အဖြူအစိမ်းတစ်စုံရဲ့ ဂုဏ်သိက္ခာ

0
1164

ဖေ့စ်ဘုတ်တွင် ဖတ်လိုက်ရသော ပို့စ်တစ်ခုကြောင့် ရင်ထဲမှာ နင့်နေအောင် ခံစားခဲ့ရပါသည်။အမှန်ကို ဝန်ခံရမည်ဆိုလျှင် အတော်ကို ဒေါသထွက်ခဲ့မိပါသည်။ မန္တလေးက  ကိုယ်ပိုင်   အထက်တန်း  ကျောင်းတစ်ခုတွင် ကျောင်းသားများကို အပြစ်ပေးသည့် ပုံစံကြောင့် ဖြစ်သည်။

ကျောင်းသားတစ်ဦးသည် အပြစ်တစ် ခုခုကို ကျူးလွန်မိပါက ဒဏ်ပေးသည့် အနေဖြင့် ကိုယ်ပိုင်ကျောင်း ဝတ်စုံကို ဝတ်ခွင့်မရဘဲ အစိုးရကျောင်းဝတ်စုံ ဖြစ် သော အဖြူအစိမ်းကို ဝတ်ဆင်စေသည်ဟု ဆိုပါသည်။ထိုပို့စ်ကို တင်ထားသည်မှာ နိုဝင်ဘာလ ၁၂ရက်က ဖြစ်သည်။ ဤ ဆောင်းပါးကို မရေးမီ ထိုပို့စ်အောက်တွင် ဝင်ရောက်ရေးသားထားသော မှတ်ချက် များကို ပြန်ဖတ်ကြည့်ခဲ့သည်။

 

အပုပ် ချလို၊ တိုက်ခိုက်လိုသဖြင့် မမှန် မကန် ရေးသားထားသော ပို့စ်ဖြစ်နေမည် စိုးရိမ် သောကြောင့် ဖြစ်သည်။ ထိုကျောင်းတွင် သင်ကြားနေသော ဆရာတစ်ဦးက ထိုသို့ အပြစ်ပေးခြင်းကို နိုဝင်ဘာလ ၁၁ ရက် ကတည်းက ရပ်လိုက်ပြီဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ သူတို့ ကိုယ်ပိုင်ကျောင်းအနေဖြင့် အဖြူ အစိမ်းကို တန်ဖိုးထားကြောင်း၊ ဆရာများ အနေဖြင့် လည်ကတုံးအဖြူကို အမြဲဝတ် ဆင်ကြသလို အတန်းပိုင်ဆရာမ များမှာ လည်း အဖြူအစိမ်းကိုပင် ဝတ်ဆင်ကြ ကြောင်း ပြန်လည်ရေးသားထားသည်။

 
ဆေးမင်ကြောင်ထိုးလာသော ကျောင်းသားကို အင်္ကျီအဖြူလက်ရှည် ဝတ်ဆင်ခိုင်းသဖြင့် ပုဆိုးအစိမ်းကိုပါ ဝတ်ဆင်စေခြင်းဖြစ်ကြောင်း ရှင်းလင်း ရေးသားထားသည်။ မည်သို့ပင် ဆို စေကာမူ အဖြူ အစိမ်းဝတ်စုံကို ပြစ်ဒဏ် ပေးသည့်အနေဖြင့် ဝတ်ဆင်စေခဲ့သည် ကတော့ သေချာသလောက် ရှိသည်။အဖြူအစိမ်းလေးများကို မြင်တိုင်း မည်သူမဆို အတိတ်ကို ပြန်လည် လွမ်း ဆွတ်မိမည်မှာ သေချာသလောက်ရှိသည်။ အပူအပင်ကင်းသည့် sအအေန ကျောင်းသား ဘ၀ကို ပြန်လိုချင်ကြမည်မှာ အမှန်ပင် ဖြစ်သည်။ အဖြူအစိမ်းသည် ကျွန်တော် တို့ဘ၀၏ အစိတ်အပိုင်းတစ်ခု ဖြစ် သည်။ အခုတော့ အားလုံး၏ လေးစား တန်ဖိုးထားစရာ အဖြူအစိမ်း၏ ဂုဏ် သိက္ခာသည် ထိပါးစော်ကားခံနေရသလို တစစဖြင့် ကျဆင်းလျက် ရှိပေသည်။ ထိုသို့ ကျဆင်းနေရခြင်းမှာ အုပ်ချုပ်သူ အစိုးရကြောင့်လား၊ စနစ်တစ်ခုကြောင့် လား၊ သို့တည်းမဟုတ် အဖြူအစိမ်းနှင့် ဆက်စပ်ပတ်သက်နေသူများကြောင့်ပဲလား ဆိုသည်မှာ အဖြေထုတ်ရန် ခက် လွန်းလှသည်။

