ဘုတ်ပြင်းမြို့နယ် ဘောလုံးကွင်းတွင် ပွဲတော်ကျင်းပခြင်း ကန့်ကွက်

0
376

ဘုတ်ပြင်းမြို့နယ် ၊ ရွှေဘုံသာရပ် ကွက်ရှိ  ဘောလုံးအားကစားကွင်းအတွင်း ပွဲတော်များ ကျင်းပခြင်း မပြုရန် လူဦး ရေ ၅၀ ကျော် လက်မှတ်ထိုး ကန့် ကွက်ထားကြောင်း ဘုတ်ပြင်း လူငယ် ကွန်ရက်ထံမှ သိရသည်။


ဘောလုံးကွင်းတွင် ပွဲတော်များ ကျင်းပခွင့်မပြုရန် ရပ်ကွက်နေ ပြည်သူ တချို့နှင့် အားကစားဝါသနာရှင် လူ ငယ်များ စုပေါင်း လက်မှတ်ထိုးကာ မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို လိပ်မူ၍ စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း လူ ငယ်ကွန်ရက်ထံမှ သိရသည်။
” လူငယ်တွေ နေ့တိုင်း အားကစား လုပ်လို့ရတာ ဒီတစ်ကွင်းပဲ ရှိတာပါ။ အဲတစ်ကွင်းမှာပဲ ပွဲတော်လုပ်မယ်ဆို ဘယ်နားသွား ကစားရတော့မလဲ”  ဟု ကန့်ကွက်လက်မှတ်ထိုးခဲ့သူ ရွှေဘုံသာ ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။.

 
ပွဲတော်ကျင်းပပြီးချိန်တွင် ဈေးဆိုင် များ တွင်းတူးတိုင်စိုက်မှုကြောင့် ဘောလုံး ကွင်းမှာ အပေါက်များနှင့် ပျက်စီးမှုများ ရှိပြီး စားကြွင်းစားကျန် အမှိုက်များဖြင့် ပျက်စီးမှုရှိနိုင်သည့်အတွက် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဘုတ်ပြင်း လူငယ် ကွန်ရက်တာဝန်ခံ ဦးကျော်သူရ မင်းသွင်က ဆိုသည်။

 
လူငယ်များ၏ ကန့်ကွက်မူကို အသိမှတ်ပြု လက်ခံပြီး ပွဲတော်များကို ယခင်ခွင့်ပြုပေးထားသည့် စည်ပင်ကွင်း တွင်သာ လုပ်တော့မည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။
ကော့သောင်းမြို့တွင်လည်း ယခု နှစ်မှ စတင်၍ ဘောလုံးအားကစား ကွင်း တွင် ဈေးပွဲတော်ကျင်းပခွင့်မပြုတော့ ကြောင်း ကော့သောင်းခရိုင် အားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရ သည်။