အပျင်းနှင့် အပင်းများ ချီးယားစ်

0
509

ဒီတစ်ပတ်တော့ အားလုံးကို ချီးယားစ်လုပ်ချင်လို့ ဆောင်းပါးရေး ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အားလုံးသိတဲ့ အတိုင်း ဒီတစ်ပတ်ပွဲဆူသွားတာက ဘူးထောင့်ကိစ္စ။ လူအရောက်အပေါက် နည်းတဲ့ နေရာလေးမှာ ဘယ်အချိန် ကတည်းက ဖြစ်နေမှန်းတော့မသိ။

သစ်တွေခိုးထုတ်သတဲ့။ ဒါကတော့ သိပ်ထူးခြားတဲ့ကိစ္စတော့ မဟုတ်။ သိတဲ့ အတိုင်း ဒီပြည်မြန်မာကြီးမှာ ဖြစ်နေကျ။ သစ်တွေလည်း ပိုင်ရှင်မဲ့ ဖြစ်နေကျ။
ဒါပေမဲ့ ထူးတာက လက်နက်ကိုင် ခြိမ်းခြောက်သတဲ့။ မီဒီယာတွေမှာ ဓာတ်ပုံနဲ့တကွ တက်လာတယ်။ လက် နက်ကြောင့် ဒေသခံတွေ ကြောက်နေရ တယ်ဆိုပြီး။ သိပ်မကြာဘူး ထားဝယ် တိုင်းရင်းသားများပါတီက ဒီကိစ္စကို ထုတ်ပြန်ချက် ထုတ်တယ်။ အဲဒီထုတ်ပြန် ချက်မှာ အဓိကသုံးချက် ပြောထားတယ်။ ဒေသခံတွေကြောက်လို့ နေရပ်စွန့်နေရ တယ်၊ လက်နက်ကိုင် ခြိမ်းခြောက်တယ်၊ သစ်ခိုးထုတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့။
နောက်သုံးလေးရက်နေတော့ တိုင်း ရဲတပ်ဖွဲ့က အံ့ဩဖွယ်ရာ သတင်းထုတ် ပြန် လိုက်ပြန်တယ်။ သူတို့သွားစစ်တော့ အဲလိုမျိုးတွေ မရှိဘူးတဲ့။
ကဲ.. ပွဲကတော့ ကြည့်ကောင်းပြီ။ မီဒီယာကလည်း ရေးတယ်။ ပါတီကလည်း အဲလိုမျိုးတွေ ရှိနေကြောင်း ထုတ်ပြော တယ်၊ နောင်မဖြစ်အောင် အာမခံပေးဖို့ ထုတ်ပြန်ချက်ထုတ်တယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့က အဲဒါမျိုးတွေ မရှိဘူးတဲ့။ ဒါကြောင့် ထားဝယ်ပါတီ ရဲ့ထုတ်ပြန်ချက်က အစိုးရသိက္ခာကျစေ သတဲ့။
နောက်ဆုံးတော့ နိုဝင်ဘာ ၁၀ ရက် နေ့မှာ ပါတီက ရှင်းလင်းပွဲလုပ်တော့ တိုင်းရဲတပ်ဖွဲ့ကော၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးကကော၊ အရပ်ဘက်အဖွဲ့ အစည်းတွေကော မျက်နှာစုံညီရှင်းပါတော့ တယ်။အဲဒီမှာကြားကျတဲ့ အဖြေထွက် လာတယ်။
ရဲတပ်ဖွဲ့က ထင်နေတာက လက် နက်ခြိမ်းခြောက်မှုဆိုတာ လက်နက်ကိုင် ထားတဲ့သူက ဒေသခံရွာသားတွေကို ချိန်ပြီး ” မင်းသေသွားမယ်” ဆိုတာမျိုး ပြောတာ ကို။ ဒါပေမဲ့ အဲဒီပွဲမှာ ဒေသခံနှစ်ဦး ရှင်းတာက သူတို့နေတဲ့ နေရာနားမှာ သေနတ်လာလာပစ်တယ်။ တဲတွေရှေ့ ကမ်းခြေမှာ သေနတ်ကိုင်ပြီး လမ်းသလား ပြတယ်။ အဲဒါလည်း ခြိမ်းခြောက်တာပဲ တဲ့။ နောက်ပြီး ဓားကိုင်ပြီးတော့လည်း သေသွားမယ်ဆိုပြီး ခြိမ်းခြောက်သေး တယ်ဆိုပြီး ဒေသခံနှစ်ယောက်က ပြော တယ်။

