အမေရိကန်သွားတောလား (၂)

0
479

မစ်ဇူလာရှိ အထက်တန်းကျောင်း တစ်ခုသို့ ရောက်နေသည်။ ၉ တန်းမှ ၁၂ တန်းအထိ ကျောင်းသားကျောင်း ၁၂၀၀ ကျော်ရှိသည့်  ” Big sky high school ” ။အမေရိကန်၏ စာသင်ကျောင်းတစ် ကျောင်း ဘယ်နည်းဘယ်ပုံလည်ပတ်သည် ကို လေ့လာရန်ဖြစ်သည်။

ထို့ထက်ပို သည်ကား အမေရိကန်ကျောင်းသားတို့၏ တစ်နေ့တာလှုပ်ရှားမှုများကို ပိုမိုသိလို ရင်းနှင့်လူငယ်ထု၏ ခေတ်ရေစီးကြောင်း ကို အကဲခတ်နိုင်ရန်လည်း ဖြစ်သည်။ ထုံးစံအတိုင်း ကျောင်းအုပ်ကြီးက ကျောင်းလုပ်ငန်းများကို အသေးစိတ် ရှင်းပြ၏။ ရန်ပုံငွေရရှိမှု၊ ကျောင်းတွင်း စီမံခန့်ခွဲမှု၊ ဆရာ ဆရာမများ အရေး၊ သင်ကြားရေးနှင့်အစီရင်ခံစာများ ရေး သားခြင်းအစရှိသည့် စာသင်ကျောင်းတစ် ကျောင်း ပုံမှန်လုပ်ဆောင်လေ့ရှိသည့် အကြောင်းကိစ္စများတည်း။

 
စိတ်ဝင်စားစရာကောင်းသည်မှာ ဆရာဆရာမများနှင့် ပတ်သက်သည့် အရေးကိစ္စများ ဖြစ်သည်။ ဆရာဆရာမ များကို ပြည်နယ်အစိုးရမှ လစာ  တိုက်ရိုက်မပေး။ သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေးကောင်စီမှ ပညာရေး ကော်မတီနှင့် သက်ဆိုင်ရာ ကျောင်းအုပ် ကြီးတို့ ညှိုနှိုင်းကာ လုပ်ခလစာ သတ်မှတ် ခြင်း ဖြစ်သည်။ တစ်နာရီ လုပ်ခပျမ်းမျှ ၁၂ ဒေါ်လာကျော် ရှိသော မစ်ဇူလာတွင် ဆရာဆရာမများ ထိုပမာဏထက်ပိုရသည် ဆိုသည်။
နောက်စိတ်ဝင်စားစရာတစ်ခုမှာ ဆရာဆရာမများအသင်း ဖြစ်သည်။ ဆရာ၊ ဆရာများသမဂ္ဂဟုပင် ဆိုရ ပေမည်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသင်းများ ရှိသည်။ နှစ်စဉ်တွေ့ဆုံပြီး ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ တို့မှာ ပြဋ္ဌာန်းထားသည့် သင်ရိုး ညွှန်း တမ်းများကို မိမိတို့ကျောင်း၊ မိမိဒေသနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ဖြစ်အောင် ထိုတွေ့ဆုံပွဲတွင် ပြင်ဆင် ရေးဆွဲကြသည်။ အကြံပြု ဆွေးနွေးကြ သည်။နယူးဇီလန်နိုင်ငံ၏ ပညာရေးစနစ် ကို ဖော်ပြသည့် ” မူလတန်းတွင် လမ်း လျှောက်ခြင်း”  ဆောင်းပါးတွင် သင်ရိုး ညွှန်းတမ်း ရေးဆွဲခြင်းနှင့်ပတ်သက်ပြီး ဖော်ပြခဲ့ဖူးသည်။ နယူးဇီလန်တွင် သက် ဆိုင်ရာကျောင်းအလိုက် သင်ရိုးညွှန်းတမ်း ကော်မတီများရှိပြီး ထိုကော်မတီတွင် ရွေးချယ်ခံကျောင်းသားမိဘများ ပါဝင် ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

