လမ်း၊ တံတား၊ အဆောက်အဦကိစ္စ စာချုပ်အတိုင်း မလုပ်သည့် ကုမ္ပဏီကို တရားစွဲမည်

0
352

လမ်း၊ တံတား၊ အဆောက်အဦ ပျက်စီးယိုယွင်းမှုများကို စာချုပ်ပါအတိုင်း မပြုပြင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများကို တရားစွဲဆိုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက သတိပေးလိုက်သည်။

ကျေးလက်ဒေသဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးယိုယွင်းမှုများကို အာမခံစာချုပ်တွင် ပါရှိသည့်အတိုင်း မလုပ်ဆောင်သည့် ကုမ္ပဏီများကို အကြောင်းကြားကာ ပြုပြင်စေမည်ဖြစ်ကြောင်း ၀န်ကြီး ဦးမြင့်စန်းက ဆိုသည်။

“စာချုပ်ပါ အာမခံအတိုင်း လာမပြင်ရင် တရားစွဲမယ်”ဟု ဦးမြင့်စန်းက ပြောသည်။

ဆောက်လုပ်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ စာချုပ်ချုပ်ဆိုရာတွင် ဆောက်လုပ်ပြီးနောက်ပိုင်း ထိန်းသိမ်းရမည့် ကာလ အပိုင်းအခြားကိုပါ ထည့်သွင်း သတ်မှတ်သည်။

ရေဖြူမြို့နယ်၊ ဆန်းချီအရှေ့ရွာအနီးရှိ တံတား နှစ်စီးကို ကြည်မြန်မာကုမ္ပဏီနှင့် ၀င်းသိန်းထွန်း ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ကမ်းနှင့် တံတားကြားရှိ မြေပြိုနေခြင်းကြောင့် ဒေသခံရွာများက ကိုယ်ထူ ကိုယ်ထ သစ်သားတံတားခင်းကာ သွားလာနေရသည်ဟု ရေဖြူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ပြောသည်။

“လက်ရှိက တံတားက ဆောက်ပြီးပြီ။ သူတို့ပြီးတာက နွေရာသီပေါ့။ မိုးစရွာတာနဲ့ ကမ်းကပ်တံတားမှာ ကပ်နေတဲ့ မြေတွေက ပြိုကျပြီးဆင်းသွားတယ်။ မိုးရေနဲ့ ပါသွားတယ်။ လက်ရှိ အချိန်အထိ ပြန်လာမလုပ်ပေးသေးဘူး”ဟု ဦးလှထွေးက ဆိုသည်။

ယခင်အစိုးရလက်ထက်က တင်ဒါစနစ်ဖြင့် ဆောက်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးခဲ့မှုများ အားနည်းခဲ့ခြင်းကြောင့်  အချိန်တိုအတွင်း ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။