 
ယခုကဲ့သို့ အဖြူအစိမ်း၏တန်ဖိုး ယုတ်လျော့သွားခြင်းမှာ ဝတ်စုံ၏တန်ဖိုး ကြောင့်မဟုတ်ဘဲ ဆင်မြန်းသူတို့၏ စိတ်နေစိတ်ထားနှင့် တစ်ခြားအကြောင်း ကြောင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဆရာဆိုသည်မှာ မြန်မာလူမှု အသိုင်း အဝိုင်းတွင် ဘုရားနှင့်တစ်ဂိုဏ်းတည်း ထား ဆက်ဆံခံရသူများ ဖြစ်သည်။ ဤသို့ အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ် ခံရသူ ဆရာများအနေဖြင့် ဆရာ့ဂုဏ် နှင့်ညီပြီး ဆရာ့တာဝန် ကျေပွန်သူများ ဖြစ်ဖို့ လိုသည်။ အသပြာသက်သက် မဟုတ်ဘဲ စေတနာဖက်သော ဆရာများ ဖြစ်အောင် အားထုတ်ရပေမည်။ ထိုကဲ့ သို့သော ဆရာများ မျက်မှောက်ခေတ်၌ ရှိတော့ရှိနိုင်သည်။ သို့သော် ဦးရေ အနည်းအများကိုတော့ ပြောဖို့ခက် လိမ့်မည်။ ထိုကဲ့သို့ ဖြစ်ရခြင်းအတွက် စိတ်မကောင်း ဖြစ်မိရုံမှတစ်ပါး အခြား မရှိနိုင်။

 
လက်ရှိအနေအထားအရ ကုန်ဈေး နှုန်းကြီးမြင့်မှုက ဆရာတို့၏ လစာနှင့် အစပ်အဟပ်မတည့် ကွာဟလျက်ရှိသည်။ လက်ရှိရနေသော လစာသည် မိသားစု စားဝတ်နေရေးအတွက်ပင် ဖူလုံမှု မရှိ နိုင်။ တစ်ခြားလူမှုရေးကိစ္စ အဝ၀အတွက် လုံးဝမစဉ်းစားနိုင်သော အနေအထား မျိုးဖြစ်သည်။ ဝင်ငွေနှင့် ထွက်ငွေမမျှဖြစ် လာသောအခါ အပိုဝင်ငွေရနိုင်ရန် တစ် ခြားနည်းလမ်း တစ်ခုခုကို စဉ်းစားကြရ တော့သည်။ အချို့ကလည်း လောဘ ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို အနေအထားတွင် အတန်းထဲတွင် မုန့် ရောင်းသော ဆရာမ၊ ဗလာစာအုပ်ရောင်း သော ဆရာမ၊ ကျူရှင်သင်သောဆရာမ စသဖြင့် သိက္ခာနှင့် အလဲအထပ်လုပ်ကာ ဝမ်းစာရှာရတော့သည်။ ကျူရှင် သင် သည့်နေရာတွင်လည်း အပြိုင်အဆိုင် ရှိသဖြင့် မသမာသော နည်းလမ်းဖက် ဦးတည်မိသော ဆရာဆရာမများမှာ ကျောင်းသားများ၊ မိဘများ၏လေးစားမှု လျော့ကျလာသည်ကို တွေ့နိုင်ပေသည်။

 

 

ရိုးရိုးသားသား စေတနာထားသင်သည့် ကျူရှင်မျိုး မဟုတ်ဘဲ မယူမနေရ ကျူရှင်မျိုး ဖြစ်လာသည်။ ထိုကဲ့သို့သော ဆရာဆရာမများကြောင့် ဆရာဟူသော လေးစားတန်ဖိုးထားအပ်သော ဂုဏ်ပုဒ်မှာ တစစဖြင့် နွမ်းရိ၍ လာပေသည်။ ဆရာ ဆရာမတိုင်းကို ကျူရှင်သင်သည်ဟု မဆိုလိုပါ။ သင်သည့် ဆရာဆရာမတိုင်း တွင်လည်း ထိုကဲ့သို့သော စိတ်ထားမျိုး ရှိသည်ဟု မဟုတ်ပါ။ ရာခိုင်နှုန်း အနည်း ငယ်မျှလောက်သော ဆရာဆရာမများ ကြောင့်သာ ဆရာဆရာမတည်းဟူသော နယ်ပယ်တစ်ခုလုံး သိမ်းကြုံးပြီး အထင် အမြင်သေး ခံကြရသည်။ ဆရာ့ဂုဏ် သိက္ခာနှင့်အတူ အဖြူအစိမ်း၏ တန်ဖိုးပါ ကျဆင်းရလေတော့သည်။

