သီတင်းကျွတ်နှင့် ကန်တော့ခြင်း ၊ ဂါခြင်း

0
2150

ဤကာလကို ရှေးအခေါ်အရေး အားဖြင့် ” သန်တူ၊ သန္တူ ” ဟူ၍ ခေါ်ဆို ခဲ့ကြပါသည်။ သန်တူတွင် သန်ပုဒ်မှာ ကောက်စပါးဟု အဓိပ္ပာယ်ရပြီး၊ တူပုဒ်၏အနက်မှာ ပေါက်ပွား၊ ထွက်ထ၊ ထောင် မတ်ဟု ဖြစ်ပါသည်။ ထိုကြောင့် သန္တူ၏အနက်မှာ    ကောက်စပါးပင်များ ပေါက် ပွား၊ ထောင်မတ်လာသည့် လဟူ၍ ဖြစ် ပါသည်။


သီတင်းကျွတ်လကို ပုဂံခေတ်တွင် သာသနာရေးဆိုင်ရာ လုပ်ဆောင်မှုတစ်ရပ် အနေဖြင့် ” ဝါကျွတ်”  ” သတင်ချွတ်”  ဟူ၍ မှတ်တမ်းတင်ခဲ့ပါသည်။စန်းယှဉ်နက္ခတ်မှာ အသ၀နီ ဖြစ်ပါ သည်။ အသ၀နီမှာ ပါဠိဘာသာ မြင်း ဟောအဿကိုစွဲ၍    ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ထိုနက္ခတ်၏ သဏ္ဌာန်သည် မြင်းခေါင်းသဏ္ဌာန်ရှိသည်ဟု ဆိုသည်။ လုံးရေအားဖြင့် သုံးလုံးဟူ၍လည်းကောင်း ခြောက်လုံးဟူ၍လည်း မူကွဲနှစ်မျိုးရှိ သည်။ နက္ဓတ်အစိုးရသော နတ်မင်းမှာ အဿိမည်သော နတ်မင်းဖြစ်သည်။
ရာသီရုပ်မှာ ချိန်ခွင်ကိုင် ကုန်သည် ရုပ် ဖြစ်ပါသည်။ အခေါ်အားဖြင့် တူရာသီ ဟု ခေါ်ပါသည်။ ချိန်ကိုင်စွဲ ရောင်းဝယ် သော ဈေးသည်တို့ ကြိုက်နှစ်သက်သော ရာသီဟု ဆိုလိုခြင်း ဖြစ်သည်။

 
ရာသီပန်းမှာ ကြာပန်းဖြစ်သည်။ ကြာပန်းတွင် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်(ကြာပုဏ္ဏရိပ်)နှင့် ကြာခေါင်း လောင်း(ပဒုမ္မာ) ဟူ၍ ကြာငါးမျိုးရှိသည်။သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုးသည်ဟု ရှေးကဗျာဆရာ များက စပ်ဆိုခဲ့ကြပါသည်။
အဓိကရာသီပွဲတော်မှာ ဆီမီး မြင့်မိုရ်ပွဲ (တာဝတိံသာပွဲ) ဖြစ်သည်။ မြင်းမိုရ် တောင်သဏ္ဌာန် သစ်ဝါးတို့ကို ဆောက်လုပ်၍ မီးထွန်းညှိပူဇော်ပွဲကို ရှေး ခေတ် ထီးတွင်းနန်း တွင်း၌ မီးမြင့်မိုရ်ပွဲဟု ခေါ်ဆိုခဲ့ကြသည်။ ကျေးလက်တောရွာတို့ တွင်ကား တာဝတိံသာပွဲဟု ခေါ်ဆိုလေ့ရှိ သည်။

thedingyunt_thanzaw
မြတ်စွာဘုရားသည် မယ်တော် မိနတ်သားအား အမှူးထား၍ တာဝတိံ သာ နတ်များကို ဝါတွင်းသုံးလ ကာလ ပတ်လုံး အဘိဓမ္မာ တရားဟောကြားတော် မူပါတယ်။ ထိုနောက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တွင် သင်္ကဿန ဂိုရ်ပြည်သို့ သက်ဆင်းတော်မူပါသည်။

 

