ချိုးဖြူငှက်ကို ဖန်ဆင်းခြင်း

0
497

” ဦးဦး ရေ..သားကို ဓားနဲ့သေနတ် လုပ်ပေးနော် ”
” ဘာလုပ်မလို့တုန်း..တူးတူးလေး ရဲ့   ”
” တိုင်းချမယ်၊ ကျစ်တိုက်မယ်”
ငါးနှစ်သား တစ်ယောက်က သိုင်းချ ခြင်း၊ စစ်တိုက်ခြင်း ကစားလိုပါသတဲ့။


သူမှမဟုတ် ကျွန်တော်၏ အိမ်နား၊ ရပ်ကွက်ထဲမှ ကလေးအားလုံးနီးပါး ဤ သို့ ကစားတတ်ကြ၏။ ကစားရင်း အနာ တရဖြစ်ကြ၍ မိဘများချင်း ရန်ဖြစ်ကြ သည်မှာလည်း မဆန်းတော့ပေ။ နည်း နည်း အသက်ကြီးသည့် ကလေးများ ကတော့ သစ်ပင်တက်ခြင်း၊ ဘောလုံးကန် ခြင်းစသည်ဖြင့် ကစားတတ်ကြသည်။ တကယ့် ဘောလုံးမဝယ်နိုင်ကြ၍ ပလပ် စတစ်အိတ်ဟောင်းများကိုလုံး၍ သားရေ ကွင်းနှင့်စည်းကာ ဘောလုံးအဖြစ် ကန် ကြသည်။

 

စိန်ပြေးတမ်း၊ တူတူပုန်းတမ်း ကစားကြသည်ကို သိပ်မမြင်ရ။ တီဗွီ ဇာတ်လမ်းထဲမှ ဘယ်သို့သိုင်းချသည်၊ ဘယ်သို့ ပစ်ခတ်ကြသည်၊ ဘယ်ဓား၊ ဘယ်သေနတ်က ဘယ်လိုဟူ၍ ဝါးခြမ်း များ၊ သစ်ချောင်းသစ်စများကို ဓား၊ သေနတ်များအဖြစ် ဖန်ဆင်းကာ တိုက် ခိုက်ကစား ကြသည်။စစ်တိုက်ကစားရင်း ထိုးခုတ် ဆဲဆို တတ်ကြသည်။ ဤသို့ ကစားကြခြင်း သည် ကလေးတို့ သဘာဝဖြစ်သော် လည်း ကျွန်ုပ်အဖို့မူ စိတ်မချမ်းမြေ့စရာ ကစားခြင်းများ ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး အနာတရဖြစ်စေသည့် ကစား ခြင်းမျိုး ဖြစ်ပြီး လက်နက်အားကိုးဖြင့် အနိုင်ယူရခြင်းမျိုး၊ ဗိုလ်ကျစိုးမိုးရခြင်း မျိုးကို ကလေးများ သဘောကျသွားခဲ့ လျှင်…။

 
ကလေးများ၏ ပြုမူပြောဆိုပုံသည် ၎င်း၏ မိဘအုပ်ထိန်းသူများ၏ ပြုမူ ပြောဆို ပုံတွင် မူတည်ပါသည်။ လောက နီတိစာအုပ်တွင် အမိယုတ် နှုတ်ကြမ်း၊ အဖယုတ် လက်ကြမ်း ဟုဖော်ပြထားရာ လက်ဦးဆရာ မိဘအုပ်ထိန်းသူများ၏ အရေးပါပုံကို တွေ့နိုင်ပါသည်။
ထို့အပြင် ၎င်းတို့ကြီးပြင်းရာ ပတ် ဝန်းကျင်သည်လည်း အရေးပါလှပါ သည်။ လူသားများသာမက တိရစ္ဆာန် များပင် ၎င်းတို့ ကြီးပြင်းရာ ပတ်ဝန်းကျင် အလိုက် ပြုမူပြောဆိုပုံ ပြောင်းလဲသွား နိုင်သည်။ ဤသဘောကို ကျေးညီနောင် ပုံပြင်လေးက သာဓကပြလျက် ရှိသည်။
မိဘအုပ်ထိန်းသူများသည် ကလေး များရှေ့တွင် ဆဲဆိုခြင်း၊ ကြမ်းတမ်း သည့် စကားများ ပြောဆိုခြင်း၊ ရိုက်ပုတ် ရန်ဖြစ်ခြင်းများ ဖြစ်နေမည်ဆို လျှင် လည်းကောင်း၊ ကလေးများကို အထက်ပါ အတိုင်း ပြုမူဆက်ဆံ ဆုံးမလျှင်သော် လည်းကောင်း အဆိုပါကလေးများသည် မိဘများထံမှ အဆိုပါအကျင့်များကို အတုယူ လိမ့်မည်ဖြစ်သည်။

