အပြုသဘောဆောင်သော စပ်စပ်စုစု အတင်းပြောခြင်း

0
966

Negative ဆန်သော (အပြုသဘော မဆောင်သော)ဟု အများက မှတ်ယူ ထားကြသော စကားလုံးများကို ကျွန်ုပ် စိတ်ဝင်တစားရှိ လှသည်။ပထမဆုံး တွေးမိသည်က ” စပ်စု” ဟူသော စကားလုံး ဖြစ်သည်။


ငယ်စဉ်က လူကြီးများကို တစ်စုံ တစ်ခုအကြောင်း နှိုက်နှိုက်ချွတ်ချွတ် မေးမိလျှင် ” မစပ်စုနဲ့၊ မကြိုက်ဘူး ” ဟု အမြဲ အပြောခံ ခဲ့ရဖူးသည်။ စပ်စုခြင်း သည် အမှန်တကယ်မကောင်းသည့် အဓိပ္ပာယ် ဖြစ်သလား။ ကျွန်ုပ်၏ အမြင်တွင် စပ်စုခြင်းသည် စူးစမ်း လေ့ လာခြင်း၊ သုတေသနပြုခြင်းပင် ဖြစ် သည်။ သုတေသနပြုသူများသည် လူများကို မေးခွန်းများ မေးကြသည်။ သက်မဲ့အရာများနှင့် အခြားသတ္တဝါ များ၏ ပြုမူလှုပ်ရှားမှုများကို သိလို သည့်အဖြေ မရမချင်း စောင့်ကြည့် လေ့လာစူးစမ်း စမ်းသပ်ကြသည်။ ထို သူတို့သည် စနစ်တကျ စပ်စု နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် စပ်စုခြင်းကို ကျွန်ုပ်အနေဖြင့် မကောင်းသော လုပ်ရပ် ဟု မမြင်ပါ။ မိမိသိလိုသော အဖြေကိုရရန် စနစ်တကျ စပ်စုရန်သာ လိုပါသည်။ လူကြီးမိဘများသည် ကလေးများ၏ စပ်စုခြင်းကို မတားသင့်ဘဲ စနစ်တကျ စပ်စုတတ်ရန် သင်ကြားပေးသင့်သည်။ မိမိတို့ကိုယ်၌လည်း စနစ်တကျ စပ်စု တတ်ဖို့အား ထုတ်သင့်လှသည်။

 
နောက်တစ်ခုက အတင်းပြောခြင်း ပင်ဖြစ်သည်။ အတင်းပြောခြင်းသည် တစ်ဖက်သားကို ဂုဏ်သိက္ခာကျအောင် မဟုတ် မမှန်ပြောခြင်းလည်း ဖြစ်နိုင်သလို တစ်ဖက်သား၏ အပြုအမူအပေါ် မိမိ မကြိုက်သည်များကို ထိုသူ၏ နောက် ကွယ်တွင် ပြစ်တင်ပြောဆိုသည်ဟု လည်း ယူဆနိုင်သည်။

 
မည်သို့ဆိုစေ အတင်းပြောခြင်းသည် တစ်ဖက်သား၏ မကောင်းကြောင်းများကို ထိုသူ၏ နောက်ကွယ်(သို့) ထိုသူအား တိုက်ရိုက်မပြောဘဲ အခြားသူအား ပြော ခြင်း၊ အခြားသူမှ တစ်ဆင့်ပြောခြင်း ဖြစ် သည်။ သို့ပေရာ အတင်းပြောခြင်းသည် မကောင်းဟု လူအများက သတ်မှတ် ထားကြသည်။သို့သော် မည်သူမျှ အတင်းပြော ခြင်းနှင့် မကင်းနိုင်။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် သမိုင်းတွေအကြောင်း ပြောရ မည်။ သမိုင်းထဲက သူရဲကောင်း၊ ဘုရင်၊ စစ်အာဏာရှင်၊ အကြမ်းဖက်သမား စသည်ဖြင့် များစွာရှိမည်။ ထိုသမိုင်း ထဲတွင် ဘယ်အင်္ဂလိပ်ကြီးက ဘယ်လို၊ ဘယ်ဂျပန်စစ်ဗိုလ်က ဘယ်သို့၊ ဘယ် အာဏာရှင်၊ ဘယ်အကြမ်း ဖက်သမားက ဘယ်ပုံ စသည်ဖြင့် ထိုသူများ၏ ကောင်း ကွက် ဆိုးကွက်များကို ပြောထားသည်ကို တွေ့ရမည်။
ဒါသည်ပင် စနစ်တကျ အတင်း ပြောခြင်း ဖြစ်သည်။စစ်အစိုးရခေတ်က ထုတ်သော ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ” ယိုးဒယား -မြန်မာ ဆက်ဆံရေးသမိုင်း” ကို ဖတ် ကြည့်ပါ။ ထိုင်းလူမျိုးများ အကြောင်း အတင်းပြောထားသည်ကို တွေ့ရမည်။ချဲ့တွေးကြည့်လျှင် မြောက် ကိုရီးယား သမိုင်းစာအုပ် တောင်ကိုရီး ယားနှင့် အနောက်အုပ်စု၏ အတင်းများ ပါချင် ပါနိုင်သည်။ကွန်မြူနစ် စာအုပ်တွင် ဆိုရှယ်လစ် အတင်း၊ ဒီမိုကရက်စာအုပ်တွင် အာဏာရှင် အတင်းများ ပါချင်ပါမည်။ယနေ့ စာနယ်ဇင်းအချို့နှင့် လူမှု ကွန်ရက်အချို့ကို ကြည့်ပါ။ ပါတီ အချင်းချင်း၊ အယူအဆ အချင်းချင်း အတင်းပြောနေသည်ကို တွေ့ရမည်။ အပြန်အလှန်အားဖြင့် ကိုယ့်စာအုပ်တွင် သူ့အတင်း၊ သူ့စာအုပ်တွင် ကိုယ့်အတင်း ပါနေကြသည်။ သို့သော် ထိုသို့ ကျကျ နန စာနှင့်ပေနှင့် အတင်းပြောလိုက် သည့်အခါ စကားလုံး ပြောင်းလဲသွား သည်။

