အမေရိကန်သွားတောလား – ၃

0
742

အမေရိကန်ပြည်ထောင်စု အနောက် ပိုင်း မွန်တားနားပြည်နယ်ရှိ တောမြို့ ကလေးမစ်ဇူလာတွင် ၁ လနီးပါးခဲ့ နေထိုင်ခဲ့ပြီးနောက် မိုင်ပေါင်း ၁၈၀၀ ကျော်ပျံသန်းကာ နိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်သို့ ရောက်ရှိလာပေပြီ။


ဝါရှင်တန်ဒီစီ။
ဒီမိုကရေစီ အသည်းနှလုံးမြို့တော် ဟု တချို့က တင်စားကြသော အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေးဗဟိုချက် နေရာ။ ကျွန်တော်ကား ဝါရှင်တန်ကို ဒီမိုကရေစီနှစ်ခြမ်းကွဲ မြို့တော်ဟု နာမည် ပေးမိ၏။ ဟုတ်သည်။ အမေရိကန်၏ ဒီမိုကရေစီသည် အစိတ်အပိုင်းကြီး နှစ်ခြမ်းကြီးမားစွာ ” ဟ ”  နေခဲ့လေပြီ။

 
မွေးရပ်မြေ ထားဝယ်တွင် ထူးခြား သည့် လပြည့်ဝန်းနှင့် တန်ဆောင်တိုင် ဘုရားပွဲ ခြိမ့်ခြိ့မ့်သဲနေသည့် အချိန် ဝါ ရှင်တန်တွင် နေရောင်ခြည်တို့ လင်းဖြာ လျှက်ရှိ၏။ အပူချိန် အနုတ် ၂ ဒီဂရီအထိ အေးသည့် မစ်ဇူလာတွင် တစ်လနီးပါးမျှနေထိုင်ခဲ့ပြီးဖြစ်သဖြင့် ၅ မှ ၁၀ ဒီဂရီအကြားရှိသော ဝါရှင်တန် ရာသီ ဥတုအတွက် အနွေးထည်မလိုပေ။ ဧည့် လမ်းညွှန်မှ ” သစ်ပင်များ၏မြို့တော်” ဟု သုံးနှုန်းသော ဝါရှင်တန်သည် အရွက် မကြွေသေးသည့် ရောင်စုံသစ်ပင်များဖြင့် စိုပြည်လျက်ရှိသည်။ မိုးမျှော်အဆောက် အဦးများ ရှိလင့်ကစား မြို့သည် သပ်ရှင်း သာယာလွန်းလှသည်။ အုပ်ချုပ်ရေး မြို့ တော်ဖြစ်သည့်အားလျှော်စွာ ကြီးမား ကျယ်ပြန့်လွန်းသည့် အစိုးရရုံးများ မြောက်မြားစွာ အခြေစိုက်၏။ ဂျော့ခ်ဝါ ရှင်တန်တက္ကသိုလ်၊ အမေရိကန်တက္ကသိုလ် များရှေ့မှ ဖြတ်အလျှောက် ထိုတက္ကသိုလ် တို့တွင် ပညာသင်ချင်စိတ်များ တဖွား ဖွားဖြစ်ပေါ်မိသည်။

 
ပြတိုက်များ၊ ဘုရားကျောင်းများ၊ အမှတ်တရ ကျောက်တိုင်များနှင့် ဗိသု ကာ လက်ရာအသီးသီးတို့သည် အမေရိက ၏ ကြီးကျယ်ခမ်းနားမှုနှင့် ကမ္ဘာ့အလယ် လူရာဝင်ဆံ့မှု၏ ပြယုဂ်ဖြစ်ပေမည်။ ဝါရှင်တန်၏ လူထုပို့ဆောင်ဆက် သွယ်ရေးသည် မြေအောက်ရထား ဖြစ် ၏။ မြေအောက်သို့ ပေ ၃၀၀ ခန့် စက်လှေ ကားဖြင့်ဆင်းရသည့် မီထရိုမြေ အောက်ရထားလိုင်းများကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် စတင်ဒီဇိုင်းရေးဆွဲ ခဲ့သည် ဆိုသည်။

 

 

၁၉၇၆ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သော အဆိုပါ ရထား လိုင်းသည် ဘူတာရုံပေါင်း ၉၁ ခုရှိပြီး ခရီးမိုင် ၁၁၇ မိုင် ရှည်လျှားသည်။ ဝါရှင် တန်လူထုထောင်ပေါင်းများစွာ၏ နေ့စဉ် ဆက်သွယ်ရေးအတွက် အရေးပါသော မြေအောက်ရထားလိုင်းတည်း။ ဤအရေး ပါသော ရထားလိုင်းတွင် ကျွန်တော် မကြိုက်သည့် တစ်ခုတည်းသော အချက် မှာ မြေအောက်သို့ ရောက်နေရခြင်း ဖြစ်သည်။ အလင်းရောင် မှိန်ပျပျသာ ရှိသည့် ဝါရှင်တန်၏ မြေအောက်ရထား စီးနေရင်း သန့်ရှင်းတောက်ပသော ဘန်ကောက်မြို့၏ ကောင်းကင်ရထား စီးရခြင်းကိုပင် သတိရမိသေးတော့သည်။

