သူ့ကို မလိုတော့သည့် အချိန်

0
507

သူ ကျန်းမာရေးကြောင့် ခေတ္တအနား ယူလိုက်ရသည်။ မိုင်သောင်းချီခရီးနှင်ကာ အလုပ် တွေ ဇယ်ဆက်သလို လုပ်ရတော့ ဖြစ်ရ သည်မှာ မဆန်း။ သွေးသား အသက် ဓာတ်တို့ဖြင့် တည်ဆောက်ထားသော လူသားပင်ဖြစ်ရာ ထိုသည်မှာ မဆန်း။


သူ့အဖေတုန်းကလို အသက် ၃၀ ဝန်းကျင် မဟုတ်။ အသက် ၇၀ ကျော် အရွယ် အမေအိုဖြစ်နေပြီ။ ဒါသည်ပင် ခါးသက်သော၊ မငြင်းသာသော အမှန် တရားပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ သူ့ကိုတွေ့ ဆုံ မေးမြန်းခဲ့သူက ကမ္ဘာကျော် သတင်း စာဆရာနှင့် စာရေးဆရာ ဖာရက်ဇာကာ ရီးယား ဖြစ်သည်။ ခက်ခဲသော မေးခွန်း များကို အေးဆေးသက်သာစွာ ကျော်လွှား ရင်း ဒေါ်အောင်ဆန်းစုကြည်က အောက် ပါမှတ်ချက်တစ်ခုလည်း ပေးခဲ့သည်။

” ကျွန်မရဲ့ အဆုံးစွန်ရည်မှန်းချက်က ကျွန်မကို ဘယ်သူမှ မလိုအပ်တော့တဲ့ တစ်နေ့ကို ရောက်ဖို့ပဲ” 

ဆိုလိုသည်မှာ မြန်မာပြည်ပြီး ဒီမို ကရေစီနိုင်ငံအဖြစ် သူ့သဘောသူ ဆောင်ကာ လည်ပတ်နိုင်နေသည့် အချိန် (တစ်နေ့)ရောက်ရန် ဖြစ်သည်ဟု အဓိပ္ပာယ် ပြန်မိသည်။ တစ်နည်းအားဖြင့် အဓိပ္ပာယ်ပြန်ရသော် အင်စတီကျူးရှင်း များ အားကောင်းပြီးသူ့အလုပ်သူ ကောင်း ကောင်းမွန်မွန်လုပ်နိုင်သော ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာမည့်အချိန်ဟုဆိုနိုင် မလား မသိ။

 

assk_trh

အင်စတီကျူးရှင်း (Institution ) ဆိုသော စကားရပ်မှာ အနည်းငယ် စိမ်း ကောင်း စိမ်းနေနိုင်သည်။ နိုင်ငံရေး စာပေများ ဘာသာပြန်ရေးသားသော ဆရာကျော်ဝင်းက အဖွဲ့အစည်းဘောင်ဟု ((Institutionalization ကို အဖွဲ့အစည်း ဘောင်သွင်းခြင်း ဟု ရေးဖူးသည်) မြန်မာ မှု ပြုသည်။ စာရေးဆရာ၊ သတင်းစာ ဆရာ တော်တော်များများမှာ အင်စတီ ကျူးရှင်းဟုသာ တိုက်ရိုက် အသံဖလှယ် ရေးကြသည်။
အင်စတီကျူးရှင်းဆိုသော စကား ရပ်ကို နေရာအလိုက်၊ နယ်ပယ်အလိုက် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြသည်။ သို့သော် ဤဆောင်းပါး၊ ခေါင်းဆောင်မှု၊ အဖွဲ့အစည်းစနစ်တို့နှင့် အကိုက်ဆုံး တစ်ခုကို ထုတ်နှုတ်ကြည့်သည်။