 
အမေရိကန်မှာကား ထိုသို့မဟုတ်။ ကျောင်းသားမိဘများ သင်ရိုး ညွှန်းတမ်း ရေးဆွဲရေးတွင် ပါဝင်ခွင့်မရှိ။ ယှဉ်ကြည့် ပါက နယူးဇီလန်၏ ပညာရေး သည် အောက်ခြေကို ပိုမိုလုပ်ပိုင်ခွင့်ပေးထားကြောင်း တွေ့ရှိရသည်။ သို့သော် အမေရိ ကန်ပညာရေးသည် ဗဟိုချုပ်ကိုင်မှု များ လွန်းသည်ဟုလည်း မဆိုသာ။ဥပမာ အမေရိကန်ကျောင်းသား မိဘများ ပညာရေးကိစ္စတစ်ခုခု ပြောဆို လိုပါက ကျောင်းအုပ်ကြီးနှင့် တိုက်ရိုက် ဆွေးနွေး နိုင်သည်။ ကျောင်း၏ အတွင်း ရေးမှူးထံသို့ တိုက်ရိုက်ဆက်သွယ်နိုင် သည်။ ကျောင်းမှ အခါအား လျော်စွာ ပြုလုပ်သည့် တွေ့ဆုံပွဲများတွင် ဆွေးနွေး တင်ပြနိုင်သည်။ သို့သော် ပညာရေး မူဝါဒနှင့်ပတ်သက်၍ကား ကျောင်းတွင်း ဆွေးနွေးပွဲများတွင် အလုပ်ဖြစ်မည် မဟုတ်။

 

ထို့အတွက် လမ်းကြောင်းကား သက်ဆိုင်ရာ အုပ်ချုပ်ရေး နယ်ပယ် အလိုက် ရွေးကောက်တင်မြှောက်ခြင်းခံ ထားရသည့် ပညာရေးဘုတ် အဖွဲ့ထံသို့ မိမိတို့၏ ထင်မြင်ယူဆချက်၊ ဖြစ်လို သည့်ဆန္ဒ၊ ပြုပြင်လိုသည့် မူဝါဒကို တိုက်ရိုက် ပြောကြားနိုင်သည်။ အဆို ပါ ဘုတ်အဖွဲ့ဝင်များကို ပြည်သူမှ ရွေး ကောက်တင်မြှောက်ခြင်းဖြစ်ပြီး ၎င်းတို့ မှာ စေတနာ့ဝန်ထမ်းများ ဖြစ်သည်။ ဘုတ်အဖွဲ့၏ တာဝန်များတွင် ပညာရေး ရန်ပုံငွေများခွဲဝေခြင်း၊ မူဝါဒများပြင်ဆင် ရေးဆွဲခြင်း၊ လူထုဆန္ဒ တင်ပြမှုတွေ့ဆုံပွဲ များ ပြုလုပ်ခြင်းတို့အထိ ပါဝင်သည်။ သက်ဆိုင်ရာပြည်နယ်အလိုက် ပညာ ရေးကို အကောင်အထည်ဖော်ပုံလည်း ကွဲပြားပေသေးသည်။
ဤနေ့သည် မစ်ဇူလာတွင်နေထိုင် သည့် ၃ ပတ်အတွင်း ဆယ်ကျော်သက် များကို အများဆုံးတွေ့ရသည့်နေ့ ဖြစ် သည်။ ထုံးစံအတိုင်း အမေရိကန်ကျောင်း သားများသည် လွတ်လပ်၏။ စာကြည့် တိုက်တွင် မနမ်းရုံတစ်မယ် ချစ်ပြနေ သည့် အထက်တန်း ကျောင်းသားစုံတွဲကို ကျောင်းအုပ်ကြီးမှ ရပ်တန့်ရန် သတိ ပေးရ၏။