 
” ခင်ဗျားတို့ ခေါင်းလေ့ကျင့်ခန်း လုပ်တာ ဝါသနာပါရင် အခု စလို့ရပြီ” ။ စိတ်အား တက်ကြွဖွယ် စကားပြောတတ် လွန်းသော အာဖရိကန်- အမေရိကန် ဧည့်လမ်းညွှန် မာစတာမာ့ခ်၏ အသံ ဖြစ်သည်။ ပြောသည့် အတိုင်းခေါင်းသည် အငြိမ်မနေရ။ ကားပေါ်မှနေ၍ သူက ဘယ်ကြည့်ဆိုကြည့်ရသည်။ ညာလှည့် ဆို လှည့်ရသည်။ ” ဂျာ့ခ်တောင်း”  မှ တစ်ဖက်တစ်ချက်စီတွင် နိုင်ငံခြား သံရုံး များရှိသည့် လမ်းကို ဖြတ်မောင်းနေခြင်း တည်း။ ဝါရှင်တန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှ သံရုံးများ ရုံးစိုက်သည်ဟု ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး ဌာနမှ ပြုလုပ်သည့်ညနေခင်း တွေ့ဆုံ ပွဲတွင် အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တွေ့ဆုံခွင့်ရသည်။ အပြန်အလှန် စကားပြောကြရင်း သံရုံး ကိုလာရောက် လေ့လာရန်ဖိတ်သဖြင့် သွားရောက် လည်ပတ်ခဲ့သေးသည်။

 
” လင်ကွန်း အမှတ်တရ”  နှင့် ဗီယက်နမ်နှင့် ကိုရီးယား စစ်ပွဲအမှတ် တရနေရာများကို လေ့လာရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှ၏။
အမေရိကန် စစ်သားပေါင်း ၆ ထောင်နီးပါး စတေးခဲ့ရသော ဗီယက်နမ် စစ်ပွဲနှင့် ၈ ထောင်နီးပါး သေဆုံးခဲ့ရ သော ကိုရီးယားစစ်ပွဲတို့တွင် ကျဆုံး ခဲ့ရသော စစ်သည်တို့အတွက် အမှတ်တရ တည်း။ စစ်သည် မကောင်း။ စစ်သည် သေခြင်းနှင့် စိတ်နှလုံး ကြေကွဲဝမ်းနည်း ဖွယ်တို့ကိုသာ ယူဆောင်လာတတ်သည်။ ဖော်ပြပါ အမေရိကန် စစ်သားပေါင်း ၁ သောင်းကျော်တို့သည် ၎င်းတို့သဘော ဆန္ဒမပါဘဲ ရှေ့တန်းသို့ အတင်းပို့ခံခဲ့ကြ ရသည် ဆိုသည်။ ထို့အတွက် အဆိုပါ စစ်သားတို့ ရရှိသည့် လက်ဆောင်ကား ၎င်းတို့ ချစ်ခင်နှစ်သက်ရသူများနှင့်ကွေ ကွင်းရခြင်း၊ ဇာတိရပ်မြေနှင့်ဝေးရာ စစ် မြေပြင်တွင် သေဆုံးရခြင်းတည်း။

 
သေဆုံးသူ စစ်သည်တို့၏အမည် များ ရေးထွင်းထားသော ကျောက်ပြားများ ရှေ့တွင် အမှတ်တရ ပန်းစည်းများ။ ၎င်း တို့ကို ချစ်ခင်ရသူတို့၏ ဝမ်းနည်းကြေ ကွဲဖွယ် အမှတ်တရ စာသားများ။ ကမ္ဘာ အရပ်ရပ်မှ ထောင်ချီသော ခရီးသွား ဧည့်သည်တို့၏ ခြေလှမ်းချီသံများ။ ကျဆုံးစစ်သည့်တို့ကို ခပ်လှမ်းလှမ်းမှ မမှတ် မသုန်စူးစိုက် ကြည့်နေသည်ကား အမေရိက၏ အုပ်ချုပ်ရေးအသက်သွေးကြောဖြစ်သည့် အိမ်ဖြူတော်။