” အင်စတီကျူးရှင်းများဆိုသည်မှာ ထာဝရမြဲမြံသော သဘောဆောင်သည်၊ ဆိုလိုသည်မှာ ခေါင်းဆောင်တစ်ဦး သို့ တည်းမဟုတ် လူပုဂ္ဂိုလ်တစ်ဦး မရှိတော့ သည်နှင့် အဆုံးသတ်သွားခြင်း မဟုတ်။ အင်စတီကျူးရှင်း တစ်ခုတွင် လူတို့၏ အပြုအမူများ (ရှင်းရှင်းဆိုရသော မတစ် ထောင်သားများ အပါအဝင် ဩဇာကြီး ခေါင်းဆောင်များ)ကို စည်းမျဉ်းဘောင် ချထားနိုင်သော စည်းကမ်းများ ရှိသည်။ ထို့အပြင်မက စည်းကမ်းဖြင့် လည်း အသက်ဝင် ထိန်းချုပ်နိုင်သည်” ၂ 

အရပ်စကားဖြင့် ပြန်ကြည့်မိသည်။

အင်စတီကျူးရှင်းများဆိုသည်မှာ လူ တစ်ဦးတစ်ယောက်တည်း အပေါ် မှီတည် နေခြင်း မရှိ၊ တစ်ဦးတစ်ယောက် မရှိ လည်း အလုပ်ဖြစ်နေသည်။ စည်းမျဉ်း ဥပဒေအထက်တွင် မည်သူမျှ မရှိ၊ မည် သည်ကမျှ စည်းမျဉ်း ဥပဒေကို ကျော်၍ မရ၊ တစ်ချက်လွတ်အမိန့်ထုတ်၍မရ။ ဘယ်သူလာလာ၊ မည်သူသွားသွား တည်မြဲနေသော စနစ်၊ အသင်းအပင်း အဖွဲ့အစည်းများ ဖြစ်သည်။
ဆရာကျော်ဝင်း၏ ဘာသာပြန်ချက် ကို ပြန်ကောက်ရပါက အဖွဲ့အစည်း ဘောင်သွင်းပြီးသား ဖြစ်သွားသဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ကျော်၍ မရတော့၊ သူမရှိလည်း ဖြစ်သွားသည်။ ယင်းသည် အင်စတီကျူးရှင်းများ ခိုင်မာ ခြင်း ဖြစ်သည်။

အချို့ နိုင်ငံရေးဆိုင်ရာ ဆောင်းပါး များတွင် ‘ လူ’  နှင့်  ‘ မူ ‘ ဟုလည်း ရေးကြ သည်။ မူကောင်း၊ စနစ်ကောင်းကို တည် ဆောက်ထားနိုင်သဖြင့်     လူသည် အရေး မကြီးတော့သည့် သဘောလည်း ဆောင် သည်။အချို့ ခေါင်းဆောင်မှုဆိုင်ရာ ဘာ သာရပ်ကို လေ့လာသော သုတေသီ တို့ ပြောသော စကားရှိသည်။

“တကယ့် ခေါင်းဆောင်တို့မည် သည်သူ မရှိလည်းဖြစ်အောင် လုပ် သည်”

တကယ့်ခေါင်းဆောင်တို့မှာ မူ ကောင်း၊ စနစ်ကောင်းကို တည်ဆောက် ထားခဲ့ပြီး သူမရှိလည်း ဖြစ်အောင် ကြံ ဆောင်ထားခဲ့သည်။

မြန်မာနိုင်ငံသည် ထိုသို့ မဟုတ် ခဲ့ပါ။ ဘယ်တုန်းကမျှ ထိုသို့ မဟုတ်ခဲ့ ပါ။
လွတ်လပ်ရေး အရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကိုပင် နှစ်ပေါင်း ၇၀ နီးပါး ရောက်သည်အထိ တသသ နေကြရတုန်းပင်။