ဖြစ်ချင်တော့ ရဲတပ်ဖွဲ့တွေ သွားစစ် တဲ့အချိန်မှာ ဒီလိုရဲရဲတင်းတင်း ထွက်ဆို မယ့်သက်သေတွေက အဲဒီနေရာမှာ ရှိ မနေဘူး။
ဆိုတော့ ပြန်ချုပ်လိုက်ရင် သစ်ခိုး ထုတ်မှုတွေကတော့ ရှိနေတယ်။ သေနတ် နဲ့ရွာသားတွေကို ချိန်ပြီး ခြိမ်းခြောက် တာမျိုး မဟုတ်ပေမဲ့ ဒေသခံတွေ တဲနား မှာ သေနတ်ဖောက်တာတွေ၊ သေနတ် ထမ်း လမ်းသလားတာတွေ၊ ဓားနဲ့ ခြိမ်းခြောက်တာတွေတော့ ရှိနေတယ်။
ဒေသခံတွေ နေရပ်စွန့်နေတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း နှစ် ဖက်ရှင်းသွားကြတာ မတွေ့ရဘူး။ဒီနေရာမှာ ပထမဆုံးပြောချင်တာက ဒီလိုမျိုးဖြစ်နေတဲ့ကိစ္စကို စတင် အသံ ထွက်တဲ့ မီဒီယာနဲ့ပါတီကိုပဲ။ ထားဝယ် တိုင်းရင်းသားများ ပါတီက ရွေးကောက်ပွဲ ပြီးကတည်းက အသံတိတ်နေတာကြာပြီ ဖြစ်ပေမဲ့ ဒီကိစ္စမှာ အသံထွက်လာတာ ဖြစ်ပါတယ်။ မီဒီယာကလည်း သူ့အလုပ် သူလုပ်နေတယ်။
တကယ်က တိုင်းဒေသကြီး အစိုးရ တက်ကတည်းက အလုပ်တော်တော် လုပ် တာ တွေ့ရပါတယ်။ အခြားတိုင်းနဲ့ ပြည် နယ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် တကယ် လည်း အားရစရာကောင်းပါတယ်။ တစ်ခုခုဆို ဆုံးဖြတ်ချက် မြန်လွန်းလို့ ချက်ချင်းအစိုးရဆိုပြီး ပြောစရာရှိနိုင်ပေမဲ့ အားတက်သရော လုပ်နေတာကိုတော့ ချီးကျူးသင့်ပါတယ်။

ဒါပေမဲ့ ထုံးစံအတိုင်းပဲ အစိုးရ တစ် ရပ်ဆိုတာ လုံးဝခြောက်ပစ်ကင်း သဲလဲ စင် မဟုတ်ပါဘူး။ အခုလိုအချိန်မျိုး အစိုးရဆို ပိုဆိုးနိုင်ပါတယ်။ ရှင်းစရာ အမှိုက်တွေကလည်း တစ်ပုံတစ်ပင်၊ အုပ်ချုပ်ရေးယန္တရား အလုပ်ဖြစ်ရေး၊ လာဘ်ကင်းရေးကလည်း ရှိသေးတယ်။ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကလည်း လိုသေး။
အဲလိုအချိန်မှာ ဝေဖန်ထောက်ပြဖို့ တည့်မတ်ပေးနေဖို့ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ လိုပါတယ်။ မီဒီယာတွေ ကတော့ အစိုးရတက်ကတည်းက အလုပ် လုပ်နေတာတွေ့ပေမဲ့ နိုင်ငံရေးပါတီ တွေကတော့ နှုတ်ဆိတ်နေကြဆဲပါ။ ဘူးထောင့်ကိစ္စမှာတော့ ပါတီတစ်ခုက စတင် အသံထွက်လာတာပါ။
တကယ်တော့ ဒီမိုကရေစီ အခြေခံ သဘောတရားအရ အစိုးရရှိမယ်၊ သူ့ကို အထိန်းအထေပြုတဲ့ လွှတ်တော်ရှိမယ်၊ နိုင်ငံရေးပါတီလိုမျိုး ဝေဖန်အတိုက်အခံ ပြုမယ့် လွှတ်တော်ပြင်ပ အင်အားစုတွေ ရှိမယ်။ ဒါဟာ စနစ်ပါ။ ဒါကိုငါတို့ကို ဘယ်အုပ်စုက ဝေဖန်တယ်၊ ဒီကောင်တွေ ကတော့ ချတယ်၊ သူတို့နှစ်အုပ်စုကတော့ ပေါင်းချတယ်ဆိုတာမျိုး သဘောထားလို့ မရပါ။
အခုလည်း ဘူးထောင့်ကိစ္စမှာ အစိုး ရကို ဝေဖန်ကြတယ်။

