ထားဝယ်နာရေးရုံးခန်း ဖောက်ထွင်းသူများကို ဖမ်းမိပြီ

0
485

ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ် လက ထားဝယ်နာရေးရုံးခန်းကို နှစ်ကြိမ် တိုင်ဖောက်ထွင်းခဲ့သည့် ဖောက်ထွင်း ခိုးယူသူများအား ဖမ်းဆီးထားပြီး ရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။


အဆိုပါ ဖောက်ထွင်းသူများသည် အခြား ဖောက်ထွင်းမှုများစွာကိုလည်း ပြုလုပ်ခဲ့သူများဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ထားသည်ဟု အထက်ပါ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်က ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ ဖုန်းဆိုင်ကို ဖောက်ထွင်းခိုးယူရာ ဖုန်း ၉ လုံး ခိုးယူသွားကြောင်း ထားဝယ် ရဲစခန်းမှ သိရသည်။ယင်းဖောက်ထွင်းခိုးယူမှုကို ခြေရာခံစုံစမ်းရာ နိုဝင်ဘာလ ၁၉ ရက် က ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက် နေ အသက် ၁၉ နှစ်အရွယ် နှင့် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦး၊ ဥဿရံ ရပ်ကွက်နေ အသက် အသက် ၂၀ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့ ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

 
” ခိုးသွားတဲ့ ဖုန်းတွေထဲက တစ်လုံး ကို သော့ (password ) ပိတ် ထားလို့ ဖုန်းဆိုင်မှာ သွားလုပ်ခိုင်းထားတာ သတင်း ရလို့ သုံးရက်တောင် စောင့်ဖမ်း လိုက်ရ တယ်” ဟု အဆိုပါ ရဲအရာရှိက ပြော သည်။ယင်းနောက် ဆက်လက်စစ်ဆေးရာ ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လ များ တွင် ထားဝယ်နာရေးကူညီမှုရုံးခန်း ကို နှစ်ကြိမ်တိုင် ဖောက် ထွင်းကာ ငွေကျပ် ၂၈၀၀၀၀ ခန့် ခိုးယူခဲ့မှုများ စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရဲအရာရှိ က ဆို သည်။

 
အဆိုပါ ဖောက်ထွင်းသူ သုံးဦးကို ဆက်လက်စစ်ဆေးရာ ထားဝယ်မြို့ လမ်းဆုံကြီးအနီးရှိ ကုန်မာဆိုင်တစ်ဆိုင် တွင် သုံးကြိမ်ဖောက်ထွင်းပြီး ငွေကျပ် သိန်း ၃၀ ခန့်ကို ခိုးယူခဲ့သည့် ဖောက်ထွင်း မှု ထပ်မံ ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။ယင်းအပြင် ထားဝယ်မြို့ ဈေး တောင်ဖက်လမ်းရှိ ဆိုင်တစ်ဆိုင်တွင် ငွေကျပ် ၁၄ သိန်းခန့် ဖောက်ထွင်းခိုးယူ ခဲ့ကြောင်းလည်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။
ဖောက်ထွင်းခိုးယူသူ သုံးဦးအား (ပ)၄၃၈ / ၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၀ ၊ (ပ) ၆၇၇ / ၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၀၊ (ပ)၁၀၅၁ / ၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ နှင့် (ပ)၁၃၁၂ /၂၀၁၆ ၊ရာဇသတ်ကြီး ပုဒ်မ- ၃၈၀ တို့ဖြင့် ထားဝယ်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေး ယူထား ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရ သည်။