မြတ်စွာဘုရားနှင့် နောက်လိုက် နောက် ပါတို့ကို ကောင်းကင်ယံ၏ ဧည့်သည် တော် များအဖြစ် နတ်သား၊ နတ်သမီး တို့က တောက်ပလင်းလက်သော ကြယ် တာရာများဖြင့် လမ်းခင်းပေးခဲ့ကြပါ သည်။ ကမ္ဘာလူသားတို့ကလည်း မြတ်စွာ ဘုရားနှင့် ရဟန်းသံဃာတော်များ ပြန် လည်ကြွ မြန်း လာသည်ကို မိမိတို့၏နေအိမ်နှင့် လမ်းများတွင် မီးရောင်ခြည် များ ထွန်းညှိပြီး ကြိုဆိုခဲ့ကြ၏။
ရှေးမြန်မာ မင်းများလက်ထက်တော် က မြင့်မိုရ်တောင် သဏ္ဌာန်ပြုလုပ်ပြီးလျှင် ဆီမီးထွန်းညှိပူဇော်၍ စောင်းတန်းသွယ် တန်းကာ မြတ်စွာဘုရားဆင်းသက် လာဟန် ဆီမီးထွန်းညှိပူဇော်ပွဲ ဆင် ယင်ကျင်းပခဲ့သည့် အစဉ်အလာရှိခဲ့ပါ သည်။ မြန်မာထီးနန်း ကွယ်ပျောက်ခဲ့ရပြီး နောက် အချို့ဒေသများတွင် စောင်းတန်း လှေကားနှင့်တကွသော တာဝတိံသာနတ် ပြည်သဏ္ဌာန် အဆောက်အဦးကို ပုံသေ အုတ်၊ သစ်သားတို့ဖြင့် တည်ဆောက် ထားကြတာလည်း ရှိသည်။ ဗုဒ္ဓရုပ်ပွား တော်ကို ဝါဆိုလပြည့်နေ့တွင် စောင်း တန်းထိပ်ရှိ ဂန္ဓကုဋိတိုက်သို့ ပင့်ဆောင် ပြီး ဝါတွင်းသုံးလလုံး စမ္ပာယ်တော်မူစေ ပြီး သီတင်းကျွတ် လပြည့်ကျော် ၁ရက်မှ မြတ်စွာဘုရား တာဝတိံသာမှ သင်္ကဿ နဂိုရ်ပြည်သို့ ဆင်းသက်ဟန် တာဝတိံ သာပွဲ ကျင်းပကြသည်။

 
ထားဝယ်ဒေသတွင်လည်း တာဝတိံ သာပွဲကို ကျင်းပလေ့ရှိသည်။ သို့သော် မြန်မာနိုင်ငံ အပေါ်ပိုင်းနှင့်တော့ ကျင်းပ ပုံချင်း အနည်းငယ်ကွာသည်။ စောင်းတန်း လှေကားနှင့် တာဝတိံသာ နတ်ပြည် သဏ္ဌာန်အဆောက်အဦးကို သီတင်း ကျွတ်ခါနီးမှ သစ်သား၊ ဝါးတို့ဖြင့် ယာယီ တည်ဆောက်ကြပြီး၊ ပွဲတော်ရက်နီးမှသာ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကို ပင့်ဆောင် ပြီး ကိန်းဝပ် စမ္ပာယ်စေသည်။ ထားဝယ် မြို့ပေါ်တွင် သီတင်းကျွတ်တွင် ကျင်းပ သော သပိတ်မျှောပွဲမှာ အထူးစည်ကား လှပါသည်။ စတိတ်ရှိုး၊ ဇာတ်ပွဲတို့ကဲ့ သို့သော ပျော်ပွဲရွှင်ပွဲများလည်း ပါဝင် လေ့ရှိသဖြင့် ပို၍စည်ကားစေပါသည်။

 
သပိတ်မျှောပွဲ ရက်ရောက်လျှင် ကျေးရွာများမှ လူငယ်များ၊ ချစ်သူ စုံတွဲများသည် မြို့ပေါ်သို့ လာရောက်ပြီး လည်ပတ်ကြပါသည်။ ထားဝယ်မြို့ ပေါ်တွင် ပွဲတော်ရက်တွေ ရောက်တိုင်း လူကြီးတွေကို စိုးရိမ်သော ကဖြစ်စေတာ တစ်ခုက ဆိုင်ကယ်မတော်တဆမှု၊ ယာဉ်မတော်တဆမှုပင် ဖြစ်သည်။ ထားဝယ်မှာ ဆိုင်ကယ်တိုက်မှု၊ ယာဉ် တိုက်မှုဆိုသည်မှာ နေ့တိုင်းနီးပါး ဖြစ်နေသော်လည်း ပွဲတော်ရက် တွေမှာ ပိုပြီးတော့ အဖြစ်များမည် ထင်ပါသည်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူများလည်း သိသလို ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်ရပါသည်။

