စစ်ကြီးအပြီး အိမ်အပြန် အသိမ်းခံ မြေနှင့် တရားစွဲ ပုဒ်မများ စောင့်နေ

0
391

စစ်မက်မဖြစ်သလောက်ဖြစ်နေသည့် တနင်္သာရီတိုင်းရှိ နေရပ်ဌာနေရင်းသို့ ပြန်လာသော စစ်ဘေးရှောင် ပြည်သူများ ကို အသိမ်းခံမြေနှင့် တရားစွဲရန် ပုဒ်မများ က စောင့်ကြိုနေသည်။ယင်းကိစ္စကို ဖော်ထုတ်ပြောဆိုရန် တရားစွဲခံရသူ ဒေသခံတိုင်းရင်းသား ခြောက်ဦး မိုင်ရာချီဝေးသော ရန်ကုန်မြို့ သို့ ခရီးနှင်ခဲ့ကြသည်။


တနင်္သာရီတိုင်းနှင့် ထိုင်းနယ်စပ် တစ်လျှောက်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာ တပ်မ တော်တို့ နှစ်ပေါင်းများစွာ စစ်မက် ဖြစ်ပွားရာ နေရာအဖြစ် တည်ရှိခဲ့သည်။ဒေသခံ ထောင်ပေါင်းများစွာသည် ၎င်းတို့ ရပ်ရွာများကို စွန့်ခွာကာ ပြည် တွင်း စစ်ဘေးရှောင်သူများအနေဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ်တွင် ဒုက္ခ သည်များအဖြစ်လည်းကောင်း နေထိုင်ခဲ့ ရသည်။

 
KNU နှင့် မြန်မာတပ်တော်တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ခဲ့သည့် ၂၀၁၂ခုနှစ် နောက်ပိုင်း မူလ နေရာသို့ ပြန်လည် အခြေချသည့် ရပ်ရွာ ဒေသခံ ခေါင်းဆောင်များမှာ ပြန်နေစရာ မြေမရှိသည့်အပြင် တရားပင်အစွဲခံလိုက် ရသည်။မြိတ်မြို့နယ်ရှိ ဘန်းမဲ့နှင့် တုံးဗျော ကျေးရွာမှ ရပ်ရွာခေါင်းဆောင် ဒေသခံ နှစ်ဦးကို အေးရှားဝေါလ် ကုမ္ပဏီမှ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ၂၆ရက်တွင် တရားစွဲဆိုခဲ့သည်။ယင်းအပြင် ရေဖြူမြို့နယ် ကျေးဇူး တော်ကျေးရွာမှ ဒေသခံ၎ဦးကိုလည်း ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေပဒုမ္မာ ကုမ္ပဏီ က ယခုနှစ် စက်တင်ဘာလ၂၃ရက်တွင် တရားစွဲဆိုခဲ့ပြန်သည်။

 

” အခုလိုမျိုး တရားစွဲခံရတာတွေက နောက်ထပ် ပြန်လာမယ့်သူတွေအတွက် အဟန့်အတား ဖြစ်လာနိုင်တယ်။ ပြန် လာချင်တဲ့ သူတွေလည်း စဉ်းစား ကြမှာ ပေါ့ ” ဟု တနင်္သာရီမိတ်ဆွေများအဖွဲ့မှ နော်ပီသလောက ပြောသည်။တရားစွဲခံ ဒေသခံခြောက်ဦး၊ တနင်္သာရီမိတ်ဆွေများအဖွဲ့နှင့် မြိတ်ရှေ့ နေများကွန်ရက်တို့က ရန်ကုန်မြို့တွင် စက်တင်ဘာ လကုန်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ပြန်စရာ မြေမဲ့နေသည့်ကိစ္စကို ထုတ်ဖော်ပြောဆို ခဲ့ကြသည်။ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေ သည့် စစ်ဘေးရှောင်သူများ နေရပ် ပြန်ရေး စဉ်းစားရာတွင် ယင်းသို့သော တရားစွဲဆို ခံနေရမှုများကိုပါ ထည့်သွင်း စဉ်းစားရန် ဦးဆောင်သူများထံ စာပို့ထား ကြောင်း နော်ပီသလောက ဆိုသည်။