ဒုတိယမြောက်ပြောချင်၊ ချီးကျူး ချင်တာက အစိုးရနဲ့ရဲတပ်ဖွဲ့ပါ။ ဒီလို ဝေဖန်တာကို နားထောင်တယ်။ ကွင်းထဲ ထိဆင်းပြီး ကြည့်တယ်။ ဝေဖန် ထောက် ပြသူတွေကို အလေးထားပြီး ပြည်သူ့ မျက်နှာအတွက် အလုပ်လုပ်တယ်။ (အဲမတွေ့တာကတော့ မတွေ့သူတွေ ညံ့ လို့ပေါ့။ ဒါပေမဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ပွဲ အရ အဖြေကတော့ ပိုရှင်းသွားမယ် ထင်ပါတယ်) မီဒီယာတွေ ရေးတာတွေကို အစိုးရ က တရားဝင်ထုတ်မပြောပေမဲ့ အတွင်း ကြိတ်စိတ်ထဲ မကျေလည်တာတွေ ကြားနေရတာရှိပေမဲ့ ဘူးထောင့်ကိစ္စမှာ တော့ ပိုပြီးနည်းမှန်လာပြီလို့ ဆိုနိုင် ပါတယ်။ အဖြေမတွေ့ခင်ကတော့ ထား ဝယ်တိုင်းရင်းသားများပါတီကို အစိုးရ သိက္ခာချသလို ဖြစ်နေကြောင်း ပြောခဲ့ တာကတော့ တစ်ပိုင်းပေါ့။

အားအရဆုံးကတော့ နိုဝင်ဘာ ၁၀ ရက်နေ့ ထိပ်တိုက် ရှင်းကြတာကိုပဲ။ ပါတီပါတယ်၊ အုပ်ချုပ်ရေးပါတယ်၊ ရဲတပ်ဖွဲ့ပါတယ်၊ ဒေသခံတွေ ပါတယ်။ နောက်ဆုံး အိုကေ စိုပြည်သွားတယ်။ ပါတီကလည်း ဒဲ့မေးတယ်၊ ရဲတပ်ဖွဲ့ ကလည်း ပွင့်ပွင့်လင်းလင်း ဖြေတယ်။ အဲလိုပဲဖြစ်နေရမှာ။ပြီးရင်ဒီအမှုကို ဘယ်လိုဆက် ဖြေ ရှင်းမလဲ။ ပွဲမှာ နာမည်တပ်ပြီး အစွပ်စွဲ ခံရတဲ့ လက်နက်ကိုင်ဆိုသူတွေကို ဘယ် လိုဆက်ပြီး စစ်ဆေးမလဲ၊ အရေးယူမလဲ၊ လူသိရှင်ကြားလာပြောရဲတဲ့ ဒေသခံနှစ်ဦး ကို ဘယ်လို အကာအကွယ်ပေးမလဲ။ စိတ်ဝင်စားစရာများစွာနဲ့ အမှုကို ဆက် စောင့်ကြည့်ရဦးမယ်။
ဒီလိုမျိုး ယဉ်ကျေးမှုကိုဗမောင်းတို့ တိုင်းသူတိုင်းသားများ ဆက်လက် ပျိုး ထောင်ကြရအောင်ပါ။