 
ထို့ကြောင့် မိဘများအနေဖြင့် သား သမီးများကို ဆုံးမပဲ့ပြင်ရာတွင်၊ သား သမီးများနှင့် ဆက်ဆံရာတွင် ဂရုပြုရ ပေမည်။ ယနေ့ လူငယ်အများစုသည် ပြဿနာဖြစ်ပြီဆိုလျှင် ဆဲဆိုကြ တုတ်၊ ဓားလက်နက်ဖြင့် ဖြေရှင်းတတ်ကြ၍ ဆွမ်းကြီးလောင်းခြင်းကဲ့သို့သော စရိုက် များ စွဲနေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်။ကျောင်းများနှင့် သင်ခန်းစာများ သည်လည်း ကလေးများအပေါ် လွှမ်းမိုးမှု ရှိပြန်သည်။ ကျောင်းများသည် ကလေး ငယ်များကို ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် လေ့ကျင့်သင်ကြားပေးရာဟု ဆိုနိုင် သည်။ သို့သော် အကြောင်းအမျိုးမျိုး ကြောင့် ထိုရည်ရွယ်ချက်သို့မရောက်ဘဲ လွဲလျက်ရှိချေသည်။

 
ကျောင်းသားများ စံထား ကိုယ်စား ပြုရသော အသင်းများ သည် စစ်ဘုရင် စစ်ခေါင်းဆောင်များ ဖြစ်နေသည်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလ အသင်းများ ဖြစ်၏။ အထူးသဖြင့် ကလေးငယ်များကို သင်ကြားသော သမိုင်းဘာသာရပ်သည် အငြင်းပွားဖွယ် ဖြစ်နေသည်။ စစ်ဘုရင် စစ်ခေါင်းဆောင်များသာ ကယ်တင်ရှင်၊ သူရဲကောင်းဟူသောဝါဒကို အားပေး သကဲ့သို့ရှိနေပြီး လူမျိုးတစ်ခုတည်းကို သာ အသားပေး ဖော်ပြထားသည်။လူမျိုးနွယ်စုများစွာ နေထိုင်ကြသော ကျွန်ုပ်တို့နိုင်ငံတွင် လူမျိုးစုများအကြောင်း မျှတစွာမဖော်ပြဘဲ ဤကဲ့သို့ လူမျိုး တခုတည်းကိုသာ အသားပေး ဖော်ပြ ခြင်းသည် နိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပျက်ယွင်းစေပြီး ကလေးငယ်များအနေဖြင့် မိမိနိုင်ငံနှင့် ပက်သက်၍ ဗဟုသုတများစွာ အားနည်း သွားစေသည်။

 
ဤသမိုင်းများကို သင်ယူသက်ဝင်၍ ကြီးပြင်းလာသော ကလေးများသည် ငါတို့လူမျိုးလောက် ဘယ်တိုင်းရင်းသား ကမှ အဆင့်အတန်းမမြင့်ဟူ၍ လူမျိုး ကြီးစိတ်ဝင်ကာ အခြားတိုင်းရင်းသားများ အပေါ်နှိမ့်ချ ဆက်ဆံမိခဲ့သော် မလို လားအပ်သော ပြဿနာများ ဖြစ်ပေါ် လာနိုင်သည်။ သာဓကပြရသော် လတ် တလော အခြေအနေ၌ပင် ဗမာတိုင်းရင်း သားများနှင့် အခြားတိုင်းရင်းသားများ အကြား အထင်မြင်လွဲမှားမှုများ၊ မယုံ ကြည်မှုများရှိနေခြင်း ဖြစ်သည်။ ဤ သည်ပင် အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတား တခုဖြစ်သည်။

