ဓာတ်ကျသည်ဟုဆိုကာ ခွင့်ပြု ချက်မရှိ ဘုရားတည်နေသည့် ရသေ့အား သတိပေး

0
465

လောင်းလုံးမြို့နယ်အတွင်း ခွင့်ပြု ချက်မရှိဘဲ ဘုရားစေတီတည်ခြင်းနှင့် သာသနာရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း စည်းလုံးမှု ပြိုကွဲ စေနိုင်သည့် ဟောပြောလုပ်ဆောင်မှုများ မပြုလုပ်ရန် ရသေ့တစ်ပါးအား ပြီးခဲ့ သည့်အပတ်က ဆရာတော် သံဃာတော် များက ဆုံးမသတိပေးခဲ့ကြောင်း လောင်းလုံး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


အဆိုပါ ရသေ့သည် ၂၀၁၅ ခုနှစ် က လောင်းလုံးမြို့နယ် ချောင်းဖျားကြီး ရွာ ပင်လယ်ကမ်းစပ် တောင်ပေါ်တွင် ၉ တောင်ပြည့် စေတီတစ်ဆူနှင့် တီဇစ် ကျေးရွာ ဖိုးလမော် ကမ်းခြေတို့တွင် စေတီတည်ခဲ့ပြီး ၎င်း၏ ဟောပြောမှု များကြောင့် ဒေသခံများကြားတွင် အချင်း ချင်း သဘောထား ကွဲလွဲပြီး စည်းလုံးမှု ပျက်ပြားမှုများ ရှိခဲ့သဖြင့် သက်ဆိုင်ရာ ဆရာတော်များက ခေါ်ယူကာ ဆုံးမ သတိပေးခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ ရုံးမှ သိရ သည်။

 
” တိုင်းထဲမှာ ဓာတ်ကျတယ်ဆိုပြီး ခွင့်ပြုချက်မရှိဘဲ ကိုးတောင်ပြည့် စေတီ တွေ လိုက်တည်နေတယ်လို့ ကြားတယ်၊ သူတည်တဲ့   နေရာတွေမှာ ရွာသားတွေ အုပ်စုကွဲလေ့ရှိပြီး လိုက်ဖြေရှင်း ညှိနှိုင်း ပေးနေရတာတွေရှိလို့ ကြားထားတယ်” ဟု လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်ဝင်းက ပြောသည်။
ရသေ့ကြီးအား တိုင်းသံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်အပါ အဝင် ဆရာတော် သံဃာတော် ၁၈ ပါး နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများက ခွင့်ပြုချက်မရှိဘဲ ဘုရား တည်ခြင်း မပြုလုပ်ရန်နှင့် ဗုဒ္ဓဘာသာဝင် အချင်းချင်း စည်းလုံးမှု ပြိုကွဲစေနိုင်သည့် ဟောပြောမှုများ မလုပ်ဆောင်ရန် သတိ ပေးဆုံးမခဲ့ကြောင်း သိရသည်။အဆိုပါ စည်းကမ်းချက်များကို မလိုက်နာပါက လောင်းလုံးမြို့နယ်အတွင်း သာသနာပြုလုပ်ငန်းများ လာရောက် လုပ်ကိုင်ခြင်း မပြုရန်နှင့် သာသနာရေး ဆိုင်ရာ အရေးယူမှုများ ဆောင်ရွက် သွားမည်ဟု သတိပေးခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။