စီမံကိန်းလုပ်ငန်းများ၊ စိုက်ပျိုရေး မွေးမြူရေးနှင့် သစ်တောဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း၊ အစားအစာနှင့်အသား၊ ငါးထုတ်လုပ်မှုလုပ်ငန်းများ၊ သစ်အခြေခံ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဖန်ထည် မှန်ထည်နှင့် ကြွေထည်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း စသဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၁၄၁ မျိုး ပြဌာန်းပါရှိသည်။