 
အေးရှားဝေါလ်ကုမ္ပဏီက မြိတ်မြို့ နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ဧက ၉၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်က လုပ်ကိုင် ခွင့်ရထားပြီး ယင်းဧရိယာအတွင်းကျရောက် နေသည့် ဘန်းမဲ့နှင့် တုံးဗျောကျေးရွာ တို့တွင် ပြန်လည် အခြေချနေထိုင်သူများအနက်   ခေါင်းဆောင်နှစ်ဦးကို ပိုင်နက် ကျူးလွန်မှုနှင့် အကျိုးဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရွှေပဒုမ္မာ ကုမ္ပဏီကမူ ရေဖြူမြို့ နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ၆၁၁ ဧကကို ၁၉၉၉ ခုနှစ်က လုပ်ကိုင်ခွင့်ရခဲ့သည့်အပြင် ၂၀၀၄ ခုနှစ်တွင်လည်း ဧက၁၂၀၀ကို ဆီအုန်းတိုးချဲ့ စိုက်ပျိုးရန် ကြိုတင်လုပ် ကိုင်ခွင့် ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

 
၂၀၀၄ ခုနှစ်တွင် ကြိုတင်လုပ်ကိုင် ခွင့် ရရှိခဲ့သည့် ဧက ၁၂၀၀ကို ၂၀၁၆ ခုနှစ်တွင်မှ ကလိန်အောင်မြို့နယ် မြေ စာရင်းဦးစီးမှူးက ကန့်ကွက်လိုက ကန့် ကွက်နိုင်ကြောင်း ကျေးရွာတွင် လာ ရောက်အကြောင်းကြားသည့်အတွက် ဒေသခံများက ကန့်ကွက်ခဲ့ဖူးသည်။
နေရပ်ပြန်သူများက ၎င်းတို့၏ မူလ ဥယျာဉ်ခြံနေရာများတွင် ဥယျာဉ် ခြံလုပ်ငန်း ပြန်လည်လုပ်ကိုင်သည်ကို ရွှေပဒုမ္မာကုမ္ပဏီက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ကုမ္ပဏီ အများအပြားမှာ ဆီအုန်း စိုက်ပျိုးရန်ဟုဆိုကာ တနင်္သာရီတိုင်း အတွင်းရှိ မြေဧက ရာချီမှ ထောင်ချီအထိ စစ်အစိုးရ လက်ထက်မှစ၍ ခေတ်အဆက် ဆက်ရယူထားသော်လည်း အမှန်တကယ် စိုက်ပျိုးသည့်ဧကမှာ အနည်းအကျဉ်း သာ ရှိသည်။

 
ယင်းကုမ္ပဏီ နှစ်ခုစလုံးသည် လုပ်ကိုင်ခွင့်ရထားသည့် ဧကအတိုင်း အမှန်တကယ် လုပ်ကိုင်ထားခြင်း မရှိ ကြောင်း နော်ပီသလောက ပြောသည်။” ကိုယ့်မြေတွေကို ပြန်လိုချင်တယ်။ ပြီးတော့ နောက်ထပ်ဝင်လာမယ့် ကျွန်တော် တို့ ဒုက္ခသည် ညီအစ်ကို မောင်နှမတွေကို ပြန်လာရင် ကျွန်တော်တို့လို မဖြစ်စေချင် ဘူး” ဟု ရွှေပဒုမ္မာ ကုမ္ပဏီ၏တရားစွဲဆို ခံထားရသော ကျေးဇူးတော်ရွာမှ စောရိုး လာက ပြောသည်။” ဒီလိုမဖြစ်အောင် အစိုးရအနေနဲ့ စနစ်တကျ လုပ်ပေးစေချင်တယ်”
စစ်ဘေးရှောင်စခန်းမှအပြန် ကျေးရွာ တွင် ပြန်လည်အခြေချကာစ ဖြစ်သည့် စစ်ဘေးရှောင်များတွင် သက်မွေးဝမ်း ကြောင်းအတွက် ရုန်းကန်နေရဆဲ ဖြစ် သည်။ ယခုကဲ့သို့ တရားစွဲဆိုလိုက် ခြင်းက တရားရုံးသွားရောက်ရန်ပင် အခက် အခဲရှိသည်ဟု စောရိုးလာက ဆိုသည်။

