တနင်္သာရီလွှတ်တော် ကော်မရှင် ၂ ခု အတည်ပြု

0
479

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်၏ သက်တမ်း ၁၀ လ နီးပါး အကြာတွင် ကော်မရှင် ၂ ခု ကို ဖွဲ့စည်း အတည်ပြုလိုက်သည်။


နိုဝင်ဘာလ ၂၈ ရက်မှ စတင် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် ဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်နှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်အကြံ ပြုရေး ကော်မရှင်တို့ကို အတည်ပြု ခဲ့ခြင်း ဖြစ်သည်။” ကော်မရှင်က ဖွဲ့စည်းဖို့ ကြိုးစား နေတာ ကြာပါပြီ ” ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

 
ကော်မရှင်ဖွဲ့စည်းရန်အတွက် အဓိက အခက်အခဲမှာ သင့်တော်သည့် ပြင်ပ ပညာရှင်များ ပါဝင်နိုင်ရန် စိစစ် ကာ စည်းရုံး ပြောဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ဖွဲ့စည်းထားသည့် ရေးရာကော်မတီ များက လိုအပ်ပါက ကော်မရှင်အဖွဲ့ များကို ဖွဲ့စည်းနိုင်ကြောင်း တိုင်း လွှတ်တော်ထံရုံးထံမှ သိရသည်။ဖွဲ့စည်းအတည်ပြုလိုက်သည့် ကော်မရှင်နှစ်ခုတွင် ဥပဒေ လေ့လာ သုံးသပ်ရေးကော်မရှင်ကိုရေဖြူ မြို့နယ် မှ  တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး တရားလွှတ်တော်ရှေ့နေများ၊ အထက် တန်းရှေ့နေ၊ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ နှင့် ဥပဒေ အရာရှိများ စုစုပေါင်း အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းသည်။

 

ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ် အကြံပြုရေး ကော်မရှင်အဖွဲ့ကို ပုလော မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းသည်။” အရင် လွှတ်တော်က အတည်ပြု ထားတဲ့ တိုင်းဒေသကြီး ဥပဒေ ၁၁ ရပ်ကို ပြန်လေ့လာသုံးသပ်ပြီး ကော်မတီ ကို တင်ပြမယ်”  ဟု ဥပဒေလေ့လာ သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှထွေး က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တွင် ရေးရာကော်မတီ ၆ ခုကို ဖွဲ့စည်း ထားပြီးဖြစ်သည်။