ပြောင်းလဲစေချင်

0
527

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုသိချင်ရင် အဲဒီနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို ကြည့်နိုင်ပါ ဆိုသလိုပဲ နိုင်ငံတစ်နိုင်ငံက ပညာရေးအဆင့် အတန်းနိမ့်ပါးနေသရွေ့ ဘယ်တော့မှ ရေရှည်ဖွံ့တိုးတက်ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။


မြန်မာ့နိုင်ငံရေးစနစ်ကို ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ ဦးတည်ပြောင်းလဲဖို့ လိုအပ်သလို ပညာရေးစနစ်ကိုပါ တိုင်း ပြည် အုပ်ချုပ်ရေးစနစ်နဲ့ လျော်ညီ လိုက်ပါပြောင်းလဲဖို့ အထူးလိုအပ်ပါ တယ်။ ဆိုတော့ ပညာရေးစနစ်ကို ဒီမို ကရေစီပညာရေး ဖက်ဒရယ်ပညာရေး စနစ်သို့ ပြောင်းလဲနိုင်မှသာ တိုင်းပြည် တည်ဆောက်ရေးအတွက် အထောက် အပံ့ ကောင်းတစ်ခု ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့ အပတ်တွေတုန်းက “ဒီမို ကရေစီ စနစ်အတွက် ဒီမိုကရေစီ ပညာရေး “ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒါကြောင့် ဆက်ပြီး ဒီမိုကရေစီ ပညာရေးစနစ်နဲ့ ပတ်သက် တဲ့ အခြေခံသဘောတရားတွေနဲ့ ကျောင်းသားထုရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုတွေကို အနည်းအကျဉ်း ဖော်ပြ ပါရစေ။

 
ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ မပြဋ္ဌာန်းဖူးသေးတဲ့ အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တယ်။ အဲဒီ အမျိုးသားပညာရေး ဥပဒေဟာ ဒီမိုကရေစီ ပညာရေးစနစ်ကို အခြေခံပြီး ရေးဆွဲထားခြင်း မဟုတ်ဘဲ ဗဟိုချုပ် ကိုင်မှုတွေ များလွန်းနေတာကို တွေ့ရ တယ်။ ဥပဒေ တစ်ရပ်အနေဖြင့် အတည် မပြုခင် ဥပဒေကြမ်းအဆင့်မှာကိုပဲ တက္ကသိုလ်တချို့က သမဂ္ဂကျောင်းသား တွေက ဦးဆောင်တဲ့ ကျောင်းအတွင်း ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ တယ်။

 

ကန့်ကွက် ဆန္ဒ ပြမှုတွေအကြားက ဥပဒေတစ်ရပ်အနေနဲ့ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး နောက်မှာတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ သဘောတူ ဆုံးဖြတ် ချက်နဲ့အညီ ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု သပိတ်တိုက်ပွဲတွေ စတင်လာခဲ့ ကြတယ်။ ဒီမိုကရေစီ ပညာရေးစနစ်ကို လိုလားတဲ့ သပိတ်မှောက် ကျောင်းသား တွေဟာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ တောင်း ဆိုချက် ၁၁ ချက်ကို တောင်းဆိုခဲ့ ကြတယ်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှ တောင်းဆိုထားတဲ့ တောင်းဆိုချက် ၁၁ ချက်
(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ။
(၂) ကျောင်းသားသမဂ္ဂများ ဆရာ သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း ထူထောင် လှုပ်ရှားခွင့်ရှိရန် ကိစ္စ။
(၃) လက်ရှိ ပြဋ္ဌာန်းထားပြီး ဖြစ် သည့် အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာကော်မရှင် နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းထားရှိခြင်း ကိစ္စ။
(၄) ဒေသအလိုက်နှင့် ကျောင်း အလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ။
(၅) လက်ရှိ ကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန် ကိစ္စ။
(၆) ကျောင်းသားများ လွတ်လပ်စွာ တွေးခေါ် စဉ်းစားနိုင်ပြီး ကိုယ်ပိုင် လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်း စနစ်များ ပြောင်းလဲရန် ကိစ္စ။
(၇) တိုင်းရင်းသားများ၏ ဘာသာ စကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာ စကားအခြေပြု ဘာသာစကားစုံပညာရေး စနစ်f(mother tongue base multi-lingual education) ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း နိုင်ရေး ကိစ္စ။
(၈) မသန်စွမ်းကလေးများ အပါ အဝင် ကလေးများ အားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေး  (Inclusive Education)  ဖြစ်ရန် ကိစ္စ။
(၉) ကျောင်းသားအရေးခင်းများ ကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်း သားများ ကျောင်းပြန်လည် တက်ရောက် နိုင်ခွင့်ကိစ္စ။
(၁၀) ပညာရေး အသုံးစရိတ်ကို နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးကိစ္စ။
(၁၁) အခမဲ့ မသင်မနေရ ပညာရေး စနစ်ကို မူလတန်း အဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့် သုံးရေးကိစ္စ။
ကျောင်းသားတွေ တောင်းဆိုထား တဲ့ ၎င်းတောင်းဆိုချက် ၁၁ ချက်ဟာ တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက် ဒရယ်ဒီမိုကရေစီ စနစ်နဲ့ လိုက်လျောညီ ထွေမှု ရှိသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း အထောက် အပံ့ ဖြစ်နိုင်ပါတယ်။

