တနင်္သာရီတိုင်းတွင် ကုမ္ပဏီများ အပြိုင်မှတ်ပုံတင်

0
317

ကုမ္ပဏီများ မှတ်ပုံတင်နိုင်သော ရုံး အသစ်ဖွင့်သည့် ဒေသများအနက် တနင်္သာရီတိုင်းတွင် ကုမ္ပဏီမှတ်ပုံတင်မှု အများဆုံး ဖြစ်နေသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းရုံး ဖွင့်ပြီး ၆ လကျော်အတွင်း ကုမ္ပဏီသစ် ပေါင်း ၆၅ ခုတည်ထောင်ဖွဲ့စည်းမှတ်ပုံတင်ခဲ့သဖြင့် ရုံးအသစ်ဖွင့်သည့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းရုံးများအနက် ကုမ္ပဏီ အသစ်တည်ထောင်မှု အများဆုံးဖြစ် ကြောင်း တနင်္သာရီတိုင်းရုံးထံမှ သိရသည်။


“ဒေသက လူအချို့က ကုမ္ပဏီ တည်ထောင်ပြီး လုပ်ကိုင်တဲ့ အကျိုး ကျေးဇူးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုများလာတယ်ဆိုတာ သိလာလို့ တည်ထောင်သူတွေ များလာတယ်လို့ ထင်ပါတယ် ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံး တနင်္သာရီ တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ပြောသည်။

 
အသစ်တည်ထောင်သည့် ကုမ္ပဏီ အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများဖြစ်ပြီး ခရီးသွားနှင့် ဝန်ဆောင် မှု လုပ်ငန်းကုမ္ပဏီများလည်း တည် ထောင်ဖွဲ့စည်းလာသည်ဟု သိရသည်။တိုင်းအစိုးရအဖွဲ့၏ ဒေသတွင်း ကုမ္ပဏီများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး ဒေသခံကုမ္ပဏီဦးစားပေးမည် ဟူသည့် စကားသံများကြောင့် ကုမ္ပဏီ ရှိပြီးသား လုပ်ငန်းရှင်များက အခြား အမည်များဖြင့် ကုမ္ပဏီပွားများတည် ထောင်လာကြသဖြင့် တိုင်းအတွင်းတွင် ကုမ္ပဏီများ ရှိသင့်သည်ထက် ပိုဖောင်း ပွနေသည်ဟု ကုမ္ပဏီ လုပ်ငန်းရှင် အသိုင်း အဝိုင်းက ထင်မြင်ချက်ပေးသည်။

 
” ကုမ္ပဏီပွားတွေထောင်ပြီး တင်ဒါ တွေမှာဗုံးကြဲသလို ဝင်ပြိုင်ကြတယ်လေ ” ဟု ထားဝယ်မြို့မှ ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ရှင်တစ်ဦးက ဆိုသည်။ကုမ္ပဏီ အသစ်တစ်ခုတည်ထောင် ပါက ဖွဲ့စည်းမှတ်ပုံတင်ကြေး ကျပ် ငါးသိန်း ကုန်ကျပြီး ပုံမှန်အားဖြင့် ၂ ရက်ခန့် ကြာမြင့်သည်ဟုသိရသည်။
လက်ရှိတွင် တနင်္သာရီတိုင်း အခြေ စိုက် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၅၅၃ ခုရှိကြောင်း  သိရသည်။