သူရှိလျှင် ကောင်းမည် လုပ်နေရတုန်းပင်။ ခေါင်းဆောင်တို့က သူ့ကို ” မရှိမဖြစ်”  ဖြစ်အောင် တမင် လုပ်ခဲ့သည် မဟုတ်သော်ငြားလည်း ကံကြမ္မာက ထိုအတိုင်းပင် ဖြစ်လာသည်။လူတစ်ဦးတစ်ယောက်ကို  မလို တော့သော စနစ်ကို ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်း တည်ဆောက်၍ မရပါ၊ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း တည်ဆောက်၍ မရပါ။ခေါင်းဆောင်ကြီးတို့သည် အဓိက တာဝန်ရှိသည်မှာ မှန်သည်။ သို့သော် သူတို့နောက်တွင် ရှိနေသော နောက် လိုက်များမှ အစ လူတိုင်းတွင် တာဝန် ရှိပါသည်။
သဘောတရားအရ လူတိုင်းတွင် တာဝန်ရှိသည်ဆိုသော်လည်း လုပ်ပိုင်ခွင့် ရှိသော တကယ့်ခေါင်းဆောင်များ၊ သူတို့နှင့် အနီးကပ်နေသော ခေါင်းဆောင်လေးများ တွင် ပိုမို တာဝန်ရှိပါသည်။ မြန်မာ  နိုင်ငံ၏အရွေ့ကို တွန်းနေသော ဘက် ပေါင်းစုံမှ ခေါင်းဆောင်များတွင် တာဝန် ရှိသည်။ အမျိုးမျိုးသော ပါတီခေါင်း ဆောင်များသည် သော်လည်းကောင်း၊ ဌာနဆိုင်ရာ ခေါင်းဆောင်များသည် သော်လည်းကောင်း၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများသည် သော်လည်း ကောင်း၊ ဆွမ်းလောင်းအသင်း၊ သွေး လှူရှင် အသင်းများ သော်လည်းကောင်း တာဝန်ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်း ဆောင်များ ကျဆုံးချိန်တွင် Second line Leaders  ဟုခေါ်သော ချက်ချင်း အစားဝင်နိုင်သည့် ခေါင်းဆောင်များ အတော်အသင့် ချန်ထားခဲ့နိုင်သည်။ ယင်းကြောင့် ဦးနုက ဦးအောင်ဆန်းခြေရာ နင်းကာ အလျဉ် မပြတ် အလုပ်လုပ်ရင်း လွတ်လပ်ရေး အရယူခဲ့နိုင်သည်။ (နောက်ပိုင်း လွတ်လပ်ရေးရ တိုင်းပြည် ကို စနစ်ကောင်းဖြင့် မထူထောင်ခဲ့နိုင် သည်က တစ်ပိုင်း ဖြစ်သည်)

သို့သော် ယနေ့တွင် ဒေါ်အောင်ဆန်း စုကြည်ပြီးနောက် ချက်ချင်း (ချက်ချင်း) အစားဝင်စရာ ခေါင်းဆောင်များကို ရှာကြည့်ပါ။ ကိုယ်တိုင် မေးခွန်းထုတ်ပြီး ကိုယ်တိုင် အဖြေရှာကြည့်ပါ။

တိုင်းပြည်တည်ဆောက်ရေးသည် အင်စတီးကျူးရှင်းတည်ဆောက်ရေး ဖြစ် သည်။  လူပုဂ္ဂိုလ်တို့သည် ပျောက်ကွယ် အဆုံးသတ်သွားမည်ဖြစ်ပြီး အင်စတီကျူး ရှင်းများသည် ရှင်သန်ရပ်တည်နေရ မည်ဖြစ်သည်။ထိုကြောင့် လူပုဂ္ဂိုလ်ကို တည် ဆောက်မည်လော၊ အင်စတီးကျူးရှင်း များ၊ စနစ်များကို တည်ဆောက်မည်လော။

နယ်ဆင်မင်ဒဲလားသည် တောင် အာဖရိက ခေတ်သစ်လွတ်မြောက်ရေး၏ မီးရှုးတန်ဆောင် ဖြစ်ခဲ့သည်။ အကျဉ်း ထောင်အတွင်း နှစ်ဆယ်ချီထောင်သွင်း ခံရပြီးနောက် လွတ်မြောက်လာချိန်တွင် လူမျိုးစု အကွဲအကွဲ အပြားပြား ဖြစ်နေ သည့်အပြင် လူဖြူဆန့်ကျင်ရေးကြီးကြီး မားမား ဖြစ်ခဲ့သော    တောင်အာဖရိက နိုင်ငံကို ဦးဆောင်နိုင်ခဲ့သည်။