 

သို့သော် အစိုးရ သစ်အနေနဲ့လည်း ယင်းတောင်းဆိုချက် တွေကို လက်ခံကျင့်သုံးခြင်း မရှိသေး ပါဘူး။ ဒီမိုကရေစီ ပညာရေးကို လိုလား တဲ့ သပိတ်မှောက် ကျောင်းသားတွေဘက် ကတော့ တောင်းဆိုချက်တွေကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ မလိုက်လျော သရွေ့ ဆက်ပြီးသပိတ်မှောက်သွား မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့အညီ အခုချိန်အထိ သပိတ်မလှန်သေးဘဲ ဆက်ပြီးမှောက်ဆဲပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီပညာရေး၏ အခြေခံ သဘောတရားများ
ဒီမိုကရေစီ ပညာရေးဆိုတာ ကျောင်းသား ကျောင်းသူများ၏ အခွင့် အရေးအပြည့်အဝ ရပိုင်ခွင့်ရှိသော ပညာရေးနှင့် ပညာရပ်များကို မိမိတို့ စိတ်ကြိုက် သင်ကြားသင်ယူပိုင်ခွင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့် ဒေသ အလိုက်နှင့် ကျောင်း အလိုက်စီမံခန့်ခွဲ ပိုင်ခွင့် အစတာတွေပဲ ဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီ ပညာရေးနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုးကိုတော့ မတွေ့ရသေးပါ ဘူး။ ၂၀၀၅ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ ဒီမိုကရေစီပညာရေး ညီလာခံ IDEC ( International Democratic Education Conference) ကတော့ ဒီမိုကရေစီ ပညာရေးနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း သဘောတူချမှတ်ခဲ့ ကြတာ တွေ့ရတယ်။
– လူငယ်တိုင်း မည်သို့သင်ယူမည်၊ မည်သည့်နေရာတွင် သင်ယူမည်၊ မည် သည့် ဘာသာရပ်ကို သင်ယူမည်၊ မည် သည့် နေရာတွင် သင်ယူမည်၊ မည်သူနဲ့ သင်ယူမည်ကို လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်ရှိရမည်။
– လူငယ် ကျောင်းသားကျောင်း သူများ အနေဖြင့် မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို လူ့ဘောင် အဖွဲ့အစည်းအတွင်း၊ အထူးသဖြင့် ကျောင်းအတွင်း မျှဝေခွင့်ရှိရမည် တို့ဖြစ် သည်။
နိုင်ငံတကာ ဒီမိုကရေစီပညာရေး ကွန်ရက် DEN (International Democratic Education Network)  အနေဖြင့် လိုက်လံ ဖွင့်လှစ်နေသည့် ကျောင်းတိုင်းတွင်လည်း ကလေးများအား လေးစားမှုရှိရေးနှင့် ယုံကြည်မှုရှိရေး၊ ကလေးနှင့် လူကြီးတစ်တန်းတည်း သတ်မှတ်ကာ ပညာရေးတွင် တန်းတူ ညီမျှ အခွင့်အရေးပေးရေး၊ တာဝန်ခွဲဝေ ယူခွင့်ပေးရေး၊ လှုပ်ရှားမှု မှန်သမျှ လွတ် လပ်စွာ ရွေးချယ်ခွင့်ပေးရေး၊ ကလေး များနှင့် ဝန်ထမ်းများအားလုံး ဒီမိုကရေ စီနည်းကျ အုပ်ချုပ်ရေး၊ တန်းတူညီမျှ သာတူညီမျှရှိရေးတို့ကို အခြေခံပြီး ဖွင့် လှစ်နေကြောင်း သိရတယ်။
ဥရောပ ဒီမိုကရေစီ ပညာရေးအဖွဲ့ EDEC (European Democratic Education Community)  အနေဖြင့် လည်း ဒီမိုကရေစီပညာရေးကို အဓိက ကျသည့် အချက်နှစ်ချက်ဖြင့် ထောက်ပြ ထားတာ တွေ့ရတယ်။
သင်ယူမှုတွင် မိမိကိုယ်တိုင် သတ် မှတ်ရွေးချယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိရေး၊ သင်ယူသူနှင့် သင်ကြားသူ အပြန်အလှန် လေးစားမှုရှိသော သင်ယူမှု အဖွဲ့အစည်း တစ်ခုကို အခြေခံရေးတို့ဖြစ်တယ်။ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ ပညာရေးနဲ့ ပတ်သက်လာရင် နှစ်ပေါင်း ရာချီပြီး နောက်ကျနေတာကို တွေ့ရ မှာပဲ ဖြစ်တယ်။ ၁၆၉၃ ခုနှစ်ခန့်က အင်္ဂလိပ်အတွေးအခေါ် ပညာရှင်တစ် ယောက်ဖြစ်တဲ့ ဂျွန်လော့ခ် (John Locke)   က ပညာရေးဆိုင်ရာ အတွေး အမြင်နဲ့ ပတ်သက်ပြီး အကြံပြုဖူးတယ်။

