တန်ပါရဲ့လား ညီငယ်. ညီမငယ်

0
712

ပြီးခဲ့တဲ့ စနေနေ့က မောင်းမကန် ကမ်းခြေက ဘန်ဂလိုတစ်ခုမှာ အမေရိ ကန်နိုင်ငံသူ ဆရာမတစ်ယောက်နဲ့ သုတေသန လုပ်ငန်းတွေအကြောင်း နာရီ ပေါင်းများစွာ ဆွေးနွေးနေခဲ့တယ်။မှတ်မှတ်ရရ အဲဒီနေ့ဟာ တက္ကသိုလ် စာမေးပွဲတွေ နောက်ဆုံး ဖြေဆိုတဲ့နေ့။


ဘန်ဂလိုရဲ့ ဧည့်ခန်းကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြတာဖြစ်တော့ အဝင်အထွက် ဧည့်သည် အားလုံးကို အတိုင်းသား   မြင်နေခဲ့ရတယ်။ ရေနွေးကြမ်းသောက်လိုက် အပြန် အလှန် ဆွေးနွေးလိုက်နဲ့ အချိန်က မနက် ၁၁ ကျော်နေပြီ။ အဲဒီမှာ ထူးခြားမှုကို စသတိထားမိတယ်။ စာမွေးပွဲ ဖြေပြီးချိန် လောက်ကနေစလို့ ဟိုတယ်ကို တဖွဲဖွဲ ရောက်ရှိလာတဲ့ စုံတွဲတွေပါ။ တက္ကသိုလ် ကျောင်းသားစုံတွဲတွေဆိုတာ မေးခွန်း ထုတ်စရာမလို၊ နှစ်ခါပြန်ကြည့်စရာ မလို။

 

အချိန် ၂ နာရီလောက် ခဏနေဖို့ အခန်းခ ဈေးညှိသံ၊ အခန်းလွတ်ရှိမရှိ စုံစမ်းသံတွေက ဧည့်ခန်းကွပ်ပျစ်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်တို့ မကြားချင်လည်း အတိုင်းသား။ ပျိုမျစ်နုနယ်သေးတဲ့ ကလေးသာသာ စုံတွဲတွေ အထူးသဖြင့် ကလေးမလေးတွေရဲ့ ရှိုးတိုးရှန်းတန့် မျက်နှာလေးတွေကို တမင်မကြည့်ဘဲ မြင်နေမိတယ်။ အခန်းလွတ် မရှိတော့လို့ ပြန်ထွက်သွားတဲ့ စုံတွဲတွေကို ထည့် မတွက်ရင်တောင် အခန်းထဲဝင်သွားတဲ့ လူငယ်စုံတွဲလေးတွေ ကိန်းဂဏန်းအတော် များများ။

should_it_be_al
အဲသည် စာမေးပွဲဖြေပြီးချိန်နဲ့ မရှေး မနှောင်း နာရီပိုင်းအတွင်းမှာပဲ ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာမှာ တက္ကသိုလ် ဆရာတစ်ယောက် တပည့်တွေအတွက် ရည်ရွယ်ပြီး ရေးသားလိုက်ဟန်တူတဲ့   ” စာမေးပွဲတွေ ပြီးပြီဆိုတော့ ဆိုင်ကယ်   ဖြည်းဖြည်း မောင်းကြပါ၊ အလည်မလွန် ကြစေနဲ” ဆိုတဲ့ စတေးတပ်လေးကို ဖတ်မိပြီး ပြုံးမိပါတယ်။ဆရာ့ရင်ထဲက စေတနာကိုလည်း အတိုင်းသား မြင်တွေ့ လေးစားမိတယ်။

 

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆိုင်ကယ်လုမှုတွေ၊ လူရိုက်မှုတွေကြောင့် တက္ကသိုလ်နောက်ဆုံးနှစ် တက်နေတဲ့ အိမ်က ညီအငယ်ဆုံးကို အမေက စိတ်ပူ လို့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး သတိပေး နေတယ်။ ထုံးစံအတိုင်း ဆိုင်ကယ်ဖြည်း ဖြည်းမောင်းဖို့၊ လူစိမ်းတွေကို လမ်းကြုံ မတင်ဖို့ပေါ့။