ရွေးကောက်ပွဲ မတိုင်မီကတည်းက တဘက်နဲ့တဘက် ဟိုလူနဲ့ပေးစား ဒီလူနဲ့ပေးစား၊ အပုပ်ချ၊ လက်ညှိုးထိုး၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် အဲဒါတွေနဲ့ပဲ သွား နေကြတာ။ တကယ် လုပ်ရမှာက ဒီလို မျိုးပြောသင့်တာ ဗြောင်ပြောမယ်၊ ဖြေ ရှင်းသင့်တာ ထိပ်တိုက်ဖြေရှင်းမယ်၊ ဒီယဉ်ကျေးမှုဟာ ချစ်စရာအကောင်းဆုံးပဲ။အချို့ဒေသတွေမှာ ပြောမယ့် သူမရှိလို့ အပျင်းတွေ များနေတယ်။ ပြောလည်း အစိုးရက နားမထောင်တော့ အပင်းတွေ များနေတယ်။
အဲလိုအချိန်မှာ ဗမောင်းတို့ဆီမှာ အတိုက်အခံအပျင်းတွေ နည်းလာပြီး (အချို့အပျင်းတွေကတော့ ရှိဆဲပါ) အသံ ထွက် ဝေဖန်သူတွေ များလာတာ၊ အစိုးရ ကလည်း အပင်းမဟုတ်ဘဲ နားထောင် တတ်လာတာကို ကြိုဆိုရမှာပါပဲ။

ဒါကြောင့်မို့ အားလုံးကို ချီးယားစ် လုပ်ပါတယ်။
ပြောစရာက တစ်ဘက်နဲ့တစ်ဘက် တုံ့ပြန်ပုံ တုံ့ပြန်နည်းလေးတွေပါ။
အစိုးရနဲ့ဌာနဆိုင်ရာတွေကလည်း မီဒီယာက မီဒီယာအလုပ်၊ အတိုက်အခံက အတိုက်အခံအလုပ် လုပ်နေတယ်လို့ မြင် ကြဖို့ပါ။ အားလုံးက သူ့အလုပ်သူ လုပ် နေတယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။

ထောက်ပြတဲ့သူတွေဘက်ကလည်း တိတိကျကျ မှန်မှန်ထောက်ပြဖို့ လိုပါ တယ်။ ထားဝယ်ပါတီရဲ့ ထုတ်ပြန်ချက်ကို နည်းနည်းပါးပါး အငြင်းပွားကြတာ တွေ့ရ တော့ ထုတ်ပြန်ချက်မှာ ဒီထက်ပို တိကျ နိုင်ရင် ပိုကောင်းမယ် တွက်မိတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အစ ကောင်းပါ။ ဒီယဉ်ကျေးမှုကို ဆက်ပျိုး ထောင်ကြရအောင်ပါ။ ” အတိုက်အခံ အပျင်းနဲ့ အစိုးရအပင်းများ”ဆက်နည်း လာအောင် လုပ်ကြရအောင်ပါ။နောက်ဆုံးတစ်ခုလေးပဲ ပြော စရာက၊ နိုဝင်ဘာ၁၀ရက်နေ့ပွဲမှာ ရွေး ကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေ မတွေ့မိတာကိုတော့ နည်းနည်း မေးခွန်း ထုတ်ချင်တယ်။

အထူးသဖြင့် လောင်းလုံးမြို့နယ် ထဲက တာဝန်ရှိ အမတ်တွေပေါ့။
အဲဒီအမတ်တွေများ ချီးယားစ် မလုပ်စေချင်ဘူးနဲ့ တူတယ်။ ဒါမှမဟုတ် လောင်းလုံးလို အဖြူရောင်နယ်မှာ ဒီလို သေနတ်ကိုင်ကိစ္စဖြစ်လို့ ရှင်းနေလင်းနေ ရတာ ငါတို့နဲ့မဆိုင်ဘူး ထင်လားတော့ မသိ။ ဒါမှမဟုတ် ကွင်းထဲဆင်းကြပြီးလို့ လာစရာမလိုတာလည်း ဖြစ်မှာပေါ့လေ။ ကိုယ့်ဆရာတွေ ဘာတွေနဲ့မအားဖြစ်နေလဲ မသိ။ နေပြည်တော်မှာကော၊ ထားဝယ်မှာ ကော လွှတ်တော်ခေါ်သံမကြားရ။

အင်း . . . သူတို့ကိုတော့ အပျင်းနဲ့ အပင်းထဲပါမလာဖို့ ဆုတောင်းပါတယ်။
အတိုက်အခံပါတီက လုပ်တဲ့ ပွဲတက်ရင် သူတို့ပါတီ လူကြီးတွေ ငြိုငြင် မှာများ စိုးကြလို့လားမသိ။