 
သီတင်းကျွတ်ပြီဆို ငယ်ငယ်က သင်ခဲ့ရတဲ့ ” ဟိုဘက်ကမ်းက မီးထိန် ထိန်၊ ဒီဘက်ကမ်းက မီးထိန်ထိန်၊ ဆီမီးထိန်ထိန်လင်းပါတဲ့၊ မနှင်းတို့အိမ်” ဆိုတဲ့ ကဗျာလေးကို အမှတ်ရမိပါသည်။ ဒီကဗျာလေးထဲက အတိုင်း အရင်တစ်ချိန် တုန်းကတော့ ဆီးမီးခွက်လေးများဖြင့် ထွန်းညှိပူဇော်ခဲ့ ကြသည်။ ရောင်စုံမီးပုံး လှလှလေးများ ဖြင့်လည်း ထွန်းညှိပူဇော် ကြသေး၏။ ထို့နောက် လျှပ်စစ်မီး ရောင်စုံ မီးသီး၊ မီးဆိုင်းများဖြင့် တန်ဆာ ဆင် ချိတ်ဆွဲ ထွန်းညှိပူ ဇော်ကြသည်။ မြန်မာ့မူ၊ မြန်မာဟန် ပျောက်သွားသလို ခံစားရပါသည်။ ကျွန်တော့်အတွက်တော့ ငယ်ငယ်တုန်းက အမေ့ကိုကူပြီး ဆီမီး ခွက်လေးတွေ ထွန်းခဲ့တဲ့ အချိန်လေး တွေကို ပြန်လည် သတိရနေမိသည်။

 
သီတင်းကျွတ်ကာလ၏ နောက်ထပ် ပွဲတော်တစ်ခုမှာ မီးပုံးပျံလွှတ်ပွဲပင်ဖြစ် သည်။ ဗြဟ္မာပြည်ရှိ စူဠာမဏိစေတီ ကို ရည်မှန်းပြီး မီးပုံးပျံများ လွှတ်တင်ပြီး ပူဇော်ခဲ့ကြသည့် အစဉ်အလာမှာ ရှေး ကတည်းက ရှိခဲ့ကြောင်းကို ဆယ့်နှစ်လ ရာသီဘွဲ့များတွင် တွေ့နိုင်သည်။ ရှေး ကတော့ မီးပုံပျံစူဠာမဏိပွဲဟု ခေါ်ခဲ့ သည်။ အခုချိန်မှာတော့ မီးပုံးပျံများကို အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုး ပြုလုပ်ပြီး လွှတ်တင်ပူဇော်ကြပါ သည်။

 
လူထုနှင့်သက်ဆိုင်သော တာဝတိံ သာပွဲ၊ ဆီမီးထွန်းပွဲ၊ မီးပုံးပျံ ပွဲများကို ကျင်းပကြသလို၊ ရဟန်းတော်တို့နှင့် သက်ဆိုင်သော ပဝါရဏာပွဲကိုလည်း သီတင်းကျွတ်ကာလတွင် ကျင်းပ ကြပါ သည်။ ထို့ပြင် သီတင်းကျွတ်လပြည့် ကျော် ၁ ရက်တွင် အနန္တငါးပါးကို ဦးထိပ်ထားပြီး ရည်စူးကျင်းပသော သက်ကြီးပူဇော်ပွဲကိုလည်း ကျင်းပလာ ကြပါသည်။သီတင်းကျွတ်ပွဲတော်သည် စိတ် ကြည်နူး ပျော်ရွှင်ဖွယ်ရာကောင်းသည့် ပွဲတော်တစ်ခု ဖြစ်သော်လည်း စိတ် အနှောင့်အယှက်ဖြစ်စရာ တစ်ခုက ရှိနေပြန်ပါသည်။

 

 