 
အချိန်ပြည့် စာသင်ခန်းများအတွင်း မှထွက်ကာ စာပေ၊ အနုပညာ၊ အားကစား မိမိကြိုက်နှစ်သက်ရာကဏ္ဍတွင် ပါဝင်နိုင် သည်။ ကျောင်းသားကော်မတီဘုတ် အဖွဲ့ကို ဆရာတစ်ဦးမှ ဦးဆောင်ပြီး သက်ဆိုင်ရာအတန်းအလိုက် ရွေးချယ်ခံရ သည့် ကျောင်းသားများဖြင့် ဖွဲ့စည်းထား သည်။ကျွန်တော်တို့နိုင်ငံမှ အားကောင်း လာသော ကျောင်းသားသမဂ္ဂများကို သတိရမိသေးသည်။ သတင်းစာပညာ လေ့လာသည့် ကျောင်းသားများ စုပေါင်း ထုတ်ဝေသည့် ကျောင်းတွင်း မဂ္ဂဇင်းများ၊ လစဉ်သတင်းစာများက ကျောင်းသားများ ၏ တီထွင်ဖန်တီးနိုင်မှုနှင့် ပါဝင်ခွင့် ရရှိမှုရေချိန်ကို ပြသနေသည်။

 
” ကျွန်တော်တို့က တစ်ခုခုလုပ်ချင် ရင် ထလုပ်လိုက်တာပဲ၊ ကျွန်တော်တို့ကို ဟန့်တားထားတာ ဘာမှမရှိဘူး၊ အဓိက ကတော့ ဒီကျောင်းရဲ့ ဂုဏ်ကိုဆောင် နိုင်ဖို့ပါပဲ” ဟု ၁၂ တန်းကျောင်းသား ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ၁၂ တန်းအထိရှိသော အထက်တန်းကျောင်း များတွင် ၁၀ တန်းကျောင်းသားအချို့၊ ၁၁ တန်း ကျောင်းသားအများစုနှင့် ၁၂ တန်းကျောင်းသား အားလုံးနီးပါး အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ များဖြစ်ပြီ။ သို့သော် အများစုမှာ ရွေး ကောက်ပွဲတွင် မဲမပေးကြဟု ဆိုသည်။
လူငယ်ပြုပြင်ရေးနှင့်ခေါင်းဆောင် မှုစွမ်းရည် မြှင့်တင်ခြင်းသင်တန်းများ စီစဉ်သူ “ဂျမား” သည် အမေရိကန် လူငယ်ထုကို အားရပုံမရ။ “ကျွန်တော်တို့ လူငယ်တွေ နိုင်ငံရေးဘက်ကို စိတ်ဝင်စား လာအောင် အများကြီးလုပ်ရဦးမယ်၊ သူတို့ပေးတဲ့ ဆန္ဒမဲက အမေရိကကို ပြောင်းလဲအောင် လုပ်နိုင်တယ်ဆိုတာ လူငယ်တွေ ယုံကြည်လာအောင် ကျွန် တော် တို့ဆက်လုပ်ရဦးမယ်” ။
“အမေရိကန် ပညာရေးက ကောင်း ပါတယ်။ သို့ပေမယ့် စာသင်ခန်းထဲမှာပဲ အချိန်ကုန်နေတာ မျိုးမဟုတ်ဘဲ ဝေဖန် ပိုင်းခြား စဉ်းစားခြင်းက လေ့ကျင့်ပေးတဲ့ စာသင်ကျောင်းတွေ ဖြစ်လာဖို့ လိုအပ် နေတုန်းပဲ ဓဟု အသက် ၅၀ကျော် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းကျွမ်းကျင်သူ ” ဂျက်စီ” မှ မှတ်ချက်ပြုသည်။

