ပြည်ထဲရေး အမည်ပေါက်ပြီးသော်လည်း တောရှည်ရွာမြေ အငြင်းပွားဆဲ

0
447

မောင်းမကန် ကားလမ်းပေါ်ရှိ တောရှည်ရွာမှာ ပြည်ထဲရေးအမည် ပေါက်ပြီးသော်လည်း ရွာမြေနေရာ အတည်တကျမဖြစ်သေးဘဲ အကြီးစား ခြံပိုင်ရှင်တစ်ဦးက အိမ်များကြား ခြံ စည်းရိုးတိုင်များ လာစိုက်ထားခြင်း ခံနေ ရကြောင်း တောရှည်ရွာသားများထံမှ သိရသည်။

သို့သော်လည်း ပြည်ထဲရေး အမည် ပေါက်ရပြီးနောက် ပြည်ထောင်စုဝန်ကြီး ဌာနမှ ချမှတ်ပေးလိုက်သော ခန့်မှန်းမြေပုံ ညွှန်းနှင့် လက်ရှိရွာမြေနေရာနှင့် ကွဲလွဲ နေကြောင်း ရွာသားများက ပြောကြသည်။

ယင်းကွဲလွဲမှုကြောင့် သက်ဆိုင်ရာ ဌာနများမှ စိစစ်နေချိန်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဟောင်း ဦးသန်းဆွေ၏သားဖြစ်သူ ဦးသူရိန်က ခြံစည်းရိုးခတ်ရန် တိုင်လာစိုက်ရာ ကား လမ်းမ မြောက်ဘက်ရှိ အိမ်ခြေ ၃၀ ကျော် ၏ အိမ်နောက်ပိုင်း တစ်ပိုင်းခန့်စီ ပါဝင် နေကြောင်း ရွာသားများထံမှ သိရသည်။

ယင်းအတွက်ရွာမြေနေရာ အတည် တကျသတ်မှတ်နိုင်ရေး ဦးဆောင်ရန် ရွာသား ၁၁ ဦးပါဝင်သော ကော်မတီ တစ်ခုဖွဲ့ကာ တိုင်းဝန်ကြီးချုပ်ထံ ဖြစ်စဉ် ကို တင်ပြထားကြောင်း ယင်းကော်မတီ ဝင် ဦးဇော်မင်းက ပြောသည်။

လက်ရှိရွာမြေနေရာက ဘယ်မှာ မှန်း အတိအကျ မရသေးဘူး၊ ပြဿနာ တွေ မရှိအောင် အမြန် အတည်ပြုပေး စေချင်တယ် ဟု ဦးဇော်မင်းက ဆိုသည်။

သစ်တောဌာန၌ လျှောက်ထားစဉ် ကတည်းက ရွာမြေနေရာအတွက် ကား လမ်းနဘေးမြောင်းမှ အတွင်းဘက်သို့ ပေ ၅၀ စီ ချန်လှပ်လျှောက်ထားခဲ့ပြီး မိမိလုပ်ပိုင်ခွင့်ရ မြေနေရာကိုသာ ခြံခတ် ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ဦးသူရိန် က ဆိုသည်။

အရင်က ဒီမြေတွေကို ပိုင်ခဲ့တယ် ဆိုပေမဲ့ ခုက သစ်တောမှာ ပြန်ငှားထား တာပါ၊ ကျွန်တော် သစ်တောမြေကို ရောင်းလို့ မရပါဘူး ဟု ဦးသူရိန်က ပြောသည်။

အချိန်တစ်ခုစောင့်ရန် တောရှည်ရွာ ရာအိမ်မှူးက မေတ္တာရပ်ခံထားသဖြင့် စောင့်ဆိုင်းနေခြင်းဖြစ်ပြီး လိုအပ်လျှင် သစ်တောဝန်ကြီးဌာနကိုသာ ဆက်သွယ် လုပ်ဆောင်သွားမည်ဟု ဦးသူရိန်က ပြောသည်။

တောရှည်ရွာအပါအဝင် ရွာနီးစပ် ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများသည် ၂၀၀၁ ခုနှစ်မှစ မောင်းမကန်ကြိုးပြင်ကာကွယ်တောအဖြင့် သတ်မှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တောရှည်ရွာမြေ ၁၈ ဒသမ ၄၅ ဧကအား ကြိုးပြင် ကာကွယ် တောအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်။