စည်းကမ်းမဲ့ ဗျောက် အိုး ဖောက်ကြတာပါ။ နောက်ပြောင် ကျီစယ်သလိုလိုနှင့် လမ်းသွားလမ်း လာ ဆိုင်ကယ်များကို ဗျောက်အိုးဖြင့် ပစ်သွင်းတာ၊ သားပျိုသမီးပျိုရှိသည့် အိမ်များအပေါ်သို့ ပစ်တင်တာ၊ ည အချိန်မတော် ပစ်ဖောက်တာတွေဟာ ပတ်ဝန်းကျင်ကို စိတ်အနှောင့် အယှက် ဖြစ်စေသလို၊ သက်ကြီးရွယ်အို များနှင့် ကျန်းမာရေးမကောင်းသူများ အတွက် တော့ ဝဋ်ခံနေရသလို ဖြစ်နေပါလိမ့် မည်။ ဗျောက်အိုးကိစ္စသည် အခုဆိုလျှင် ဘာသာရေးပွဲတွေအထိ နေရာယူလာ သည်ကို တွေ့နေရပါသည်။ အလှူရေ စက်ချတရားပြီးဆုံးသည်နှင့် ဗျောသံနှင့် အပြိုင် မီးရှူး မီးပန်းများ ပစ်ဖောက်ပြီး၊ ဗျောက်အိုးဖောက်ကာ မီးပုံးပျံများလည်း လွှတ်တင် ကြပါသည်။ မည်သည့် ရည် ရွယ်ချက်ဖြင့် လုပ်သည်ကိုတော့ မသိပါ။

 

မလိုအပ်ဘဲ ငွေအပိုဖြုန်းခြင်းတစ်မျိုးဟု မြင်မိပါ သည်။သီတင်းကျွတ်ရာသီ နီးလာသည့် အတွက် မီးရှုးမီးပန်းများ ရောင်းဝယ် ခြင်း၊ ပစ်ဖောက်ခြင်းမပြုရန် ဒေသဆိုင် ရာတည်မြဲအမိန့် ထုတ်ပြန်ထားကြောင်း ကြားသိရသဖြင့် ဝမ်းသာရပါသည်။ ထိုအမိန့်သည် ရပ်ကွက်၊ ကျေးရွာများ အဆင့်ထိ ရောက်လျှင်တော့ ပိုကောင်း မည်ဟု ထင်မိပါသည်။ အမိန့်ဖောက် ဖျက်ကျူးလွန်သူတွေ့ရှိပါက ထိထိ ရောက်ရောက် အရေးယူရန်လည်း အရေးကြီးပါသည်။ ဒါမှသာလျှင် နောက် မကျူးလွန်တော့မည် ဖြစ်သည်။

 
သီတင်းကျွတ်လသည် ပျော်ပွဲရွှင် ပွဲရာသီ တစ်ခုတည်းမဟုတ်ဘဲ မိမိတို့၏ကျေးဇူးရှင်များကို ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုးပူဇော်ဖို့ရာ သတိရစေသည့် အချိန် အခါလည်း ဖြစ်ပေသည်။ မြတ်စွာဘုရား သည် တာဝတိံသာနတ်ပြည်သို့သွားပြီး ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားခြင်းဖြင့် မယ်တော် သန္တုသိတ နတ်သားအား ကျေးဇူးဆပ်လေသည်။ ထိုဝါတွင်း သုံးလပတ်လုံးဟောကြား တော်မူခဲ့သော အဘိဓမ္မာတရားတော် မြတ်ကား အဆုံးမထင်နိုင် မနှိုင်းယှဉ်နိုင် လောက်အောင် ကြီးမြတ်လှသည်ဖြစ်၍ ကုဋေ ပေါင်းရှစ်သောင်းသော နတ် အပေါင်းတို့သည် သစ္စာတရားလေးပါး သိမြင် ကျွတ်တမ်းဝင်ကုန်ကြပြီး၊ မယ် တော်သန္တု သိတနတ်သားလည်း သော တာပတ္တိဖိုလ်၌ တည်လေ၏။

 
မြတ်စွာဘုရားသည် အနန္တောအနန္တ ငါးပါးဝင် ကျေးဇူးရှင်အပေါင်းကို တရား ဒေသနာဖြင့် ကျေးဇူးဆပ်ခဲ့ပါသည်။ ကျွန်တော်တို့ လူသာမန်များကတော့ ကျေးဇူးရှင်အပေါင်းတို့ကို ကန်တော့ ပွဲမှအစ ဝတ္ထုငွေအဆုံး ကန်တော့ပစ္စည်း အမျိုးမျိုးဖြင့် လှည့်လည်ပူဇော်ကန် တော့ကြပါသည်။ ကန်တော့ခံပုဂ္ဂိုလ် များကလည်း ဆုအမျိုးမျိုးပေးကြပြီး ကလေးသူငယ်များကိုတော့ မုန့်ဖိုးပြန် ပေးတတ်ပါသည်။ သီတင်းကျွတ်အပြင် ကျန်ခါကြီးရက်ကြီးများတွင်လည်း လိုက်လံကန်တော့ကြသည့် အစဉ်အလာ ရှိပါသည်။ အခုလိုအခါကြီး ရက်ကြီးများ မှာ လိုက်လံကန်တော့ကြသည်မှာ ကျေး ဇူးရှင်များကို ကျေးဇူးဆပ်ချင်ရုံ သက် သက်ဖြစ်ပါသည်။ ဘာအကျိုးကိုမျှ မျှော် လင့်ပြီး ကန်တော့ခြင်းမဟုတ်။