 
သူ့ရဲ့ အတွေးအမြင်အကြံပြုပုံ ကတော့ ” သူတို့တွင် လေ့လာသင်ယူစရာ တစ်ခုမျှမရှိ။ ဤသို့ဖြင့် သူတို့ကို စိတ်ဝန် ထုပ်ဝန်ပိုး ဖြစ်စေသင့်ပါသလော သို့ မဟုတ် တာဝန်တစ်ရပ်အနေဖြင့် မဖြစ် မနေ အတင်းရိုက်သွင်းမည်လော၊ မဖြစ် နိုင်သည်ကို မဖြစ် ဖြစ်အောင် လုပ်ခြင်း သည် ဒေါသကို ဆွပေးသလိုသာ ဖြစ် လိမ့်မည်။ စိတ်ထဲက မပါလျှင် လှည့် ကြည့်ချင်မည်မဟုတ်၊ ကလေးကို သူ့ သဘောအတိုင်း ထားမည့်အစား သူစိတ် ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ကြိမ်လုံးဖြင့် တစ်ချိန်လုံး မောင်းနေကြ သည်။ ကလေးကို တာဝန်တစ်ရပ်အနေဖြင့် လေ့လာသင်ယူချင်စေရန် ပြုလုပ်သင့် သည်။ မနက်ပိုင်း သင်ချင်သင်မည်၊ နေ့ လည်ပိုင်းကျမှ သင်ချင်သင်မည်။ ကလေး ကို စာသင်ရာတွင် ကစားသလောက် မပင်ပန်းစေသင့် ” ဆိုတာပဲ ဖြစ်တယ်။

 
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ချင်စိတ်ရှိကြတဲ့ အစိုးရ၊ ကျောင်းဆရာ ဆရာမတွေ ကျောင်းသား မိဘတွေ အနေနဲ့ ဂျွန်လော့ခ်(John Locke ) ရဲ့ ပညာရေးဆိုင်ရာ အတွေးအခေါ် အယူ အဆတွေကို  အလေးနက် နားလည် လက်ခံထားသင့် ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျောင်းသားတွေဟာ သိပ်ကို သနားစရာကောင်းတဲ့ စနစ်ဆိုးရဲ့ အသား ကောင်တွေဖြစ်နေ ခဲ့တာကြာပါပြီ။ ကျောင်းသား ကျောင်းသူတွေဟာ  ဒီမိုကရေစီဆိုတာမရှိ ရုပ်ပိုင်း ဆိုင်ရာ လွတ်လပ်ခွင့် စိတ်ပိုင်းဆိုင်ရာ လွတ် လပ်ခွင့်ဆိုတာလည်းမရှိ စဉ်းစား တွေး တော ဝေဖန်ခွင့်ဆိုတာလည်းမရှိတဲ့ သင်ရိုးတွေထဲက ပြဋ္ဌာန်းစာတွေကို နှုတ် တိုက် အာဂုံဆောင်နေခဲ့ကြရပြီး စိတ်ကူး ဘုံ (Lost of Paradise)  တွေ ပျောက်ဆုံး နေခဲ့ကြရပါတယ်။