 
စိုက်ပျိုးရေး စီမံကိန်းများအား လုပ်ပိုင်ခွင့်ပြုထားသည့် နေရာများကို မူလနေထိုင်ခဲ့သည့် စစ်ဘေးရှောင်သူများ အရေးသည် တရားရေးနည်းလမ်းအရ ဖြေရှင်းရမည့် ကိစ္စမျိုးမဟုတ်ဘဲ နိုင်ငံ ရေးအရ ဖြေရှင်းရမည့် ကိစ္စဖြစ် ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန် နေကြသည်။” အဲလိုမျိုး (ပြန်လာမည့် စစ်ဘေး ရှောင်များအတွက် အဟန့်အတား ဖြစ်စေ နိုင်ခြင်း) ကိုတော့ အတတ်နိုင်ဆုံး မဖြစ် အောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်” ဟု မြိတ်ရှေ့နေများကွန်ရက်မှ စဧရာဝင်း က ပြောသည်။
စစ်ဘေးရှောင်နေရပ်ပြန်နိုင်မည့် အရေးကိစ္စနှင့် ပက်သက်၍ လက်ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာမက တပ်မဟာ ၄ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် ပိုင်းမှ တာဝန်ရှိသူများနှင့်ပါ ညှိနှိုင်း ဆွေးနွေးထားပြီးဖြစ်ကြောင်း စဧရာဝင်း က ဆိုသည်။

 
” ဒီလိုမျိုးကိစ္စတွေ နောက်ထပ် အလား သဏ္ဍာန်တူ မဖြစ်ဖို့နဲ့ အရှေ့က ကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေ အဖြေရှာ နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက JMC  ရဲ့ အဓိက အခန်းကဏ္ဍမှာ ပါနေလို့ပါ” ဟု ၎င်းက ဆိုသည်။စဧရာဝင်းသည် တနင်္သာရီတိုင်း ဒေသကြီး    အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။နေရပ်ပြန်သူများအတွက် မြေယာ နှင့်ပတ်သက်သည့် ပိုင်ဆိုင်ခွင့် လုပ် ပိုင်ခွင့် အထောက်အထားများ ထုတ် ပေးရန် လိုအပ်ပြီး ယင်းသို့ ထုတ်ပေး နိုင်ရန်အတွက် မကြာမီထွက်ရှိလာသည့် မြေယာမူဝါဒအပေါ်တွင် မူတည်သည်ဟု ၎င်းက ဆိုသည်။

 
ထိုကိစ္စများ ဖြေရှင်းရန် အစိုးရ အဆင့်ဆင့်တွင် အဖြေမရှိသေးပါ။နောက်ထပ် ထွက်လာမည့် မြေယာ ဥပဒေသစ်ကို စောင့်ရန်လိုကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
” အရင်ဥပဒေနဲ့ ရှင်းရင် အားလုံးက ရှုံးကုန်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။သို့သော် အရပ်ဖက် အဖွဲ့အစည်း များကမူ အမြန်ဆုံး ဖြေရှင်းရန် တောင်း ဆို နေကြသည်။

 
ကုမ္ပဏီများက နေရပ်ပြန်သူများကို တရားစွဲသည့်ကိစ္စကို ဖြေရှင်းရန် လက်ရှိ စိုက်ပျိုးရေးအတွက်ဟု ရယူထားသော မြေများ အမှန်တကယ် မြေပြင်တွင် စိုက်ပျိုးထားခြင်း ရှိမရှိကို အမြန်ဆုံး စိစစ်ဆောင်ရွက်သင့်ကြောင်း ၎င်းတို့က အစိုးရကို ထောက်ပြကြသည်။
တိုင်းအတွင်း လုပ်ကိုင်ခွင့်ရထားပြီး အမှန်တကယ် မစိုက်ပျိုးသည့် မြေဧက သုံးသိန်းကျော်ကို ပြန်လည်သိမ်းယူ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အစိုးရ အဖွဲ့က ပြောဆိုထားသည်။သို့သော် အသေးစိတ်အချက်အလက် များကို မသိရသေး။”တော်တော်များများက ဒီလို ပြဿ နာတွေရှိတယ်။ ချက်ချင်းကြီးတော့ဖြေ ရှင်းဖို့ လွယ်မှာမဟုတ်ဘူး” ဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။