 
အဖြူအစိမ်းသည် ကမ္ဘာကသိသော မြန်မာ ကျောင်းဝတ်စုံ ဖြစ်သည်။ မြန် မာဆန်ပြီး အလွန်တရာလည်း မြတ်နိုး ဖွယ်ကောင်းလှ၏။ ကျောင်းသားတွေ အတွက် ရှပ်အင်္ကျီအဖြူနှင့် ပုဆိုးအစိမ်း၊ ကျောင်းသူများအတွက် ရင်စေ့သို့မဟုတ် ရင်ဖုံး အင်္ကျီအဖြူနှင့် ထမီအစိမ်းတို့ကို ဝတ်ဆင်ထားလျှင် မြင်ရသည်မှာ ကျက် သရေရှိလှပေသည်။ သို့သော်လည်း ပုဂ္ဂလိကကျောင်းများတွင်မူ အနောက် တိုင်းဆန်သော ဝတ်စုံများကို ကျောင်း ဝတ်စုံအဖြစ် သတ်မှတ်ကြသည်။ ထိုကဲ့ သို့ ကျောင်းဝတ်စုံများ မတူညီဘဲ ကွဲ ပြားနေခြင်းကြောင့် ကလေးငယ်လေး များ၏ စိတ်ထဲတွင် အဆင့်အတန်း မတူ သလို ခံစားနေရပြီး သိမ်ငယ်စိတ်များ မသိမသာ ကိန်းအောင်းနေမည်ကို စိုးရိမ်မိသည်။ ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် ကျောင်းအား လုံးသည် တူညီသောဝတ်စုံကို ဝတ်ဆင် ကြမည်ဆိုလျှင်တော့ အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

 
ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ် သည့် အမေရိကန်နိုင်ငံတွင် အစိုးရ ကျောင်းတက်သော ကျောင်းသားဦးရေ သည် ၈၇ ရာခိုင်နှုန်းရှိကာ ကိုယ်ပိုင် ကျောင်းတက်သော ကျောင်းသားဦးရေမှာ ၁၀ရာခိုင်နှုန်းနှင့် ဆရာကိုအိမ်ခေါ်ပြီး သင်သော ကျောင်းသားဦးရေမှာ ၃ ရာခိုင်နှုန်းရှိသည်။ အထက်ပါ ကိန်း ဂဏန်းများကို ကြည့်ခြင်းအားဖြင့် အခြေခံပညာအဆင့်တွင် အစိုးရကျောင်း များသည် မည်မျှအရေးပါသည်ကို သိရှိ ကြလိမ့်မည်။ ကျွန်တော်တို့နိုင်ငံတွင် လည်း အစိုးရကျောင်းများသည် မြန်မာ နိုင်ငံ၏ ပညာရေးကို အဓိကမောင်းနှင် ပေးလျှက်ရှိသော အင်ဂျင်တစ်လုံး ဖြစ် ပေသည်။ ထိုအင်ဂျင်ကြီး ခဏခဏ ချွတ်ယွင်းနေသမျှ မြန်မာ့ပညာရေးအဆင့် အတန်းသည် ထိပ်တန်းသို့ ရောက်မလာ နိုင်သလို ဆရာတို့၏ လူနေမှုဘ၀လည်း မြင့်မားလာမည် မဟုတ်။ ဆရာတို့၏လူနေမှုဘ၀ နိမ့်ကျနေသမျှ ဆရာ့ဂုဏ် သိက္ခာလည်း မြင့်မားလာဖို့ လမ်းမမြင်။

 
ထိုကြောင့် ဆရာတို့၏ လူနေမှုဘ၀ မြင့်မားလာခြင်းနှင့်အတူ ဆရာ့ဂုဏ် သိက္ခာပါ မြင့်မားအောင် စွမ်းဆောင် ကြရင်း လေး စားဂုဏ်ယူဖွယ်ရာ အဖြူ အစိမ်းတစ်စုံ၏ သိက္ခာကို ဝိုင်းဝန်း မြှင့် တင်ကြဖို့ ဆန္ဒပြုလိုက်ရပါသည်။