 
” ကျွန်တော်တို့ ဘယ်ကလာခဲ့ကြ သလဲ၊ ဘာတွေဖြစ်ပျက်ခဲ့ကြသလဲဆိုတဲ့ သမိုင်းကို ကျွန်တော်တို့ သိဖို့လိုတယ်၊ ဒါမှ ကျွန်တော်တို့ ကလေးတွေကို အဖြစ် အပျက်အမှန်တွေ ရှင်းပြနိုင်ပြီး ကျွန်တော် တို့ ဘယ်ကို ရှေ့ဆက်သွား ကြမလဲဆို တာ ဆုံးဖြတ်နိုင်မှာ” ။ ကျဆုံး စစ်သည် တို့၏ အမည်များ ရေးထွင်းထားသည့် ကျောက်ပြားများ ရှေ့မှဖြတ်လျှောက် နေရင်း ဧည့်လမ်းညွှန် မာစတာမာ့ခ်က ဆွေးဆွေးမြေ့မြေ့ ဆိုသည်။

 
ကမ္ဘာကြီးသည် စစ်ပွဲများကို ဆက်လက် အလိုမရှိတော့။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ စံနှုန်းများကို လေးစား လိုက်နာသည့် လူမှုအသိုက်အဝန်း တစ်ခုထူထောင်ရန် ကမ္ဘာ့ခေါင်းဆောင် များ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် စတင် ရုန်းကန်ခဲ့ကြသည်ကို စာဖတ်သူ များ သိရှိပြီး ဖြစ်ချေပြီ။ အမေရိကသည် ဒီမိုကရေစီကို ကမ္ဘာအနှံ့ မိတ်ဆက်ခဲ့သူဟု ဆိုလျှင် မှားအံ့မထင်။  အမေရိကန် အရပ်သား အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာ ကင်း၏ ” I have a Dream” ဟူသည့် ကမ္ဘာကျော် မိန့်ခွန်းခြွေခဲ့သော နေရာတွင် ခြေစုံရပ်ပြီး  ခေတ္တမျှ စဉ်းစားမိသည်။ ကျွန်တော်တို့ ကမ္ဘာကြီးသည် တကယ်ပင် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထား သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပြီ လော။ အဖြေကားရှင်း၏။ မဖြစ်သေး။

 
” ဒီမိုကရေစီ ဘိုးအေကြီး” ဟု တင် စားသည့် အမေရိကန်၏ နိုင်ငံသူ နိုင်ငံ သားတို့သည် လူ့အခွင့်အရေးကို ၀စီကံ ဖြင့် ပေါ်ပေါ်တင်တင် ချိုးဖောက်သည့် စီးပွားရေးသမားတစ်ဦးကို ၎င်းတို့၏ သမ္မတအဖြစ် မဲပေးရွေးချယ်လိုက်လေ ပြီ။ ဤသည်ပင် ဒီမိုကရေစီသည် အနာ ဂတ် လူ့အဖွဲ့အစည်းအတွက် သင့်တော် မှန်ကန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ပါရဲ့ လားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ် လာနေသည်။
ရွေးကောက်ပွဲနေ့က မဲရုံသို့သွားခဲ့ သည်ကို ပြန်အမှတ်ရသေးသည်။ ” ၄ နှစ်မှ တစ်ကြိမ်ရတဲ့ နိုင်ငံသားတစ်ယောက် ရဲ့အခွင့်အရေးကို အသုံးမချရင် ခင်ဗျား ကိုယ့်ကိုကိုယ် မေးခွန်းပြန်ထုတ်သင့် တယ်” ။ မဲရုံလုံခြုံရေးအတွက် စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်သည့် အသက် ၇၀ နီးပါး အမေရိကန်ကြီး တစ်ဦး၏ မှတ်ချက်ဖြစ်သည်။