 
အခု ဘန်ဂလိုထဲကို နာရီအနည်းငယ် ခိုနားဖို့ ရောက်လာကြတဲ့စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် လူစိမ်းတွေ ဟုတ်ကြမယ် မထင်။ အလွန်ရင်းနှီးပြီး သား ဒါမှမဟုတ် အလွန်ရင်းနှီးဖို့ အလား အလာရှိနေတဲ့ လူငယ်စုံတွဲတွေ ဖြစ်မှာ မလွဲပါ။ အပေါ်က ဆရာသတိပေး ရေး သားလိုက်တဲ့ အလည်မလွန်ကြစေနဲ့ ဆိုတဲ့ စကားလေးကို ဆက်တွေးနေမိ တယ်။ အလည် လွန်တယ်ဆိုတာ ဘယ် လိုများပါလိမ့်။ တက္ကသိုလ်စာမေးပွဲ တွေပြီးလို့ မောင်းမကန် ကမ်းခြေကိုပဲ ဖြစ်ဖြစ်၊ တခြားတနေရာရာကိုပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ၊ ဆရာ^မတွေ ဒါမှ မဟုတ် သမီးရည်းစားစုံတွဲတွေပဲ ဖြစ်ပါ စေဦး လူမြင်ကွင်းမှာ လည်ကြ ပတ်ကြ ပျော်ကြ ပါးကြတာဟာ အလည်လွန် တယ်လို့ ဘယ်လိုမှပြောလို့ မရတာ အထူး ပြောနေဖို့ မလို။
မော်တော်ဆိုင်ကယ်တွေ ဘန်ဂလို ရှေ့မှာထိုးပြီး အလည်လွန်ဖို့ အခန်းထဲကို အသီးသီးဝင်သွားကြတဲ့ လူငယ်စုံတွဲ လေးတွေကို ကြည့်ပြီး ငါ့ညီလည်း သူ့ ကောင်မလေးနဲ့ ဒီဘန်ဂလိုကို ရောက် မလာဖို့ ဒါမှမဟုတ် အခြားဟိုတယ် (သို့ မဟုတ်) ဘန်ဂလို တခုခုကို သွားမနေဖို့ ဆုတောင်း ရတာပဲလို့ အမေရိကန် ဆရာမကို ပြောဖြစ်သေးတယ်။ (ညီက သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ကမ်းခြေကို ရောက်နေတယ်လို့ ဖုန်းဆက်ပါတယ်၊ သူမလိမ်လောက်ပါဘူးလို့ ယူဆပါတယ်)ဒီနေရာမှာ ဘန်ဂလိုပိုင်ရှင်တွေကို ဘာမှ မှတ်ချက်မပေးလိုပါ။ သူတို့ဟာ စီးပွားရေးလုပ်နေတာသာ ဖြစ်တယ်။

 

ဟိုတယ်ဖွင့်တယ်၊ ဘန်ဂလို ဖွင့်တယ်၊ ဧည့်သည်လာ တည်းတယ်၊ ပိုက်ဆံယူ တယ်၊ လူငယ်စုံတွဲလော-လူကြီး စုံတွဲ လော -ညလုံးပေါက်နေခြင်းလော  -အချိန် ပိုင်း နေခြင်းလော- ဘာမျှမသိချင်။ သူတို့လုပ်နေတာ စီးပွားရေး။ပြီးတော့ ဒီကနေ့လို ပွင့်လင်းလာ တဲ့ခေတ်မှာ ဟိုတယ်တို့ ဘန်ဂလို တို့ကို စုံတွဲတွေလာတာ ဘာမျှမဆန်း။ ဆန်းနေ တာက အဖြစ်အပျက်တွေကို ဆက်စပ် တွေးတောလေ့ရှိတဲ့ စာရေးသူ ကျွန်တော့် ဦးနှောက်ပါ။ ဦးနှောက်ဟာ အငြိမ်မနေ။ ဆိုက်ရောက်လာတဲ့ ဆိုင် ကယ်တွေပေါ်က ဆင်းပြီး အခန်းထဲကို ဝင်သွားတဲ့ကလေးမ တွေနဲ့ ကောင်လေး တွေအကြောင်းကို ဆက်တွေးတယ်။ ဘာတွေများ ဆက်ဖြစ် သည် မသိပေါ့။ မသိဆိုသော်ငြား အားလုံးကိုလည်း သိနေပြန်သည်။ တစ်ခု ရှင်းရှင်းကြီး သိသည်က သူတို့တွေဟာ အကြင်လင်မယားတွေ မဟုတ်။ အလွန် ဆုံး ရှိသုံးနှစ် သုံးမိုးတွဲဖူးတဲ့ သမီးရည်း စားတွေပေါ့။
တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားအရွယ်ဆိုတာ တကယ်တော့ အလွန်  နုနယ်ငယ်ရွယ် လွန်းသေးသည့်အရွယ်။   လောကကြီးအကြောင်း ထဲထဲဝင်ဝင် မသိသေး။ အပျံသင်စ ငှက်ငယ်လေး များ။ ခုတော့ အပြောကျယ်တဲ့ လောက အလယ် မပျံဝဲရခင်က အတောင်ကျိုးရ ပေတော့မည်။ နုနယ်ပျိုပျစ်သော အသွေး အသားတို့ နှစ်ဦးနှစ်ဖက် စတေးကြရ တော့မည်။ တန်ပါရဲ့လား ညီမငယ်။ တန်ပါရဲ့လား ညီငယ်။လူငယ်ဆိုတာ စူးစမ်းချင်တယ်။ မသိရသေးတာ သိချင်တယ်။ မလုပ်ဖူး သေးတာ လုပ်ချင်တယ်။ ဒါဟာ လူငယ့် သဘာဝ။ သို့ပေမယ့် တချို့ကိစ္စတွေဟာ အစမ်းလေ့ကျင့်ကြည့်လို့ ရကောင်းတဲ့ အရာတွေ မဟုတ်။ ဘ၀နဲ့ ရင်းလိုက်ရတာ မျိုးပေါ့။ ကျွန်တော်တို့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ ထူးခြားချက်ကလေး တချို့ ရှိပါတယ်။ ကလေးဘ၀မှာပဲ မိဘ ဆွေမျိုး ညီအစ်ကိုမောင်နှမတွေက ပွေ့ချီ တာ၊ ဖက်ရမ်းနမ်းရှုပ်တာမျိုး လုပ်တတ် တယ်။ အပျို လူပျိုတွေဖြစ်လာချိန်ဆို အမေအဖေကတောင် သိပ်မနမ်းတော့။ ငယ်ငယ်ကတည်းက အနမ်းခံခဲ့ရတာ ကလည်း ပါးနှစ်ဖက်မျှသာ။

