မွန်တွင် ကျွမ်းကျင် ရော်ဘာခြစ် လုပ်သားရှားပါးမှုကြုံ

0
627

ရော်ဘာကို အဓိကစီးပွားရေးလုပ် ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြသည့် မွန်ပြည်နယ်တွင် ကျွမ်းကျင် ရော်ဘာခြစ် လုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု  မွန်ပြည်နယ် အတွင်းရှိ ရော်ဘာ  လုပ်ငန်းရှင်တို့က ပြောသည်။


ရော်ဘာ ဈေးကျလာသည့် နောက် ပိုင်းတွင် မွန်ပြည်နယ်က ကျွမ်းကျင် ရော်ဘာလုပ်သားများ တစ်ဖက်နိုင်ငံသို့ သွားရောက် လုပ်ကိုင်စားသောက်လာမှု ကြောင့် ကျွမ်းကျင်လုပ်သား ရှားပါး မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုဆိုး လာခြင်းဖြစ်ကြောင်း    ရော်ဘာလုပ်ငန်း ရှင်တို့က ပြောသည်။ ” ရော်ဘာ ဈေးမကောင်းတော့ ရော်ဘာလုပ်သားတွေ တစ်ဖက်နိုင်ငံကို သွားကုန်ကြတယ်၊ အခု ရော်ဘာဈေး ပြန်ကောင်း လာတော့ လုပ်သားရှားပါး မှုတွေ ဖြစ်လာတယ်”  ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ရော်ဘာခြံ ပိုင်ရှင်နိုင်ကျန်ရစ်က ပြောသည်။

 
ကျွမ်းကျင်လုပ်သား ရှားပါးလာ သည့်အတွက် အခြားပြည်နယ်၊ တိုင်းမှ လုပ်သားများခေါ်ယူနေရပြီး အခြားဒေသ မှ လာရောက်လုပ်ကိုင်နေကြသည့် လုပ် သားများသည် ကျွမ်းကျင်မှု မရှိသည့် အတွက် ရော်ဘာအထွက်နှုန်းကျကာ အပင်ထိခိုက်မှုလည်းရှိသည်ဟု ၎င်းက ပြောသည်။” ရော်ဘာခြစ်တာက ခြစ်တတ်မှ အထွက်များတယ်၊ ပြီးတော့ အပင် မနာအောင်လည်း ခြစ်ရတယ်၊ အထွက် လည်းများရမယ် အပင်လည်း မနာရ ဘူးပေါ့၊ အဲလိုမှပဲ ရေရှည်လုပ်စားလို့ ရတယ်လေ၊ ရော်ဘာခြစ်တယ်ဆိုတာ ကလည်း ကျွမ်းကျင်မှု နည်းပညာပေါ့ လိုအပ်ပါတယ်” ဟု မုဒုံမှ ရော်ဘာခြံ ပိုင်ရှင် ဦးအောင်က ပြောသည်။

 
ရော်ဘာခြစ် လုပ်သားများကို ယခင် က ရက်ကြေးဖြင့် ငှားရမ်းသော်လည်း လက်ရှိတွင် လုပ်သားများကို ပိုင်ရှင် ၅၀ ရာခိုင်နှုန်း လုပ်သား ၅၀ ရာခိုင် နှုန်းဖြင့် ငှားရမ်းနေရသည်ဟု ရော်ဘာ ခြံပိုင်ရှင် ဒေါ်မွှေးခင်က ပြောသည်။မွန်ပြည်နယ်အတွင်း လက်ရှိလုပ် ကိုင်နေကြ ရော်ဘာလုပ်သားများသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ အများဆုံး ခေါ်ယူနေရပြီး ကျွမ်းကျင်လုပ်သားများ ဖြစ်လာစေရန် ရာဘာနှင့်သက်ဆိုင်သည့် သင်တန်းပို့ချပေးသွားရန်ရှိသည်ဟု နိုင် ကျန်ရစ်က ပြောသည်။

 
မွန်ပြည်နယ်တွင်၂၀၁၁ ခုနှစ်ခန့်က RSS-၃ အဆင့်ရှိ ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၈၀၀ ထိဈေးကောင်းရရှိခဲ့ရာမှ နှစ်စဉ် နှစ်တိုင်း ဆက်တိုက်ကျဆင်းလာ ရာ ၂၀၁၆ ခုနှစ် စက်တင်ဘာလခန့်တွင် ဈေးအနည်းငယ်ပြန်တက်လာပြီး လက်ရှိတွင် RSS-၃ တစ်ပေါင်လျှင် ကျပ် ၉၀၀ကျော်ထိ ပေါက်ဈေးရှိနေသည်။

 
မွန်ပြည်နယ်တစ်ခုလုံးတွင် ရော် ဘာစိုက်ပျိုးမြေဧက  ၅ သိန်းခန့်ရှိပြီး၊ ဧက ၃သိန်းကျော်မှာ ရော်ဘာထုတ်လုပ် လျက်ရှိသည်။