 
စက်ဘီး ရောင်းသည့်ဆိုင်တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး သက်ပြည့်ပင် စင်ရပြီ ဖြစ်သည့် သူ့အတွက် ၄ နှစ်လျှင် တစ်ကြိမ် မဲရုံလုံခြုံရေးအတွက် လုပ်အားပေးရ သည်မှာ စိတ်အားတက်ကြွဖွယ် အလွန် ကောင်းကြောင်းသူက ဆိုသည်။
သို့သော် အမေရိကန်အများစုသည် ထို အဖိုးအိုလောက် မတက်ကြွ။ ရွေး ကောက်ပွဲအပြီး စစ်တမ်းများအရ မဲပေး ခွင့်ရှိသူစုစုပေါင်း၏ ၄၀% ကျော်မဲ မပေးခဲ့ကြဟု ဆိုသည်။ အားလုံးသိပြီးဖြစ် သည့်အတိုင်း ကျွန်တော်ထိတွေ့ ဆက် ဆံနေရသည့် အမေရိကန် အသိုင်းအဝိုင်း မှ ထောက်ခံသော သမ္မတလောင်း ဟီ လာရီကလင်တန် ရွေးကောက်ပွဲတွင် မနိုင်။ လူမျိုးရေးခွဲခြားသူ၊ လူ့အခွင့် အရေးချိုးဖောက်သူဟု နာမည်ကြီးသည့် ဒေါ်နယ်ထရမ့်နိုင်သည်။ ထို့အတွက် ဒီမို ကရက်တစ်ပါတီကို ထောက်ခံသူများ ဝမ်းနည်းသည်မှာ မဆန်း။ သို့သော် ဆန်းသည်က အမေရိကန် သမိုင်းတစ် လျှောက်ကြီးကျယ်ခမ်းနားလှသည့် ဆန္ဒ ပြပွဲများ နိုင်ငံအနှံ့ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတလွှားရှိ မြို့ ကြီးများတွင် ဟီလာရီထောက်ခံသူထောင် ပေါင်းများစွာ ဆန္ဒပြလျက် ရှိသည်။

 
ပင်ဆယ်ဗေးနီးယားပြည်နယ်၏ ဆန္ဒပြပွဲတစ်ခုတွင် စီအန်င်အန်င် သတင်း ဌာနမှ ထောင်ပေါင်းများစွာသော အထက် တန်းကျောင်းသားကျောင်းသူများ၏ ဆန္ဒ ပြပွဲတွင် သတင်းယူနေသည့် ဗွီဒီယိုဖိုင် တစ်ခုကို စိတ်ဝင်တစားကြည့်မိသေး သည်။ သတင်းထောက်မှာ ကျောင်းသူ ကျောင်းသားအချို့နှင့် အင်တာဗျူး ပြု လုပ်နေသည်ကို တိုက်ရိုက်ထုတ်လွှင့် နေခြင်း ဖြစ်သည်။
” ကျွန်မ အသက်က ၁၄ နှစ်ပါ။ ဆန္ဒပြပွဲကို ရာက်နေတာ အိမ်ကလူတွေ မသိပါဘူး။ ပြန်ရောက်ရင်တော့ မိဘ တွေနဲ့ စကားပြောရလိမ့်မယ်။ ဒါပေမယ့် သူတို့ နားလည်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”လက်ရှိ အိမ်ဖြူတော်သမ္မတကား သူလုပ်စရာရှိသည်ကို လုပ်သည်။ ရင့် ကျက်သည့် ဒီမိုကရေစီခေါင်းဆောင်ပီ သစွာ တက်လာမည့် သမ္မတအသစ်ကို တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲ ပြောင်းပေးနိုင်ရေးအတွက် အလုပ်လုပ် သည်။

 

၂၀၁၅ ရွေးကောက်ပွဲများအပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှ လက်ရှိ အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးသည့် ပုံစံကိုပင် သတိရမိသေးသည်။ ဝါရှင်တန် နေ့လယ်ခင်းသည် ကြည်လင် သာယာလျက်ပင် ရှိသည်။ အိမ်ဖြူ တော်ရှေ့ရှိ လမ်းမကြီးရှေ့တွင် လုံခြုံရေးများ ပြည့်နှက်နေသည်။ ပုံမှန် ဖွင့်ထားလေ့ရှိသည့် လမ်းမကြီးကို သံဇကာ အကြီးကြီးများဖြင့် စည်းရိုး လုပ်ကာ ကာရံထားသည်။

 

 

ထိုခြံစည်း ရိုးနှင့်ကပ်လျက် လမ်းမပေါ်တွင်ကား ပြိုးပြိုးပျက်ပျက် အရောင်များကို ဝတ်စုံ ပြည့် ဝတ်ဆင်ထားသည့် ရာပေါင်း များစွာသော အာဖရိကန်-အမေရိကန် များ။ ပူပူနွေးနွေးရွေးကောက်ခံ ထားရ သော သမ္မတသစ်ကို ဆန္ဒပြနေခြင်း ဖြစ်သည်။ ရှေ့မှ ဦးဆောင်သူသည် သမ္မာ ကျမ်းစာအုပ်ကို တဖုန်းဖုန်းရိုက်ကာ စာသားတချို့ကို တိုင်ပေးသည်။ နောက် မှ လူအုပ်ကား တဟေးဟေး အသံများဖြင့် လိုက်အော်လျက်ရှိ၏။ ဤသို့ဖြင့် အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြသူများ၊ ရဲများ၊ လူများ၊ ခရီးသွားများဖြင့် အုန်း အုန်းကြွက်ကြွက်ဖြစ်လျက် ရှိချေသည်။

ဆက်လက်ဖော်ပြပါမည်