 
ပြီးခဲ့သည့် အင်္ဂါနေ့သည် အမေရိက ကို တစ်ဆင့်ချိုးပြောင်းလဲစေမည့် ရွေး ကောက်ပွဲနေ့ ဖြစ်သည်။ မူလတန်း ကျောင်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် မဲရုံတွင်းသို့ အသက် ၇၀ ကျော်ခန့်ရှိပြီဟု ထင်ရသော စုံတွဲတစ်တွဲ ဝင်လာသည်။ မဲရံမှူးက မှတ်ပုံတင်နှင့် မဲစာရင်း တိုက် ဆိုင်စစ်ဆေးပြီး မဲလတ်မှတ်ထုတ်ပေး၏။ မဲဆန္ဒရှင်များမှ အမြီးတွင် နိုင်ငံတော် အလံတပ်ထားသည့် ဘောလ်ပင်ဖြင့် မဲ စာရင်းစာအုပ်ထဲတွင် အသီးသီး လက် မှတ်ထိုးသည်။ ထို့နောက် လူသူကင်း ရှင်းတိတ်ဆိတ်လှသည့် မဲရုံထောင့်ရှိ လျှို့ဝှက်ဆန္ဒပြုခန်း အတွင်းသို့ ဝင် ရောက်ပျောက်ကွယ်သွား ကြသည်။  မဲရုံတွင် လူရှင်းနေရခြင်း ၂ ကြောင်း ရှိ သည်။

 

တစ်ကြောင်းမှာ မဲဆန္ဒရှင် အများစုက စာတိုက် (သို့ မဟုတ်) အင်တာနက်မှတစ်ဆင့် မဲပေးပြီးဖြစ် သည်။ နောက်တစ်ကြောင်းကား အမေရိကန်တွင် မဲပေးသူဦးရေနည်းပါး သောကြောင့် ဖြစ်သည်။ (မဲပေးသူဦးရေ နှင့်ပတ်သက်၍ ယခင်အပတ်တွင် ဖော်ပြ ခဲ့ပြီးဖြစ်သဖြင့် အကျယ်မချဲ့လိုတော့)။ ၃ မိနစ်ခန့်ကြာသော် အဆိုပါ မဲဆန္ဒရှင် ၂ ဦး လျှို့ဝှက်ဆန္ဒပြုခန်းအတွင်းမှ အသီးသီး ပြန်ထွက်လာကြပြီး မဲလက် မှတ်သိမ်းဆည်းသည့် ကောင်တာသို့ ၎င်းတို့ဆန္ဒပြုထားပြီးဖြစ်သည့် မဲလက် မှတ်များ အပ်နှံသည်။ မဲလက်မှတ် သိမ်းဆည်းသူမှ ဆန္ဒမဲလက်မှတ်ကို စာအိတ်အညိုတစ်လုံးအတွင်းသို့ ထည့် လိုက်ပြီး စာအိတ်အနားကို လျှာထုတ် တံတွေးဆွတ်ကာ ပိတ်လိုက်လေတော့ သည်။ ဤသည်မှာ အမေရိကန် ပြည်သူ တစ်ဦး၏ ၎င်းတို့တိုင်းပြည်ကို နောင် ၄ နှစ်တာအုပ်ချုပ်မည့် အစိုးရ တစ်ရပ်ကို ဆန္ဒမဲပေးရွေးချယ်သည်ကို မျက်မြင် ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

 
မည်သို့ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဆွေးနွေးငြင်းခုံကြပြီးဖြစ်သည်ကို အထူးမပြောလိုတော့။ ကျွန် တော်ထိတွေ့သိရှိနေရသည့် အမေရိကန် အသိုင်းအဝိုင်းကမူ ယခုတစ်ကြိမ်သည် အမေရိကန်သမ္မတရွေးကောက်ပွဲ သမိုင်း တစ်လျှောက် တခါမှ မကြုံခဲ့ဖူးသည့် အပုပ်ချပြောဆိုမှုများဖြင့် ပြည့်နှက်လျက် ရှိကြောင်း မှတ်ချက်ပြုကြလေသည်။
ရွေးကောက်ပွဲနေ့ ည။ မစ်ဇူလာမြို့ ၏ လမ်းမများသည် ထုံးစံအတိုင်း တိတ် ဆိတ်နေသည်။ သို့သော် စားသောက် ဆိုင်များ၊ ဘားများတွင် ရွေးကောက်ပွဲ ရလဒ် စောင့်ကြည့်သူများဖြင့် ပြည့်နှက် နေ၏။ အသက် ၅၀ ကျော်အရွယ် လူကြီးများ တီးခတ်နေသည့် တီးဝိုင်းမှ ထွက်ပေါ်လာသော အမေရိကန်ခေတ် ဟောင်းဂီတသံသည် လူအုပ်၏ စကား သံကို မကျော်နိုင်။

