ထားဝယ်စီမံကိန်းပြန်အသက်သွင်းရန် ခြေလှမ်းပြင်

0
464

ကာလအတော်ကြာ ရပ်နားထား သည့် ထားဝယ် ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန် လည်စတင်ရန် ပြင်ဆင်လျက်ရှိကြောင်း စီမံကိန်းတာဝန်ရှိသူထံမှ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲရေး ကော်မတီအနေနှင့် ဆွေးနွေး ပွဲများ ဆက်တိုက် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံရှိ စက်မှုဇုန်များနှင့် မြန်မာ နိုင်ငံရှိ အခြား အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်သည့် သီလဝါစီမံကိန်းကိုပါ သွား ရောက်လေ့လာကာထားဝယ် စီမံကိန်း ကိုပြန်စရန် ပြင်ဆင်လျက် ရှိသည်ဟု ကော်မတီ၏ ဒုဥက္ကဋ္ဌဦးဖြိုးဝင်းထွန်းက ပြောသည်။

“ ညှိနှိုင်းဆွေးနွေးနေတယ် ပေါ့နော်။ ဘယ်လိုပုံစံမျိုးစပြီး လုပ်ဆောင်မယ်ဆို တာကိုပေါ့ “ဟု ဦးဖြိုးဝင်းထွန်းက ပြော သည်။
စီမံကိန်းကို အကောင် အထည်ဖော် မည့်ကုမ္ပဏီဖြစ်သည့် ITD ကုမ္ပဏီနှင့် လည်းဆွေးနွေးခဲ့ပြီးဖြစ်သည့်အပြင် ယခုလ အတွင်း တိုင်းအစိုးရအဖွဲ့ ဝန် ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန် ကြီးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး တို့ သုံးဦးက ဂျပန်နိုင်ငံသို့သွားရောက်ကာ ဂျပန်ဝန်ကြီးချုပ် အကြံပေးနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

စီမံကိန်းဧရိယာ၊ အကောင်အထည် ဖော်မည့် စက်မှုဇုန် စသည်တို့မှာ လက်ရှိ အချိန်အထိ အပြောင်းအလဲမရှိသေးဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်းသာရှိသည်ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။စီမံကိန်းကို ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများမှ ကုမ္ပဏီများကိုလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
စီမံကိန်း အကောင်အထည်ဖော်ရာ တွင် ထားဝယ်-ထီးခီးလမ်းကို ဦးစားပေး လုပ်ဆောင်ရန်အတွက် စီမံခန့်ခွဲမှု ကော် မတီဝင်အများစုက ဆန္ဒပြုထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာတွင် ယခင်က လုပ်ဆောင် ခဲ့သည့် မြေယာ၊ လျော်ကြေး စသည့် ပြဿနာများကို ဖြေရှင်းပြီးမှသာ စီမံ ကိန်းကို ဆက်လက် အကောင်အထည် ဖော်သင့်ကြောင်းထားဝယ်ဖွံဖြိုးရေး အဖွဲ့ (DDA) က တောင်းဆိုထား သည်။