 
အထက်ပါ အကြောင်းတရား တို့ကို စေ့ငုကြည့်သော် ငယ်စဉ်ကပင် မယဉ် ကျေးသော စရိုက်အရင်းခံဖြင့် ဤစစ်ဘုရင် ကယ်တင်ရှင်ဝါဒ၊ အင်အားကြီးသူ အနိုင်ဝါဒကို သွတ်သွင်းခံရသော ကလေး သည် ကြီးပြင်းသော် ပြဿနာတခုကို လက်ရုံးအားကိုး၊ လက်နက် အားကိုးဖြင့် ဖြေရှင်းမည်။ ချဲ့တွေးကြည့် သော် လူမျိုးကြီး စိတ်ဝင်ကာ အခြားလူမျိုး များအပေါ် စစ်အင်အားဖြင့် အနိုင်ထက် ပြုလိုသော စိတ်ဓာတ်၊ တဘက်လူမျိုး များမှလည်း မတရားအနှိမ်ခံရ၍ မကျေ နပ်သဖြင့် စစ်ဖြင့်အန်တု အားပြိုင်လိုသော စိတ်ဓာတ်တို့ စွဲသွားကြသော် အနာဂတ် ငြိမ်းချမ်းရေးသည် ဖြစ်လာဖွယ်မရှိချေ။

 
နှစ်ပေါင်း ၆၀ကျော်ကြာ ယနေ့ တိုင် နေရာအချို့တွင် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်သည် စစ်အာဏာရှင် စနစ် ကိုမွေးဖွားခဲ့ပြီး စစ်စရိတ်ပိ၍ မွဲသည့် နိုင်ငံကို တေနုံခြာလှသော တိုင်းပြည် အဖြစ် ရောက်စေသည်။ ယခု အချိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာအောင် အားထုတ်နေရ သောအချိန် ဖြစ်သည်။ တည်ဆောက် ၍ရသမျှ ငြိမ်းချမ်းရေးကိုလည်း မပျက်စီးအောင် ထိန်းသိမ်း ရပေမည်။မျိုးဆက်သစ်များ၏ စိတ်နှလုံးတွင် စစ်လက်နက်အင်အားဖြင့် ပြိုင်လိုကြ သည့် စိတ်များကိန်းနေလျှင် ငြိမ်းချမ်းရေး စကားလုံးအားဖြင့်သာ ရှိပေလိမ့်မည်။

 
မိမိတို့လိုလားသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ဖို့ဆို လျှင် အစိုးရနှင့် တိုင်းရင်းသားခေါင်း ဆောင်များသာမက ကျွန်ုပ်တို့ပြည်သူ များအားလုံး တတ်နိုင်သည့်ဘက်မှ ပါဝင်ရန် လိုပါသည်။မိဘ အုပ်ထိန်းသူများသည် ကလေး များကို ယဉ်ကျေးလိမ္မာအောင်၊ နိုင်ငံ ကြီးသားပီသအောင်၊ ငြိမ်းချမ်းရေး ကိုမြတ်နိုးသော ထူးချွန်ထက်မြက်သူများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်။

 

ဆုံးမပဲ့ပြင်ရမည်။ မိမိတို့ကိုယ်တိုင် အထက်ပါအချက်များပြည့်စုံအောင် လေ့ကျင့် ယူထားရမည်။ အစိုးရတာဝန် ရှိသူများအနေဖြင့်လည်း အနာဂတ် ငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်ဝါဒ ဖြန့်သမိုင်း ပြဋ္ဌာန်းစာအုပ်များနှင့် ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေ သော စာပေ များ၊ စနစ်များကို အမြန်ဆုံး သုံးသပ်ပြင် ဆင်သင့်ပေသည်။ ထိုအပြင် ကျောင်းများ တွင် ဒီမိုကရေစီပညာရေး ရှင်သန်လာအောင် စွမ်းစွမ်းတမံ အား ထုတ်ကြိုးပမ်း ကြစေလိုပါသည်။ ထိုသို့ အနာဂတ် မျိုးဆက်သစ်များကို စနစ် တကျ ပြုစုပျိုးထောင်၍ လူသားအရင်း အမြစ်ကို စနစ်တကျ အသုံးချနိုင်လျှင်ပင် ငြိမ်းချမ်းရေးခရီး လမ်းတဝက်ရောက်ပြီဟု ဆိုရပေမည်။