မြိတ်တွင် ရပ်နားထားသည့် သစ်စက်အချို့ ပြန်လည်ပတ်မည်

0
454

လေလံအောင် သစ်တန်ချိန် ၁၃၅၀တန်ဖြင့် မြိတ်မြို့ရှိ သစ်စက် လုပ်ငန်းတချို့ ပြန်လည် လည်ပတ်နိုင် မည်ဖြစ်ကြောင်း သစ်စက်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။


သစ်ထုတ်ခွင့် ရပ်နားထားသော ကြောင့် သစ်ကုန်ကြမ်းများ မရရှိသဖြင့် သစ်စက်လုပ်ငန်း အများစုမှ ရပ်နား ထားရပြီး လက်ရှိတွင် လေလံအောင် သစ်လုံးများဖြင့် လှေလွန်းကျင်းနှင့် သစ်စက်တချို့ ပြန်လည်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သစ်စက်လုပ်ငန်း ရှင်အသင်းမှ သိရသည်။
သို့သော် သစ်ခွဲသား ဈေးနှုန်းမှာ လက်ရှိ ပေါက်ဈေးအတိုင်းသာ ရှိနေ မည်ဖြစ်ကြောင်း သစ်စက်လုပ်ငန်းရှင် အချို့ ပြောသည်။
လက်ရှိ သစ်ခွဲသားဈေးနှုန်းများမှာ တစ်တန်လျှင် ၅ သိန်းကျော်ခန့်အထိရှိ နေကြောင်း သစ်ခွဲသားဈေးကွက်အတွင်း မှ သိရသည်။
“လေလံ အောင်ဈေးနှုန်းက တစ် တန်ကို ၂ သိန်းတစ်သောင်းဝန်းကျင်နဲ့ပါ သယ်ယူစရိတ်ပါ ပေါင်းရင် ၃ သိန်း ကျော်အထိ ကုန်ကျမှုရှိပါတယ်” ဟု မြိတ်တောင်နယ်မြေရှိ သစ်စက်လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

 

ယခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်မှ သစ်လုံးထုတ်ခွင့် တစ်နှစ် ရပ်နားထားသည်။
ထို့ကြောင့် မြိတ်မြို့ ကုန်းဖောက် ရပ်ကွက်ရှိ သစ်ပါးလွှာ အထပ်သား စက်ရုံမှ သစ်ကုန်ကြမ်းမရဟုဆိုကာ ဇူလိုင်က ၂၆ ရက်မှစပြီး လုပ်ငန်းယာယီ ရပ်နားထားရသည်။
ထို့ပြင် သစ်ကုန်ကြမ်းရှားပါးမှု ကြောင့် ပရိဘောဂလုပ်ငန်း တချို့ လုပ်ငန်း ရပ်နားမှုများရှိနေကာ မှုန့်ဖုတ် လုပ်ငန်းများတွင် အများဆုံး အသုံးပြု ကြသည့် သစ်စက်လုပ်ငန်းများမှ ထွက် ရှိသော သစ်အမှုန့် (လွှစာမှုန့်)များ တစ်အိတ်လျှင် ကျပ် ၄၀၀ နှုန်း အထိ ဝယ်ယူသုံးစွဲနေရကြောင်း ယင်းလုပ် ငန်းအသီးသီးမှ သိရသည်။