 
အသစ်အဆန်းတွေကို စိတ်ဝင်စား တဲ့အရွယ်ရောက်လာတော့ သူစိမ်းတွေကို နမ်းချင်လာတာ၊ အပွေ့အဖက် လုပ်ချင် တာ အနမ်းခံချင်တာ အပွေ့အဖက် ခံချင် လာတာက သဘာဝ။ အတားအဆီးမရှိ သိရှိခွင့်ရနေတဲ့ အင်တာနက် ဝက်ဘ် ဆိုက်တွေ၊ လူမှုကွန်ယက်တွေကနေ တ ဆင့်တက်ပြီး ဖုန်းထဲကနေထွက် လူ့ လောကထဲမှာ လိင်ဆိုတာကို စမ်းသပ်ချင် လာကြတာ အပြစ်ပြောဆိုစရာတော့ မရှိ။ခေတ်ပေကိုး။

 
ဒီလိုနဲ့ ဆိုခဲ့ပြီးတဲ့အတိုင်း ဟိုတယ် နဲ့ တည်းခိုခန်းတွေ၊ တချို့ လူမသိ သူမသိနေရာတွေမှာ လိင်ဆိုတာကို အပျော်တမ်း စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်နဲ့ တူပါရဲ့။ တကယ်တော့ မျက်စိ ရှေ့နားက ဖြတ်သွားတဲ့ စုံတွဲလေးတွေရဲ့ မျက်လုံးတွေထဲမှာ အများစုက ဆုံးဖြတ် ပြီး ဟန်မတူ။ အသစ်အဆန်း တစ်ခုကို စူးစမ်းလိုခြင်းဆိုတဲ့ စိတ်တွေ လွှမ်းမိုး ထားတာပဲ သူတို့မျက်လုံးတွေမှာ ဖတ်မိ တယ်။ တချို့ကလည်း အတွေ့အကြုံရှိ ပြီးသား ဖြစ်တန်ကောင်းပါရဲ့။

 
ဒီနေရာမှာ အပျို လူပျို ဘ၀ကို တန်ဖိုးထားတဲ့ မြန်မာ့ လူနေမှုအသိုင်း အဝိုင်းနဲ့ ဘာသာတရားတွေရဲ့ အဆုံး အမတွေ အကြောင်းကို အကျယ်မဆွေး နွေးလို။ တချို့လူတွေအတွက် မိကျောင်း မင်းရေကင်းပြဖြစ်နေပြီး တချို့ အတွက် တော့ ကျွဲပါးစောင်းတီးသလို ဖြစ်နေမှာ မို့ပါ။အခန်းထဲဝင်သွားတဲ့ တက္ကသိုလ် ကျောင်းသား အရွယ်စုံတွဲလေးတွေ အကြောင်း အစ်မလိုခင်ရတဲ့ သမီးရှင် အမျိုးသမီး တစ်ယောက်နဲ့ ဆွေးနွေး ဖြစ်တယ်။” မိဘတွေကတော့ ရှိစုမဲ့စုရှာ ဖွေပြီး ထားရတာပဲလေ၊ မျက်စိရှေ့မှာ မဟုတ်တော့ သူတို့ပြောသမျှ ယုံရတာ ပါပဲ၊ ကျန်တာကတော့ ကံပဲပေါ့ ” ။