 
စားသောက်ဆိုင်၏ နေရာအနှံ့ တပ်ဆင်ထားသော တီဗွီများမှ ရွေးကောက်ပွဲရလဒ်များ စက္ကန့်မလပ် ကြေညာနေသည်။ တစ်ခါတစ်ခါ လူအုပ် သည် ဟေးကနဲ၊ ဟားကနဲ ထအော်၏။ လက်ကိုင်ဖုန်းအသီးသီးမှ မဲရလဒ်များ ကြည့်ပြီး အချင်းချင်း ဆွေးနွေးပြော ဆိုကြ၏။ သမ္မတလောင်း ၂ ဦး၏ စက္ကန့် မလပ် ပြောင်းလဲလျက်ရှိသော မဲရလဒ် များကို ကြည့်ပြီး လူအုပ်သည် တစ်ခါ တစ်ခါ တိတ်ဆိတ်သွားပြန်သည်။ ဒီမိုကရက်အများစု ရောက်ရှိနေသည့် စားသောက်ဆိုင်သည် ညည့်နက်လာ သည်နှင့်အမျှ အသံတဖြည်းဖြည်း တိုး တိတ်လာသည်။ ခပ်စောစောက တီးခတ် နေသည့် တီးဝိုင်းသည်လည်း သိမ်းလိုက် လေပြီ။ လူအုပ်၏ ဟေးကနဲဟားကနဲ အသံသည်  မဲရလဒ်ကြေညာရန် ပြည်နယ် များနည်းသထက်နည်း လာသည်နှင့်အမျှ ညည်းတွားသံနှင့် မချိတင်ကဲ စုတ်သပ် သံများအဖြစ်သို့ တဖြည်းဖြည်း ပြောင်း လဲလာသည်။ အချို့သူများမှာ အောင်ပွဲခံ ရန် အဆင်သင့် ယူဆောင်လာကြသည့် ပိုစတာများ သိမ်းဆည်းကာ စားသောက် ဆိုင်တွင်းမှ ထပြန်စ ပြုကြလေပြီ။

 
၁၂ နှစ်အရွယ် အမေရိကန်ကလေး ငယ်တစ်ဦးကား ၎င်း၏ မိဘများနှင့် လူ အုပ်၏ လှုပ်ရှားမှုများကို စိတ်မဝင် စားအား။ ဖခင်ထံမှ အမေရိကန်ပြည်နယ် ၅၀ စလုံး၏ မဲရလဒ်များကို ဖော်ပြနေ သည့် မြေပုံကို ပြသထားသော တယ် လီဖုန်းကိုယူကာ အသင့်ပါလာသည့် အမေရိကန် နိုင်ငံမြေပုံစာရွက်ပေါ်တွင် ဆေးရောင် ခြယ်လျက်ရှိသည်။
သူမအသုံးပြုနေသည့် အရောင်မှာ ၂ ရောင်တည်း။

 
ဟီလာရီကလင်တန်၏ ဒီမိုကရက် ပါတီကို ကိုယ်စားပြုသော အပြာရောင်နှင့် ဒေါ်နယ်ထရမ့်၏ ရီပါဘလစ်ကန် ပါတီ ကို ကိုယ်စားပြုသော အနီရောင်။ သူမ ရေးဆွဲနေသော မြေပုံပေါ်ရှိ ပြည်နည် အများစုတွင် မည်သည့် အရောင်က ပိုမို လွှမ်းမိုးနေမည်ကို စာဖတ်သူသိရှိပြီး ဖြစ် ပေမည်။

 

ဆက်လက်ဖော်ပြပါမည်