 
ဝေဖန်သုံးသပ်ခြင်း၊ ဆန်းစစ် လေ့လာခြင်း စသည့် လှလှပပစကား လုံးများ ဖြစ်သွားသည်။ အတင်းပြော ခြင်းသည် အဆိုးချည်းသက်သက်ဟု မဆိုနိုင်။ ပြောသင့်ပါက စနစ်တကျ အချက်ကျကျ ပြောရမည်။ ထိပ်တိုက် တွေ့ တိုက်ရိုက်ပြောရန် အဆင်မပြေလှ၊ အကျိုးမရှိလှဟု ယူဆပါက ကြားခံ တစ်ခုခုမှ ပြောရမည်။ မီဒီယာမှတစ်ဆင့် ပြောသင့်လျှင် ပြောရမည်။ စာရေးတန် ရေးရမည်။

 
ထိုသို့ပြောနိုင်အောင် စနစ်တကျ စပ်စုထားရမည်။ အတင်းပြောခြင်းသည် မကောင်းဟု ယူဆကြသော်လည်း လူ တိုင်းနှင့်မကင်း နိုင်ပါ။ တား၍ရမည့် ကိစ္စ၊ ပပျောက်သွားမည့် လူ့စရိုက်လည်း မဟုတ်သဖြင့် အပြုသဘောဆောင်သော အတင်းပြောခြင်းမျိုးဖြစ်ရန် အားထုတ် သင့်သည်။အချို့မှာ ဝေဖန်အကြံပြုဟု ဆိုသော် လည်း အတင်းပြောခြင်းသာ ဖြစ်နေ သည်။ မည်သို့ ပြောဆိုသုံးနှုန်းစေကာမူ မိမိ၏ စိတ်စေတနာ ကောင်းကသာ ပဓာန ဖြစ်သည်။

 
အချက်ကျကျ အတင်းပြောတတ် အောင် စနစ်တကျ ဖတ်ရှုလေ့လာစပ်စု တတ်ဖို့ လိုသည်။ ထိုကိစ္စ၌ ပါးနပ်လိမ္မာ ပြီဆိုလျှင် အတင်းပြောခြင်းကို မကောင်း ဟု တရားသေ သတ်မှတ်ရန် မဖြစ်နိုင် တော့ပေ။လိုအပ်လျှင် ၊ပြောသင့်လျှင် ပြောရ မည် ဖြစ်သည်။ စကားလုံးများအကြားတွင် ပိတ်မိနေခြင်းမျိုးထက် မိမိတို့၏ ဦးတည် ချက်၊ ရည်ရွယ်ချက်၊ စိတ်ထားနှင့် လုပ်ရပ်တို့ကသာ အပြုသဘော ဆောင် ၏မဆောင်၏ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
အပြုသဘောဆောင်သော အတင်း ပြောခြင်းမျိုးဖြစ်ရန် စနစ်တကျ စပ်စုပါ၊ အချက်ကျကျ စိတ်စေတနာကောင်းဖြင့် အတင်းပြောပါဟု တစ်ခုတ်တစ်ရ ပြော လိုက်ပါသည်။