 
လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားခြင်းနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ ယုံကြည်မှုကို တလွဲအသုံးချခြင်းကို လူငယ်တွေအနေနဲ့ ခွဲခြား သိမြင် တတ်ဖို့ လိုပါမယ်။ အိမ်ထောင်မပြု ရသေးခင် လိင်ဆက်ဆံတာကို စာရေးသူ အနေနဲ့ လုံးဝကြီး ဆန့်ကျင်ကန့်ကွက် တာမျိုး မဟုတ်ပါ။သို့ပေမယ့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားအရွယ်လို စုံတွဲတွေမျိုးက လူဝင်လူထွက်များတဲ့ ဟိုတယ်လို နေရာ မျိုးမှာ နေ့ခင်းကြောင်တောင် အခန်းခ နာရီပိုင်းအတွက်ပေးပြီး အတူနေ ထိုင် တာမျိုးကတော့ ပြန်သုံးသပ်ရမယ့် အခြေအနေမျိုးပါ။
ညီငယ်လေးတွေ ကိုယ်နဲ့ အတူ လာတဲ့ ညီမငယ်ကို တကယ်ချစ်တာကော ဟုတ်ရဲ့လား။ ညီမငယ်တွေကရော ကိုယ့် ကောင်လေးက ကိုယ့်ကိုလက်ထပ်ဖို့ ဘယ်လောက်သေချာလို့ ဘ၀ကို ပုံပေး ရသလဲ။

 
နှစ်ယောက်စလုံး စဉ်းစားရမှာက မိသားစု။ ညီငယ်တွေ အိတ်ထဲက ထွက်သွားတဲ့ ဘန်ဂလို အခန်းခဟာ ငါ့ ညီတို့ ဖေဖေငါးဖမ်းပြီးရတဲ့ ပိုက်ဆံလား၊ မေမေတွေ ဈေးရောင်းပြီးရတဲ့ ပိုက်ဆံ လား၊ ဒါမှမဟုတ် တခြားနိုင်ငံမှာ အလုပ် သွားလုပ်ပြီး အိမ်ကိုပြန်ပို့လိုက်တဲ့ ပိုက် ဆံတွေလား။ အဲဒီထက် အရေးကြီးတာ ဆက်တွေးစေချင်တာက ကိုယ့်ချစ်သူ ကောင်မလေးကို တကယ်ချစ်တာ ဟုတ် ရဲ့လား။ ဒါမှမဟုတ် ကျောရရင် ပြီးရော လား။ ညီမငယ်တွေကကော ကိုယ့်မိသား စုရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ် မိနေပြီလား။ ကိုယ့်ရဲ့ အပျိုစင်ဘ၀ကို ဒီလိုပဲ လွယ်လွယ် ပေးလိုက်တော့မှာလား။

 
ကမ်းခြေမှာ လမ်းလျှောက်ကြရင်း အမေရိကန်သူဆရာမက လူငယ်စုံတွဲတွေ ကိစ္စ ဆက်ပြောသေးတယ်။မြန်မာပြည်ကို သူသိမီတဲ့ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွေကနေ ဒီကနေ့ ခေတ် အထိ အပြောင်းအလဲဆိုတဲ့အထဲမှာ လူငယ်တွေရဲ့ တွေးပုံခေါ်ပုံ၊ လူ့အဖွဲ့ အစည်းရဲ့ စံနှုန်းတွေအပေါ်တန်ဖိုးထားမှု တွေပါ အများကြီး ပြောင်းလဲသွားခဲ့ပြီတဲ့။သူကသူဖတ်ဖူးတဲ့ ကာတွန်းတစ် ကွက်အကြောင်း ဆက်ပြောတယ်။ အဲဒီအထဲမှာ အပြင်ထွက်ခါနီးလူငယ်စုံ တွဲကို အမေဖြစ်သူက ” သားတို့သမီးတို့ ဦးထုပ်ယူသွားကြရဲ့လား”  လို့ပြောပါ တယ်တဲ့။

 
” အမေလုပ်သူပြောတဲ့ ဦးထုပ်ဆိုတာ ကျွန်မကတော့ ကွန်ဒွန်လို့ နားလည် တယ် ”  လို့ အမေရိကန်သူက မှတ်ချက်ပြု ရင်း ရယ်လေရဲ့။
ဟိုတယ်အခန်းထဲရောက်နေတဲ့ လူ ငယ်စုံတွဲတွေ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ မေးခွန်းတွေကိုစဉ်းစားဖို့ အချိန်နှောင်း ခဲ့ပြီဖြစ်ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုး တွေကိုရှောင်နိုင်ဖို့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြပါစေလို့ပဲ ဆန္ဒပြုမိရင်း။