 
သို့သော်လည်း အခြားတစ်ဖက် တွင်မူ အကျိုးလို၍ ညောင်ရေလောင်း သည့် ကန်တော့ခြင်းတစ်မျိုး ရှိလေ သည်။ ၎င်းကိုတော့ ကန်တော့သည်ဟု မပြောဘဲ ဂါသည်ဟု ပြောကြသည်။ အရင်အစိုးရအဆက်ဆက်က အကြီး အကဲဆိုသူတွေလာတိုင်း တန်ဖိုးကြီးကြီး ပေးရသည့် လက်ဆောင်ပစ္စည်း များဖြင့် ဂါကြရသည်။ ထိုသို့ဂါ သူများထဲတွင် ဝန်ထမ်းများပါသလို စီးပွားရေးလုပ်ငန်း ရှင်များလည်း ပါကြ၏။ ထိုကဲ့သို့ အကြီး အကဲများကိုဂါပြီး လုပ်ပိုင် ခွင့်တစ်ခုခုရဖို့ ချည်းကပ်ကြသည့် စီးပွားရေးလုပ်ငန်း ရှင်များကို ခရိုနီကြီးများဟု ကင်ပွန်း တပ်ကြသည်။

 
အရင်ခေတ် အဆက်ဆက် အလုပ် ရဖို့အတွက် ဂါရသည်။ ရာထူးတို့ဖို့ အတွက် ဂါရသည်။ အပြောင်းအရွှေ့ အတွက်ဂါရသည်။ လုပ်ပိုင်ခွင့်ရဖို့ ခွင် (ဂွင်) ရဖို့ဂါရသည်။ အတော်ကို ဂါခဲ့ကြ ရသည်။ယခု ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားသည့် အရပ်သားအစိုးရ လက်ထက်မှာတော့ ဂါတာကို လက်မခံ တော့ပါ။ နောက်ကွယ်မှာ ဂါနေကြရင် တော့ မသိပါ။ လက်ရှိအရပ်သားအစိုးရ တက်ခါစ ရုပ်သံမီဒီယာလုပ်ငန်းရှင်ကြီး တစ်ဦးက ဂါသည်ကို လက်မခံဘဲ လှူခိုင်းလိုက်သည်ကို အမှတ်ရဦးကြမည် ထင်ပါသည်။ ဒါကို ပြည်သူများကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။ ဂါခြင်းသည် ကန်တော့သည့်သဘော ထက် လာဘ်ပေးလာဘ်ယူလုပ်သည့် သဘော ပိုပြီး သက်ရောက်ပါသည်။

 
ထိုကြောင့် ရိုးရာယဉ်ကျေးမှု အစဉ် အလာကို ပုံပျက်စေသော ဂါခြင်းကို ခွင့်မပြုသင့်တော့ပါ။ အပြောင်းအလဲကို လိုချင်တဲ့ ပြည်သူတွေအနေနဲ့လည်း ကိုယ်တိုင်မဂါခြင်းဖြင့် ပူးပေါင်းပါဝင် ကြဖို့ လိုပါမည်။ အကျိုးမမျှော်သည့် ကျေးဇူးရှင်ကို ကျေးဇူးဆပ်သော ကန် တော့ခြင်းမျိုးကို ထိန်းသိမ်းရင်း ဂါခြင်း ကင်းတဲ့ သီတင်းကျွတ်ဖြစ်ပါစေ။

ကိုးကား
ကဗျာ့ရိပ်မြုံ စာပန်းရဂုံ နိဂုံးဆယ့် နှစ်ရာသီဖွဲ့ ကဗျာပဒေသာ – ထွန်းရီ (ရှေးဟောင်းသုတေသီ)
ဆယ့်နှစ်လရာသီ ပန်းများနှင့်ပွဲ တော်များ(ခင်မျိုးချစ်) – ဂျူနီယာဝင်း (မြန်မာပြန်)