ဘော်ဒါဆောင်အနီးရှိ အသားကင်ဆိုင်တွင် စိတ်ကြွဆေးပြား ၂၀၀ ကျော် ဖမ်းမိ

0
398

ဘော်ဒါဆောင်အနီးရှိ အသားကင်ဆိုင်တစ်ဆိုင်တွင် စိတ်ကြွဆေးပြား၂၀၀ကျော်ဖမ်းဆီးရမိမှု တစ်ခု ကော့သောင်းတွင် ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

ဒီဇင်ဘာ ၁ ရက် ညနေက အထက်တန်းကျောင်းသား ဘော်ဒါဆောင်တစ်ခုအနီး ရောင်းချနေသည့် အသားကင် ဆိုင်တစ်ဆိုင်တွင် နေထိုင်သူထံမှ ကာလတန်ဖိုး ၁၀သိန်းကျော်ခန့်ရှိသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးများနှင့် ပတ်သက်ပြီး ဒုရဲမှူး မြင့်ထွန်းဦးစီးသည့်အဖွဲ့မှ စစ်ဆေးရာ ရွှေဟင်္သာရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ၀ယ်ယူသည်ဟု သိရကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

အဆိုပါ အမျိုးသမီး၏ အိမ်အား ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးများ မတွေ့ရဘဲ အရောင်းဝယ်ပြုလုပ်နေသည်ဟု ယူဆရသည့် ဖုန်းနံပါတ်ထည့်ထားသည့် SINGTECH အမျိုးစားလက်ကိုင်ဖုန်း ၁ လုံးတာ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးမှုနှင့်ပတ်သက်၍ လက်ဝယ်ဖမ်းဆီးရမိသူ အမျိုးသားနှင့် ရောင်းချပေးခဲ့သူဟု ယူဆရသူ အမျိုးသမီးတို့အား ကော့သောင်းမြို့မ ရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့် အရေးယူ ထားကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

ကော့သောင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြုလုပ်သူအများစုသည် ၅၅၅တောင် ဗျူးပွိုင့်၊ ပန်းခြံ၊ ဘုရင့်နောင်
ကုန်းတစ်ဝိုက်တို့တွင် မကြာခဏ ပြုလုပ်လေ့ရှိကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးမှ ပြောဆိုသည်။