ယခု မင်ဒဲလားကွယ်လွန်ခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ မင်ဒဲလားတည် ထောင်ခဲ့သော အာဖရိကန် အမျိုးသား ကွန်ဂရက်ပါတီ (ANC) မှာ နာမည်ဆိုး ဖြင့် ကျော်ကြားလာသည်။ တောင် အာဖရိက၏ လက်ရှိ သမ္မတဂျက်ကော့ ဇူးမား (အာဖရိကန် အမျိုးသားကွန်ဂရက် ပါတီမှ ဖြစ်သည်)မှာ ခြစားမှုများဖြင့် အစွပ်စွဲခံရဖူးပြီး လူဖြူ လူမည်း ခွဲခြားမှု များအတွက် အဝေဖန်ခံနေရသည်။ တကယ်တော့ မင်ဒဲလား တည်ထောင်ခဲ့ သော ဗဃြ ပါတီမှာ လူဖြူလူမည်း ခွဲခြားမှု ဆန့်ကျင်ရေးပါတီ ဖြစ်သည်။
” ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ မင်ဒဲလားခေတ် ရှိခဲ့ပါတယ်။ တ ကယ့်ကို တကမ္ဘာလုံးအတွက် အလေး ထားဖွယ်ရာ သမိုင်းပေါ့” ဟု လက်ရှိ တောင်အာဖရိကနိုင်ငံ၏ အတိုက်အခံ ပါတီ ခေါင်းဆောင်က ဆိုသည်။

” ဒါပေမဲ့ အခုတောင်အာဖရိက အတွက် မေးခွန်းက အနာဂတ်ခရီးက ဘာလဲ ဆိုတာပါ”

တောင်အာဖရိက၏ သင်ခန်းစာ သည် စနစ်တစ်ခု၊ အင်စတီကျူးရှင်းတစ်ခု မရှင်သန်နေတော့သည့် ဖြစ်ရပ်မှန် ဇာတ် လမ်းတစ်ခုဖြစ်သည်။
တစ်ဦး တစ်ယောက်မရှိတော့သော် လည်း ဆက်လက်မောင်းနှင်နေနိုင်ရမည့် အင်စတီကျူးရှင်း ယိုယွင်းနေပြီဟူသော သတင်းစကားလည်း ဖြစ်သည်။ ထိုသို့ ဆိုပါက တောင်အာဖရိကသည်လည်း ကောင်း၊ ANC ပါတီသည်လည်း ကောင်း မင်ဒဲလားကို ဆက်လက် လိုအပ် နေဆဲလော။ သို့သော် မင်ဒဲလားက ငြိမ်း ချမ်းရာတွင် အနားယူနေလေပြီ။

ယင်းသည် ဒေါ်အောင်ဆန်းစုကြည် ပြောသော သူ့ကို မလိုတော့တဲ့ တစ်နေ့ ဟူသော အဓိပ္ပာယ်ကို ပိုလေးနက်စွာ နားလည်လာစေသည်။

ဒေါ်အောင်ဆန်းစုကြည်သည်သာ၊ ဒေါ်အောင်ဆန်းစုကြည်ရှိမှ ဖြစ်မည်၊ သူသာ အတော်ဆုံး၊ ကျန်သော သူများ ဖွဲနှင့် ဆန်ကွဲ စသည်တို့သည် မှန်ပါ သည်။ ယခုအချိန်တွင် မှန်ပါသည်။ သို့သော် သူမရှိတော့လျှင်ကော။ သူအနားယူမှ ဖြစ်တော့မည့် အချိန်ဆို လျှင်ကော။

နောက်တစ်ဆင့် ကျော်ကြည့်ဖို့ ဖြစ်သည်။ နောက်တစ်ဆင့် ဆင်ခြင်ဖို့ ဖြစ်သည်။ နောက်တစ်ဆင့် တည်ဆောက် ဖို့ ဖြစ်သည်။ ယင်းသည် တိုင်းပြည်တည် ဆောက်ရေးဖြစ်သည်။ထိုမှသာ ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးစွန် ရည်မှန်းချက်ဖြစ်သော သူ့ကို မလိုတော့သည့်အချိန်ကို အတူတကွ တည်ဆောက်ပေးရာရောက်မည် ဖြစ် သည်။တိုင်းပြည်တည်ဆောက်ပေးရာ ရောက်မည်ဖြစ်သည်။

 

1http://edition.cnn.com/videos/tv/2016/09/26/exp-gps-0925-aung-san-suu-kyi.cnn
2https://simple.wikipedia.org/wiki/Institution
3http://www.nytimes.com/2016/06/24/world/africa/seeking-to-define-the-post-mandela-south-africa.html?_r=0